ဖေဖေမဖြေနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့မေးခွန်း

0
331
ဖေဖေမဖြေနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့မေးခွန်း

၁၉၈၈ ခုနှစ်ရဲ့ မနက်ခင်း တစ်ခုမှာ ကျွန်တော်ဟာ ဖေဖေ့ကို သံတိုင်တွေ နောက်မှာ သွားတွေ့ခဲ့ပါတယ်။ ရှစ်လေးလုံး အထွေထွေသပိတ်ကြီးရဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ဖေဖေ့ကို ဖမ်းဆီး ချုပ်နှောင်ခဲ့တာပါ။ ရဲစခန်းအချုပ်ထဲမှာ ဖေဖေဟာ သူ့ရဲ့ တည်ငြိမ်တဲ့အပြုံးနဲ့ ကျွန်တော့်ကို ကြိုဆိုခဲ့တယ်။ ကျွန်တော့်လက်ထဲမှာတော့ သူ့အတွက် နေ့လယ်စာ ထမင်းချိုင့် ပါပါတယ်။

အဲဒီအချိန်တုန်းကတော့ ကျွန်တော်ဟာ မြန်မာ့နိုင်ငံရေးရဲ့ အရေးအကြီးဆုံး သင်ခန်းစာတစ်ခုကို နားထောင်ခွင့်ရ တော့မယ်ဆိုတာကို မသိခဲ့ပါဘူး။ ကျွန်တော်က ဖေဖေ့ကို မေးခဲ့ပါတယ်။

“ခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာ က ဘယ်တော့ပြီးမယ်လို့ ဖေဖေထင်လဲ”
လူငယ်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ဖေဖေဟာ ပညာရှိသုခမိန်ပါပဲ။ သူဟာ မေးခွန်းတွေအတွက် အဖြေတွေရှိသူလို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။

သူခဏစဉ်းစားတယ်။ သူ့သား အငယ်ဆုံးကို လွဲမှားတဲ့ အဖြေတစ်ခု သူပေးလိုဟန်မရှိပါဘူး။ သူပြန်ဖြေပါတယ်။

“ဖေဖေ မပြောတတ်ဘူး။ တစ်နေ့ သားရဲ့ သားက ဒီမေးခွန်းကို မေးလာခဲ့ရင်သာ သားဖြေဖို့ ကြိုးစားတော့”

ကျွန်တော်က သူ့ရဲ့အဖြေကို သဘောမကျစွာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ လူငယ်ပီပီ မေးခွန်းရှိရင် အဖြေရှိရမယ်လို့ ခံယူခဲ့တဲ့အရွယ်ကိုး။

၁၉၆၂ စစ်အာဏာသိမ်းမှုကို ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ဖြတ်သန်းခဲ့တဲ့ ဖေဖေ့အတွက်တော့ သူတို့တုန်းက မပြီးပြတ်သေးတဲ့ တာဝန်တစ်ခုက ကျွန်တော်တို့ မျိုးဆက်ဆီကို ရောက်လာခဲ့ပြီလို့ တွေးနေကောင်း တွေးနေနိုင်ပါတယ်။

နှစ်တွေကြာလာတာနဲ့အမျှ ဘဝရဲ့ အချိုးအကွေ့မျိုးစုံကိုဖြတ်သန်းခဲ့ရပါတယ်။ သပိတ်မှောက် ကျောင်းသားဘဝ၊ ပညာသင်နှစ်တွေ တစ်ပိုင်းတစ်စ၊ ကုမ္ပဏီ ဝန်ထမ်းဘဝ၊ အယ်ဒီတာ၊ သတင်း စာဆရာ၊ စာရေးသူ…။ ဒါပေမဲ့ ဖေဖေ့ စကားကို ကျွန်တော်ဘယ်တော့မှမမေ့ ဘူး။ သူမဖြေနိုင်ခဲ့တဲ့ ကျွန်တော့်မေးခွန်း ကို ကြိမ်ဖန်များစွာ ကျွန်တော်ပြန်စဉ်းစား မိလေ့ရှိပါတယ်။

ဒီပြဿနာကြီးက ဘယ်တော့မှပြီး ဆုံးမှာလဲ။ ၂၀ဝ၅ ခုနှစ် သားလေးမွေးတဲ့ အခါ ဆေးရုံကို ဖေဖေလာကြည့်တော့ ကျွန်တော် စဉ်းစားမိခဲ့သေးတယ်။ “ကဲ… ခုတော့ မင်းမှာသားတစ်ယောက်ရပြီ။ သူတစ်နေ့ကြီးလာလို့ အဲဒီမေးခွန်းကို မေးရင် မင်းဖြေပေတော့” လို့ ဖေဖေ ကျွန်တော့်ကို ပြောမလား။

ဖေဖေက မပြောခဲ့ပါဘူး။ သူမှတ်မိမှာတောင် မဟုတ်ပါဘူး။ ကျွန်တော်ကသာ ဒီမေးခွန်းကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို တစ်ဘဝလုံးထမ်းရွက်မိခဲ့တာပါ။

၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတော့ ကျွန်တော့်သားက (၂)နှစ်သားအရွယ်။ မိုးရွာနေတဲ့ လမ်းမတွေအပေါ်မှာ ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံတွေ ရိုက်ရင်း အတွေးထဲမှာ သားတဖြည်းဖြည်းနဲ့ ကြီးလာတော့မယ်။ ဒီ မေးခွန်းကို သူဘယ်တော့ ကျွန်တော့်ကို မေးလာတော့ မလဲဆိုတာကို တွေးနေမိခဲ့တယ်။

၂၀ဝ၈ နာဂစ်မုန်တိုင်းတိုက်တော့ သား(၃)နှစ်၊ ၂၀၁၀ အထွေထွေရွေးကောက် ပွဲဖြစ်တော့ သူ (၅)နှစ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ သူ(၁၀)နှစ်။ သူ့မေးခွန်းတွေကို ကျွန်တော်ရင်ဆိုင်လာနေရပြီ။

နှစ်တွေကြာလာတာနဲ့အမျှ အဖေ့စကားဟာ ဘယ်လောက်အမြော်အမြင် ကြီးလဲဆိုတာကို ကျွန်တော် သိလာခဲ့ရပါတယ်။ ကျွန်တော့်ဆံပင်တွေ အဖြူရောင် ပြောင်းလာတယ်။ မှန်ကြည့်တဲ့အခါ အဖေနဲ့ ခပ်ဆင်ဆင်တူတဲ့ ပုံရိပ်ကို မြင်လာရတယ်။ အဖေ့လိုပဲ ကျွန်တော် မကြာခဏ မေ့တတ်လာတယ်။ အဖေ့လိုပဲ စာအုပ်နှစ်အုပ်၊ သုံးအုပ်ကို တစ်ပြိုင်နက် ဖတ်လေ့ရှိလာတယ်။ ပြီးတော့ အဖေ့လိုပဲ ကျွန်တော့်မှာလည်း တစ်ချိန် က ကိုယ်မေးခဲ့တဲ့ မေးခွန်းအတွက် အဖြေမရှိသေးပါဘူး။

ဒီပြဿနာကြီးဘယ်တော့ ပြီးမှာ လဲဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိခဲ့ပါဘူး။
သားက ဂိမ်းအရမ်းဆော့တယ်။ သူ့ဘဝကို စာလုံးနှစ်လုံးလောက်နဲ့ အနှစ်ချုပ်ရရင် “Sony P4 ဂိမ်းစက် နဲ့ youtube” လို့ ပြောရမယ်ထင်ပါတယ်။ အပြင်ထွက်တာထက် အခန်းတွင်းနေတာကို ပိုကြိုက်တယ်။ ခရီးထွက်တဲ့အခါ ဟိုတယ်အခန်းကို ဘယ်တော့ ပြန်မှာလဲလို့ တတွင်တွင် မေးလေ့ရှိတယ်။ အင်တာနက် ၁၀ မိနစ်လောက် ပြတ်သွားရင် နေစရာမရှိအောင် ဂနာမငြိမ်သူပါ။

သူငယ်ချင်းဟောင်းတွေ၊ မိတ်ဆွေတွေ ဆုံကြတဲ့အခါ မကြာခဏပြောဖြစ်ကြ၊ ကြားရ လေ့ရှိတာက “ကျွန်တော့် သမီးက စာသိပ်မဖတ်ဘူး” “ကျွန်မသား လည်းဂိမ်းပဲဆော့နေတာပဲ” ဆိုတာတွေ ပါပဲ။ တချို့မိတ်ဆွေတွေကလည်း “မင်းတို့ အရွယ်မှာ ဖေဖေတို့ တော်လှန်ရေး တောင်လုပ်နေပြီကွ” ဆိုပြီး မချင့်မရဲနဲ့ ညည်းညူကြတယ်။ အဲဒီလိုစကားဝိုင်းတွေနားမှာ နောက်မျိုးဆက်လူ ငယ်လေးတွေကတော့ ပျင်းရိစွာနဲ့ အားနာပါးနာ နားထောင်နေကြတာတွေ့ရတယ်။

Generation X ကို ကျွန်တော်တို့ နားလည်ကြရဲ့လားဆိုတာ သိပ်မသေချာပါ။ ကျွန်တော်ကတော့ သားကို စာဖတ်စေချင်ပေမယ့် သိပ်ဖိအားမပေး ဖြစ်ပါဘူး။ သူ့ရွေးချယ်ခွင့်ကို လေးစားလို့ပါပဲ။ အခု ၂၀၂၁ မှာတော့ သူ (၁၆)နှစ်ထဲကိုဝင်ပြီ။ ကမ္ဘာကြီးကို တရားမျှတမှု မှန်ပြောင်းက တစ်ဆင့်ရှုမြင်လာ တတ်ပြီ။ ဘိုင်ဒန်နဲ့ ကင်မလာဟားရစ် တို့ရဲ့ မဲတွေကို အွန်လိုင်းမှာ ရေတွက်နေခဲ့ပြီ။

သူတို့မျိုးဆက်က ကျွန်တော်တို့ မျိုးဆက်နဲ့ အတော်ကွာခြား တာတွေရှိပါတယ်။ ကျွန်တော်တို့ မျိုးဆက်လို လက်ဝဲဝါဒလှိုင်းမမူးဘူး။ သူတို့က ပိုပွင့်လင်းကြတယ်၊ လိင်စိတ်တိမ်းညွှတ်မှုကိုလည်း လူ့အခွင့်အရေးအဖြစ် ရှုမြင်ကြတယ်။ အသားအရောင်ခွဲခြားရေးကို ဆန့်ကျင်တယ်။ Privacy ကိုပိုမြတ်နိုးတယ်။

သူတို့ကြမ္မာကို သူတို့ဖန် တီးချင်ကြတယ်။ သူတို့လွတ်လပ်ခွင့်ကို ကာကွယ်ကြတယ်။ တီထွင်ဖန်တီးချင်ကြတယ်။

ဒီလ ဖေဖော်ဝါရီရဲ့ မနက်ခင်းတွေမှာတော့ မြန်မာလူငယ်တွေက ကမ္ဘာကြီးကို အံ့အားသင့် စေခဲ့ပါပြီ။ တစ်ဦးနဲ့ တစ်ဦးလက် သုံးချောင်းနဲ့ အလေးပြုပြီး အာဏာရှင်ခေါင်းတလားထဲကို နောက်ဆုံး သံမှိုကို ရိုက်ထည့်နေကြပါတယ်။

Generation Z ဟာ လူ့အဖွဲ့ အစည်းထဲက သူတို့နဲ့ ထိုက်တန်တဲ့ အခန်းကဏ္ဍကို တောင်းဆိုနေပါပြီ။ သူတို့ကို လျှော့တွက်ခဲ့တဲ့ အရင်မျိုးဆက်တွေ အားလုံးကို သူတို့ဘာလဲဆိုတာကို သက်သေပြလိုက်ပါပြီ။

ကျွန်တော် ထင်လာတာတော့ တစ်ချိန်က ဖေဖေ မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့ အဖြေကို ကျွန်တော်တို့ သိရတော့မယ် ထင်ပါရဲ့။

ဒီတစ်ခါ ဖေဖေ့ကို အိပ်မက်ထဲမှာ တွေ့ရတဲ့အခါ ကျွန်တော်ပြောပြ လိုက်မယ်။

“ဖေဖေရေ ဖေဖေ့ကို ကျွန်တော် မေးခဲ့တဲ့မေးခွန်းကို ကျွန်တော့်သားကို ဖြေစရာမလိုတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဆုံးဟာ ဘယ်တော့လဲဆိုတာ သူတို့ မျိုးဆက်က သိသွားကြပါပြီ ဖေဖေ”

ရဲမိုး