ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ဆိုင်းငံ့

0
169
Dawei Watch, Dawei News, Dawei News Media

တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းမည့် လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ညွှန်ကြားလာကြောင်း ထားဝယ်ခရိုင် အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။

ရပ်ကွက်အလိုက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ဆိုင်းငံ့ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဖြင့် ညွှန်ကြားလာကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

ယခင်က ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန် နေ့ရက်သတ်မှတ်ပြင်ဆင်ထားရာမှ ဖုန်းဖြင့်ညွှန်ကြားလာသည့်အတွက် ရွေးချယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း အထက်ပါအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းကဲ့သို့ ရပ်ဆိုင်းထားရန်သာ ပြောပြီး မည်ကဲ့သို့ ဆက်လုပ်မည်ကိုမူ ညွှန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

“ဘယ်လိုစီမံခန့်ခွဲမလဲတော့ မသိဘူး၊ ပြန်ပြီးပဲ ခန့်မလား အခြားလူကို ဆွဲခန့်မလားဆိုတာ အတိအကျမသိ ရသေးဘူးခင်ဗျား” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

ထားဝယ်မြို့နယ်အပြင် သရက် ချောင်းမြို့နယ်တွင်လည်း ယင်းကဲ့သို့ ရပ်ဆိုင်းထားရန် ဖုန်းဖြင့်ညွှန်ကြား လာသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး အချို့က ဆိုသည်။

လောင်းလုံးမြို့နယ်တွင်မူ ယင်းသို့ ညွှန်ကြားလာခြင်းမရှိသေးဘဲ ကြီးကြပ်ရေးအဖွဲ့ ဆက်လက်ရွေးချယ်ရန် ပြင်ဆင်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ရပ်ကျေးအချို့တွင်မူ ကြီးကြပ်ရေး အဖွဲ့များကို ရွေးချယ်ဖွဲ့စည်းထားကြပြီး ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် မေးမြန်းခွင့်မရခဲ့ပေ။