(မြိတ်သပိတ် သုံးရက်မြောက်နေ့ -ဖေဖော်ဝါရီ ၉ )

တပ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေနှင့် သိန်းချီ သည့်ပြည်သူလူထုနှင့်အတူ နိုင်ငံ့ဝန်ထမ်းများလည်း မြိတ်မြို့ ဖေဖော်ဝါရီ ၉ ရက်နေ့ သပိတ်တွင်ပါဝင်လာသည်။

မြိတ်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က လူထောင်ချီ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြရာမှ ဒုတိယနေ့တွင် လူသောင်းချီရှိခဲ့ပြီး ဖော်ဖော် ဝါရီ ၉ ရက်နေ့တွင်နိုင်ငံ့ဝန်ထမ်းများပါဝင်လာခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများထဲတွင် ရာပေါင်းများစွာပါဝင်သည့် ပညာရေး ဌာနမှ ကျောင်းဆရာ/ဆရာမများနှင့် အဖြူစိမ်းဝတ်ကျောင်းသား/ကျောင်းသူများ၊ ရာချီသည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာန များမှ အစိုးရဝန်ထမ်းများ၊ ရှေ့နေများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ ပါဝင်သည်။

မြိတ်သပိတ် သုံးရက်မြောက်နေ့- ဖေဖော်ဝါရီ ၉

ယင်းအပြင် ရဲဝန်ထမ်းတစ်ဦးသည်လည်း ဆန္ဒပြ ပြည်သူများ နှင့်အတူ ပူးပေါင်းခဲ့သည်။

အစိုးရဝန်ထမ်းများမှ “ရုံးမတက်နဲ့ ရုန်းထွက်” “စစ်အစိုးရ အလိုမရှိ” “အမေစုနှင့် ဖမ်းဆီးထားသူ အမြန်ဆုံးပြန်လွှတ်ပေ” “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” “ပြည်သူနဲ့အတူ တို့ပညာရေး မောင်နှမများ” စသည့် ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည်။

“ဘယ်သူ့ဝန်ထမ်း ပြည်သူဝန်ထမ်း”၊ “ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ”၊ “စစ်အာဏာရှင်အလိုမရှိ”၊ “အမေစု ကျန်းမာ ပါစေ” စသည့် ကြွေးကြော်သံများအော်ဟစ်ကာ ပြည်သူနှင့် အတူ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စီတန်းလမ်းလျှေက် ထုတ်ဖော်ပွဲကို နံက် ၈ နာရီမှစတင်ကာ အောင်မင်္ဂလာမီးပွိုင့်မှ စတင်ခဲ့ကြပြီး မြို့တစ်ပတ်ပတ်ခဲ့ကြကာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုရှေ့ ရောက်သည့်အချိန်အထိ လမ်းလျှောက်ချိန် ၃ နာရီကြာမြင့်ခဲ့သည်။

မြိတ်သပိတ် သုံးရက်မြောက်နေ့- ဖေဖော်ဝါရီ ၉

လမ်းတစ်လျှောက် ပြည်သူများမှလည်း လမ်းဘေးဝဲယာမှ လက်သုံးချောင်းထောင်ခြင်း၊ အော်ဟစ်အားပေးခြင်း၊ ရေသန့်ဘူး၊ စနိုးတာဝါများဝေငှခြင်းများ ပြုလုပ်ခဲ့ကြပြီး ဈေးသူဈေးသားများ ကလည်း ဈေးရောင်းရာမှ ထွက်ကာ ကြိုဆိုနုတ်ဆက်ခဲ့ကြသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ရှေ့တွင် ပြည်သူ၊ ကျောင်းသား ခေါင်းဆောင်၊ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ရှေ့နေ၊ မြေစာရင်းဝန်ထမ်း စသည့် ဌာနများမှ တစ်ဌာနလျှင် ဝန်ထမ်းတစ်ဦးစီ စစ်အစိုးရအလိုမရှိကြောင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေးနှင့် အမြန်ဆုံးလွှတ်တော်ပြန်ခေါ်ရေးတို့အား ကားအမိုးပေါ်သို့ တက်ရောက်ကာ တောင်းဆိုခဲ့ကြသည်။

ရဲဝန်ထမ်းတစ်ဦးကလည်း ရဲယူနီဖောင်းဝတ်လျှက် ကားအမိုး ပေါ်သို့ တက်ရောက်ကာ စစ်အာဏာရှင် အလိုမရှိကြောင်းနှင့် ပြည်သူ့ရဲများ ပြည်သူနှင့်အတူရပ်တည်ရန် စည်းရုံးဟောပြောခဲ့သည်။

“စစ်အာဏာရှင်စနစ်ကိုမလိုဘူး ပြည်သူနဲ့အတူရပ်တည်ဖို့ ယူနီဖောင်းအချွတ်ခံရဲတယ်။ ကျုပ်မိန်းမလည်းကျောင်းဆရာမပဲ” ဟုပြောသည့်အခါ ပြည်သူများမှလည်း “ပြည်သူ့ရဲ ပြည်သူ့ရဲ” ဟု သံပြိုင်အော်ကာ ထောက်ခံအားပေးခဲ့ကြသည်။

မြိတ်သပိတ် သုံးရက်မြောက်နေ့- ဖေဖော်ဝါရီ ၉

အသီးသီးဟောပြောခဲ့ကြပြီးနောက် ၁၂ နာရီကျော်ခန့်တွင် ဟောပြောခြင်း ရုပ်သိမ်းလိုက်ကြသည်။

ဆန္ဒထုတ်ဖော်ပွဲကို မြိတ်ခရိုင်အတွင်းရှိ မြို့နှင့်ရွာများမှလဲ ပြည်သူများလည်း လာရောက်ပူးပေါင်းခဲ့ကြကြောင်း ဦးဆောင်သူများ နှင့် ရွာသားများက ပြောပြသည်။

မြို့အဝင်တံတားများဖြစ်ကြသည့် ကျွဲကူးတံတားနှင့် ပသောင်း တံတားတို့တွင် အုပ်စုလိုက်ဖြတ်ကျော်ခွင့် မပေးကြောင်းနှင့် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦးနှုန်းသာ ဖြတ်သန်းခွင့် ပေးကြောင်း၊ ယင်းသို့ဖြတ်သန်းရာတွင်လည်း ဆိုင်ကယ်ဦးထုပ်၊ ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များပါမှ ဖြတ်ခွင့်ပြုကြောင်း လာရောက် ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ရွာသားများက ပြောပြသည်။ မြိတ်မြို့ အပြင်ဘက်မှ လာရောက် ဆန္ဒပြသူအချို့မှာ ဆန္ဒပြပွဲ ရက်မတိုင်မီ တစ်ရက်အလိုကတည်းက မြိတ်မြို့သို့ လာရောက်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲ ပထမနေ့ကစပြီး ယနေ့အထိ မြိတ်ခရိုင် အရေးပေါ် လူနာတင်ယာဉ်များက နောက်ဆုံးမှ လိုက်ပါကူညီခဲ့ကြသည်ကို တွေ့ရပြီး ယနေ့တွင်လည်း ပတ်ဝန်းကျင်နှောင့်ယှက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ အစမှအဆုံးထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့သည်။