ဇက်မျိုးဆက်များ (Generation Z)

0
174
Dawei Watch, Dawei News, Dawei News Media

ဇက်မျိုးဆက်များဆိုသည်မှာ Generation Z (Gen Z) များကို ခေါ်ဆိုခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် ယနေ့ခေတ်လူငယ်များကို ဇက် (Z) မျိုးဆက်များဟု ခေါ်ဆိုရမည်။ ၁၉၉၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း မွေးဖွားခဲ့သော မျိုးဆက်များကို ဇက်မျိုး ဆက်များဟုခေါ်သည်။ သူတို့အသက်တွေက ၂၀ ဝန်းကျင်အရွယ်တွေ ဖြစ်နေသည်။ အကြီးဆုံး ဇက်တွေပင် လုပ်ငန်း ခွင်ဝင်ရောက်သူတွေ ဖြစ်နေလောက်ပြီ။ တက်ကြွအားမာန်နှင့် စွမ်းအားပြည့် လူငယ်တွေကို ဇက်တွေဟုခေါ်ပါသည်။

အမေရိကန်ပြည်ထောင်စုမှာပင် ဇက်တွေ ၆၅ သန်းမျှရှိသည်။ နိုင်ငံလူဦး ရေ၏ လေးပုံတစ်ပုံခန့်ဖြစ်သည်။ လာမည့် ၂၀၂၀ ဆိုလျှင် ဇက်ဦးရေက စာသုံး သူအရေအတွက်၏ ၄၀ ရာခိုင်နှုန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

ဇက်တွေကို မည်သို့ပိုင်းခြားသတ် မှတ်နိုင်ပါသနည်း။ မီဒီယာများက ဇက်များကို (အာရုံစူးစိုက်မှု လျှော့နည်းလာသူ များ) အဖြစ် သတ်မှတ်ကြသည်။ ဆိုလို ချင်သည်မှာ တစ်ခုခုကို အချိန်အကြာ ကြီး အာရုံစိုက်ခြင်း၊ စိတ်စူးစိုက် နှစ်မြှုပ်ထားခြင်း အားနည်းလာသည့် မျိုးဆက်ဟု ဆိုလိုခြင်းဖြစ်သည်။ ဇက်များသည် (ဖုန်းမျက်နှာပြင်စွဲနေ သူများ) သို့မဟုတ် (ကွန်ပျူတာ မျက်နှာပြင်စွဲနေ သူများ) (Screen Addicts) အဖြစ် သတ်မှတ်ကြသည်။ သူတို့ပြောသော အချက်အလက်သည် မည်မျှမှန်ကန်နိုင် ပါသနည်း။

ဇက်တွေကို အာရုံစူးစိုက်မှု အားနည်းလာသူများ၊ တစ်ခုခုကို အချိန်ကြာမြင့်စွာ စူးစိုက်နိုင်စွမ်း မရှိသူများအဖြစ် ပြောဆိုခြင်းမှာ မမှန်ကန်နိုင်ပါ။ သူတို့သည် သူတို့အာရုံစိုက်သည့် အကြောင်းအရာများကို ရွေးချယ်ခွင့်များ နေသောကြောင့် ရွေးချယ်နေခြင်း ဖြစ်နိုင်ပါသည်။

စမ်းစစ်ချက်အရ လူငယ်တွေ၏ အာရုံစူးစိုက်နိုင်စွမ်းမှာ ၈ စက္ကန့်သာ ဖြစ်သည်။ သူတို့အကြာကြီး အချိန်ပေး ချင်စိတ်မရှိ။ အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက် သို့မဟုတ် သိလိုသည့် အကြောင်းအရာတွေကို သူတို့ အလျှံပယ်ရနိုင်သည်။ တစ်နည်းပြောရလျှင် သတင်းအချက်အလက် များကြားတွင် သူတို့ မွေးဖွားလာခဲ့ ကြရသူများဖြစ် နေသည်။ သူတို့သိချင်သည့်အကြောင်းအရာများကို အချိန်မရွေး၊ နေရာမရွေး ရနိုင်သည်။ ထို့ကြောင့် သူတို့အရေးကြီး တာလောက်ကိုပဲ ရွေးမည်။ သိချင်တာ လောက်ကိုပဲ ဖတ်မည် ဆိုခြင်းမှာ အဆန်းတော့မဟုတ်။ ဖတ်စရာ၊ သိစရာ နည်းပါးသည့်ခေတ်တွင် လူဖြစ်လာသူများ မဟုတ်ခြင်းကြောင့် ပေးသမျှနှင့် ရောင့်ရဲတင်းတိမ်နေမည့်သူများအဖြစ် ထင်မှတ်ယူဆရန် မဖြစ်နိုင်ပေ။

သူတို့တွင် လုပ်စရာတွေလည်းများသည်။ ထို့ကြောင့် ရုပ်ရှင်တစ်ကားကိုပင် တီဗီရှေ့တွင် ပြီးသည်အထိ ထိုင်ပြီး ကြည့်ချင်မှကြည့်မည်။ သို့သော် သူတို့ စိတ်ဝင်စားသည့် ဂိမ်းကိုတော့ မထတမ်း ဆော့ချင် ဆော့နေလိမ့်မည်။ ဇက်တို့သည် အွန်လိုင်းနှင့် အင်တာနက်ပေါ်တွင် အချိန်ကုန်လာသည်က များသည်။ ဆက်သွယ်ရေးစနစ်က ဖုန်းတွေပေါ်သို့ ရုပ်သံများဖြင့် ဆက်သွယ်နိုင်သည်အထိ တိုးတက်လာသည်။ သူတို့သိချင်သည် များကို YouTube ပေါ်တွင် ရနိုင်သည်။ ဆိုရှယ်မီဒီယာ Facebook လိုနေရာများတွင် သိချင်သည့်သတင်းများကို သိနိုင်သည်။ ပြောချင်သည့် သတင်းစကားတွေ ကိုပြောနိုင်သည်။ ကြည့်ချင်သည့် ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်နိုင်သည်။

သူတို့အတွက် သတင်းတွေက ခေါင်းစဉ်အလိုက် မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း ပြောင်းလဲပြီး တက်နေသည်။ သူတို့ စိတ်ဝင်စားလျှင် အဆုံးအထိဖတ်မည်။ စိတ်မဝင်စားလျှင် ကျော်သွားမည်။ တစ်နည်းအားဖြင့် ဇက်မျိုးဆက်တို့သည် ကျော်လွှား၊ ရွေးချယ်၊ ဘေးဖယ်တတ်သည့် စိတ်တွေများလာသည်။ ထို့ကြောင့် သူတို့ စိတ်ဝင်စားလောက်သည့် သတင်း အချက်လောက်ကိုသာ ပစ်မှတ်ထားရန် မီဒီယာတွေကလည်း ဖြုတ်ထုတ် ဖြတ်တွေ လုပ်လာကြသည်။

ဇက်မျိုးဆက်တွေက ဆိုရှယ် မီဒီယာတွေထဲတွင် အာရုံစူးစိုက်မှုများ လာသည်။ အင်တာနက်ခေတ်၊ ဆိုရှယ် မီဒီယာခေတ်ဖြစ်လာသောကြောင့် သူတို့တွင်ပိုင်ဆိုင်ထားသည့် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်များဖြင့် ကြိုက်လျှင် ဖတ်သည်၊ မကြိုက်လျှင် မဖတ်။ ထို့ အပြင် လွတ်လပ်စွာ ဝေဖန်ခွင့်များကို ကောင်းစွာ အသုံးချကြသည်။

ဇက်တွေထဲတွင် အက်တာနက်ကို အသုံးချပုံချင်း ကွဲပြားကြသည်။ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများကို စီးပွားရေး ဈေးကွက်ပုံစံနှင့် တွက်ပြီး အကျိုးရှိအောင် လုပ်ဆောင်သွားသူတွေရှိသည်။ ရလာသည့် အခွင့်အရေးအပေါ်တွင် အမြတ်ထုတ်နိုင်သူတွေက ချမ်းသာ ကုန်ပြီး၊ ဘာမှန်းမသိသူတွေက ယောင်တောင်တောင်ဖြစ်နေ သေးသည်။

ဇက်တို့သည် အွန်လိုင်းပေါ်တွင် အချိန်ကုန်သူတွေဖြစ်သည်။ ထို့ကြောင့် သူတို့ကို လူမှုရေး အားနည်း သည်ဟု ထင်ရန်အကြောင်းမရှိ။ သူတို့တွင် ဆိုရှယ်မီဒီယာတွေကရှိနေသည်။ သူငယ်ချင်း မိတ်ဆွေပေါင်းများစွာနှင့် နေ့စဉ်မပြတ် ဆက်သွယ်ပြီး သူတို့သိချင်တာတွေကို သိအောင်လုပ်နေကြသည်။

တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာ များကတစ်ဆင့် ပြဿနာကို နည်းနိုင် သမျှနည်းစေရန် ဖန်တီးနိုင်ကြောင်း ကောင်းကောင်း သိထားကြသည်။ ပြဿနာ တစ်ခုကို ကြီးအောင်လည်း လုပ်နိုင်ပါသည်။ သို့သော် သူတို့အချင်းချင်း ပြဿနာကို ထိန်းလိုက်ကြလိမ့်မည်။

တစ်နည်းပြောရလျှင် ဇက်တို့သည် ဆိုရှယ်မီဒီယာ စီမံခန့်ခွဲမှုသင်တန်းကို တက်ပြီးသူများဟုဆိုနိုင်သည်။ တစ်ယောက်တည်း ချွန်ထွက်လိုက်၍မရ။ မကောင်းမှုကို ကောင်းသည်ဟုလည်း ဇွတ်ငြင်း၍လည်းမရ။ ကောင်းမှုကို မကောင်းဟုပြောလည်း မရ။ သူတို့ အချင်းချင်း ဘာပြောသင့်သည်၊ ဘာလုပ် သင့်သည်ကို အဖွဲ့လိုက်၊ အုပ်စုလိုက် သဘောဖြင့် ထိန်းပြီးသားဖြစ်နေသည်။

ဇက်မျိုးဆက်နှင့် သူ့ရှေ့က (Millennials) မျိုးဆက်ကို ပြန်ပြီး ဆန်းစစ်ရာတွင် နည်းပညာ၌လည်း ဇက်တွေက သူတို့ရှေ့မျိုးဆက်လောက် စိတ်မဝင်စားကြောင်းတွေ့ရသည်။ သူတို့တွင် နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် သုံးစွဲနိုင်စွမ်းများကို ယခင်လူတွေထက် အခွင့်အရေးများစွာရကြသည်။ ဖန်တီးရန်ထက်၊ တစ်ခုမကောင်း တစ်ခု ပြောင်းပြီး သုံးစွဲရန်သာစိတ်ဝင်စား ကြသဖြင့် Millennials တွေလောက် တီထွင်ဖန်တီးချင်စိတ်မရှိဟု ဆိုရမည်။ (နည်းပညာသည် ကမ္ဘာကြီးရင်ဆိုင်ကြုံ တွေ့နေရသော ပြဿနာများကို ဖြေရှင်း ပေးနိုင်မည်လော)ဟု မျိုးဆက်နှစ် ဆက်အပေါ် မေးခွန်းထုတ် သုတေသန ပြုကြည့်ရာ Millennials တွေ ၃၆ ရာခိုင်နှုန်းက သဘောတူကြပြီး၊ ဇက်တွေက ၃၀ ရာခိုင်နှုန်းသာ သဘောတူသည်။

သို့သော် ဇက်တွေက လက်တွေ့ကျမှုကို ပိုပြီးအလေးထားသည်။ သူတို့က ငွေကြေးအခက်အခဲတွေ့မည်ကို ပိုကြောက်သည်။ စိတ်ကူးထက် လက်တွေ့ကို ပိုအားသန်သည်။ ထီထိုးခြင်းထက် အလုပ်ထွက်လုပ်မှ ဖြစ်မည်ကို ပိုပြီး နားလည်လာကြသည်။ သူတို့ ကိုယ့်ခွန် ကိုယ့်အားနှင့် အလုပ်လုပ်ပြီး ငွေရှာချင်သည်။ ဇက်များသည် Millennials တွေထက် စီးပွားပိုရှာချင်လာပြီး ကိုယ့်ဒူးကိုယ်ချွန်သူတွေ ဖြစ်လာသည်။

တင်ညွန့်