မြိတ်သပိတ် ငါးရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၁

သုံးရက်တိုင်တိုင် စစ်အစိုးရအလိုမရှိကြောင်း လမ်းပေါ်ထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည့် ပြည်သူများ ဒီကနေ့တော့ ခြေကုန် လက်ပန်းကျကာ သိပ်ပြီးအင်အားမပြနိုင်ကြတော့ဟု ထင်ထားခဲ့သည်။

သို့သော် ယင်းအမြင်မှားမှန်း သပိတ်တပ်ကို မြင်မှ သိလိုက်ရသည်။

သပိတ်တပ်က ပြီးခဲ့သည့်တတိယရက်နှင့်မခြား။ လူအင်အား တောင့်တုန်း၊ တင်းတုန်း အခြေအနေတွင် ရှိနေသလို။

ကတ္တရာလမ်းပေါ်တစ်လှမ်းခြင်း တည်တည်ငြိမ်ငြိမ် ဖြတ်လျှောက်သွားသည့် ၎င်းတို့ခြေဖဝါး နုနုကြမ်းကြမ်းတွေက ယခင်နေ့များက အရှိန်အတိုင်း။ လုံးလုံးမှ လျော့ကျမသွားသေး။

မနေ့က ချီတက်ခဲ့သည့် စစ်ကြောင်းတစ်ခုနှစ်ခုက ယနေ့တွင် ဆက်မပါလာတော့။ ယင်းအစား သူတို့နေရာတွင် အားကောင်း မောင်းသန် ခြေတက်လူငယ် စစ်ကြောင်းများက အားသစ်လောင်းကာ အစားထိုးပါဝင်လာကြသည်။

မြိတ်သပိတ် ငါးရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၁

မနေ့က အသက်အရွယ်ဌာန စုံသော်လည်း ဒီကနေ့တော့ နှစ်ဆယ်မှ သုံးဆယ် သန်တုန်းမြန်တုန်း လူငယ်ခြေတက်တွေက အများဆုံး။

ဇေယျာသီရိဈေး စုရပ်မှချီတက်လာသည့် ၎င်းတို့ သပိတ်တပ်ကြီး နံက် ၉ နာရီခန့်တွင် မြို့သစ်တံတားဦးသို့ ရောက်ရှိလာကြသည်။

သုံးရက်တိုင်တိုင် အတားအဆီးမရှိ ဖြောင့်ဖြောင့်ဖြူးဖြူး သွားနေသည့် သပိတ်လမ်းကြောင်းကား ဒီနေ့သွားလို့မရတော့။

နောက်လယ်ရပ်ကွက်နှင့် မြို့သစ် ရပ်ကွက် ဆက်သွယ်ထားသည့် တံတားထိပ်တွင် ရဲတပ်ဖွဲ့အင်အား သုံးဆယ်ခန့်က ဒိုင်းလွှား လက်နက်ကိုယ်စီဖြင့် ပိတ်ဆို့ထားသည်။

၎င်းတို့ရှေ့တွင် သွပ်ဆူးကြိုးနှင့်လုပ်ထားသည့် ဘယ်ရီ နှစ်ဆက်ကာထားပြီး နောက်တွင်လည်း အဓိကရုဏ်းနှိမ်နှင်းရန် အထူးစပါယ်ရှယ် ပြုလုပ်ထားပုံရသည့် မီးသတ်ပိုက်နှင့် ရေကားကြီးက အဆင်သင့်။

မြိတ်သပိတ် ငါးရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၁

ပုဒ်မ ၁၄၄ ကလည်း မနေ့က စတင်ထုတ်ပြန်ထားသည်က ပူပူနွေးနွေး။

ကူညီပါရစေ ဆိုင်းဘုတ်ကြီးတပ်ကာ ပြည်သူ့ဂိတ်ရဲဟု အမည်ခံ ထားကြသူများက လက်နက်လည်းမပါ အကြမ်းလည်းမဖက်ကြဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည့် ပြည်သူများအား မည်ကဲ့သို့ သဘောထား လေမည်နည်း။

ခေါက်ရိုးကျိုးနေသည့် အတိတ်ကလမ်းဟောင်းကြီးအတိုင်း ပြန်သွားကြဦးမှာလား။
ပြည်သူ့ရဲများ ယခုချိန်ပြည်သူကို ဘယ်လိုတုံ့ပြန်တော့ မလဲ။

စသည့်အတွေးပေါင်းစုံနှင့် မျက်စိရှေ့ တွေ့နေရသည့် အနေအထားက ရင်တလှပ်လှပ် အသည်းတထိတ်ထိတ်။

သပိတ်တပ်ခေါင်းဆောင်တို့မှ ရှေ့သို့တိုးကပ်သွားကြပြီး ရဲဝန်ထမ်းများအား လမ်းဖွင့်ပေးရန်တောင်းဆိုကြသည်။

ရဲများက အထက်အမိန့်အရဟုဆိုကာ လုံးဝမဖွင့်ပေး။

သူတစ်ခွန်းငါတစ်ခွန်း အပြန်အလှန်ပြောဆိုနေခိုက်၊ ရဲတပ်သား တစ်ဦးနှင့် သပိတ်မှောက် တပ်သားတစ်ဦး အချေအတင်စကားများကာ ပဋိပက္ခဖြစ်ခဲ့သည်။
ယင်းနောက် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဖက်မှ တာဝန်ရှိသူတချို့ ရောက်ရှိလာကြပြီး တပ်ဦးခေါင်းဆောင်တချို့နှင့် ညှိနှိုင်းခဲ့ကြသည်။

သို့သော် သပိတ်တပ်အား ပိတ်ဆို့ရန် တာဝန်ပေးထားသည့် လမ်းကိုတော့ ဖြတ်သန်းခွင့်မပြု။ ယင်းကြောင့် သပိတ်တပ်အနေဖြင့် လမ်းကြားလေးမှ ဖြစ်သလို ဆက်လက်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သပိတ်တပ်ကြီးသည် တံတားဦးမှ တစ်ဆင့် အလယ်ကျွန်းနှင့် ကန်ခေါင်းရပ်ကွက်အားဖြတ်သန်းကာ မြစ်ငယ်ရပ်ရှိ ဗိုလ်ချုပ်မြင်းစီး ရုပ်ရှိရာသို့ ချီတက်ရန် ရည်ရွယ်ခဲ့ကြသည်။

သို့သော် မြင်းစီးရုပ် အနောက်ဖက်ဝင်ပေါက် မန္တလေးကျောင်း လမ်းဆုံတွင် အလားတူထပ်မံပိတ်ဆို့ လုံခြုံရေးချခဲ့သည့် မြင်ကွင်းကြောင့် သပိတ်တပ်ကြီးသည် ငြိမ်းချမ်းစွာဖြင့် ခရူတောလမ်း အတိုင်းသွားကာ ယင်းမှတစ်ဆင့် ကန်ဖျားမြေနီလမ်းရှိ မိုးလုံလေလုံ အားကစားရုံရှေ့တွင် တပ်အားရပ်နားကာ လူစုခွဲလိုက်ကြတော့သည်။

ပင်မ သပိတ်တပ်ကြီးအား အာဏာပိုင်များမှ သဲကြီးမဲကြီးပိတ်ဆို့ နေချိန်တွင် လူနှစ်ရာခန့်သာရှိသည့်တခြားသပိတ်စစ်ကြောင်းတစ်ခုက ယင်းပိတ်ဆို့မှုများမှ လွတ်မြောက်ကာ သာသာယာယာဖြင့် မြို့တစ်ပတ် ပတ်ခဲ့ကြပြီးဖြစ်သည်။

နှစ်နာရီအတွင်း မြို့ပတ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ် ရှေ့၎င်းတို့ ပြန်ရောက်သည့်အချိန်တွင်တော့ သွေးကြွနေသည့် သဏ္ဌာန်ရှိပြီး အသံများပို၍ မာထန်နေသည့် ထောင်ချီပြည်သူများက သူတို့နောက်တွင် လက်သီးလက်မောင်းတန်းကာ အော်ဟစ် ကြွေးကြော်လျက် လိုက်ပါလာကြပြီးဖြစ်သည်။