(ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၀)

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက် ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။

စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်း အချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။

ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။

၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။

ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၀

ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ နိဗ္ဗာန်လမ်းအတိုင်းချီတက်ပြီး ဗဟိုလမ်းဆုံအရောက်တွင် ဆန်းချီလမ်းဆုံဘက်သို့ ချီတက်သွားသည်။

စထွက်ထွက်ချင်းပင် ရဲတပ်ဖွဲ့ကားတစ်စီးက အရှေ့မှကန့်လန့်ခံ တားဆီးခဲ့သေးသော်လည်း ဆန္ဒပြသမားတို့က လွတ်နေသည့် လမ်းကြောင်းမှ ငြိမ်းချမ်းစွာဖြတ်သန်းသွားခဲ့ကြသည်။

ပင်မသပိတ်စစ်ကြောင်းက ဆန်းချီလမ်းဘက်သို့ ချီတက်သွားပြီး ယင်းမှ တစ်ဆင့် ကမြောကင်းလမ်းအတိုင်း ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် မယ်ဒီလန်းဆေးရုံဘေးလမ်းမှ ကမ်းနားလမ်းဘက်သို့ ဆက်လက်ချီတက်ကြသည်။

အစိုးရ စုပေါင်းရုံးဝင်းအတွင်း စစ်သားအချို့က ဆန္ဒပြသမားများကို ရပ်ကြည့်နေသည်ကိုတွေ့ရသည်။

ယင်းစုပေါင်းရုံးအနီးတွင် ဆန္ဒပြခေါင်းဆောင်အချို့က ခဏတာဟောပြောခဲ့ပြီး ကမ်းနားလမ်းဘက်ထွက်ကာ ကမ်းနားဈေး ဘက်သို့ဆက်လက်ချီတက်သွားခဲ့သည်။

ပင်မသပိတ်စစ်ကြောင်း ချီတက်နေချိန်တွင် ဥတ္တံတားကြီး လမ်းဆုံ၌ အခြားဆန္ဒပြစစ်ကြောင်းက ထိုင်သပိတ်ဆင်နွှဲနေပြီး အခြား စစ်ကြောင်းများကလည်း မိမိအစီအစဉ်ဖြင့် အသီးသီး လှည့်လည် ဆန္ဒပြနေကြသည်။