လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

0
752
လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် လေးရက်မြောက်ဆန္ဒပြပွဲတွင် လူသိန်းချီ ပါဝင်လာသည်။

စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထားဝယ်မြို့အတွင်းနေသူများသာမက အခြားမြို့နယ်များကပါ လာရောက်ပူးပေါင်းပြီး ဆန္ဒပြကြသည်။

ထိုကြောင့် နံနက်အစောပိုင်းကတည်းက စတင်ခဲ့သော သပိတ်စစ်ကြောင်း အသီးသီးသည် ယခင်နေ့များနှင့် မတူတော့ဘဲ ဆန္ဒပြစစ်ကြောင်းများစွာ ဖြစ်လာသည်။

ဆန္ဒပြသူများက “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ”၊ “ဒေါ်အောင်ဆန်းဆုကြည် အပါအဝင် ဖမ်းဆီးခံထားရ သူများ အမြန်ဆုံးပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးကြသည်။

လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

အဓိကစစ်ကြောင်းတွင် လူသောင်းချီဖြစ်လာပြီး ယနေ့နံနက်ပိုင်းတွင် လမ်းဆုံကြီးဘက်မှ တိုင်းအစိုးရအဖွဲ့ရုံးဘက်သို့ ချီတက်လာကြသည်။

ဆန္ဒပြစစ်ကြောင်းအား တိုင်းအစိုးရအဖွဲ့ရုံးအရှေ့မှ မဖြတ်သန်းနိုင်စေရန် အင်အားနှစ်ဆယ်ခန့်ရှိသည့် ရဲတပ်ဖွဲ့ကလည်း အာဇာနည်လမ်းပေါ်ရှိ မင်္ဂလာဈေးလမ်းထောင့်တွင် သံဆူးကြိုးတပ် ဘယ်ရီဂိတ်များချထားပြီး အခိုင်အမာ ပိတ်ထားလိုက်သည်။

သို့သော် ဆန္ဒပြစစ်ကြောင်းမှာ လမ်းကြောင်းမပြောင်းဘဲ တိုင်းအစိုးရအဖွဲ့ရုံးအရှေ့သို့ မဖြစ်မနေဖြတ်သန်းရန် ရည်မှန်းထားပုံရသည်။

ယင်းနေရာတွင်ပင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြစစ်ကြောင်း ထိပ်တိုက်တွေ့ကြပြီး ဖြတ်သန်းခွင့်ပြု/ မပြု အပြန်အလှန် ပြောဆိုနေကြသည်။

ထိုအချိန်တွင် ဆန္ဒပြသူများက “ပြည်သူ့ရဲ” ၊ “ပြည်သူ့ရဲ” ၊ “ပြည်သူ့ရဲ” ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြသည်။

လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

ငါးမိနစ်ခန့်အကြာတွင်မူ ဒုရဲမှူးအဆင့်ရှိ ရဲအရာရှိနှစ်ဦးက အချင်းချင်းတိုင်ပင်ပြီးနောက် ၎င်း၏အရာရှိထံ သတင်းပို့နေသည်ကို တွေ့ရသည်။

ဆန္ဒပြစစ်ကြောင်းဦးဆောင်သူအချို့ကလည်း ချထားသည့်ဘယ်ရီဂိတ်များကို အတင်းဖယ်ရှားပြီး ဆက်သွားမည့် အနေအထားဖြစ်လာသည်။

နောက်ဆုံးတွင် ရဲတပ်ဖွဲ့က လက်လျှော့လိုက်ပြီး တားဆီးထားသည့် ဘယ်ရီဂိတ်များအား ဖယ်ရှားပေးလိုက်သည်။

ရဲတပ်ဖွဲ့၏ ပိတ်ဆို့ထားမှုကို ကျော်ဖြတ်ပြီးနောက် တိုင်းအစိုးရအဖွဲ့ရုံးအရှေ့တွင် ခေတ္တစခန်းချကာ ထိုင်သပိတ်ဆင်နွှဲကြသည်။

ထိုအချိန်တွင် ဆန္ဒပြအင်အားမှာ ရုံးကြီးလမ်းဆုံမီးပွိုင့်မှ အာဇာနည်လမ်း တစ်လမ်းလုံးအပြည့်ဖြစ်လာသည်။

ထိုင်သပိတ်ဆင်နွှဲနေချိန်တွင် တိုင်းအစိုးရအဖွဲ့ရုံးအတွင်းရှိ ဂိတ်တွင် တာဝန်ချထားသည့် တပ်မတော်သားများကို မတွေ့ရတော့ဘဲ ရဲတပ်ဖွဲ့ဝင်များကိုသာ တွေ့ရသည်။

လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

ဆန္ဒပြခေါင်းဆောင်များက တစ်ယောက်တစ်လှည့်စီဟောပြောကြပြီး အချိန်အားဖြင့် တစ်နာရီခန့်ကြာချိန်တွင်မူ အာဇာနည်လမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ကြသည်။

ရှမ္မလည်ဆွဲလမ်းဆုံအရောက်တွင် ဆေးရုံလမ်းဘက်သို့ကွေ့ပြီး ဥတ္တံတားကြီးသို့ ဆက်လက်ချီတက်လာသည်။

ထိုအချိန်တွင် အခြားစစ်ကြောင်းတစ်ကြောင်းက ဥတ္တံတားကြီးလမ်းဆုံတွင် အဆင်သင့်ရောက်ရှိနေသည်။

အဓိကဆန္ဒပြစစ်ကြောင်းဥတ္တံတားကြီးလမ်းဆုံအရောက်တွင် စစ်ကြောင်းအားလုံးနီးပါး ပေါင်းစည်းသွားပြီး လူအင်အားသိန်းချီဖြစ်သွားခဲ့သည်။

ဥတ္တံတားကြီးလမ်းဆုံတွင် ဟောပြောနေချိန်တွင် ရေဖြူမြို့နယ် ဆိုင်းဘုတ်ကိုင်ထားသည့် ဆန္ဒပြစစ်ကြောင်းတစ်ကြောင်းက အလှသစ်ဈေးဝယ်စင်တာဘက်မှလာပြီး ပူးပေါင်းသည်ကို တွေ့ရသည်။

အဆိုပါလမ်းဆုံတွင် စစ်ကြောင်းအားလုံးပေါင်းမိချိန်တွင် မိနစ် ၃၀ ခန့်ဟောပြောပြီးနောက် အဓိကစစ်ကြောင်းက ရေးလမ်းအတိုင်းသွားပြီး ဆန်းချီရပ်ကွက်ဘက်ဆက်လက်ချီတက်သွားသည်။

ဥတ္တံကြီးလမ်းဆုံတွင် ဆန္ဒပြအဖွဲ့အချို့ကျန်နေခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ကြွေးကြော်နေကြသည်။

ထိုအချိန်တွင် နယ်အသီးသီးမှာ လာရောက်သည့် ဆန္ဒပြသူများလိုက်ပါလာသည့် ကားများက နိဗ္ဗာန်လမ်းတစ်လျှောက်တွင် တန်းစီရပ်နားထားပြီး လိုက်ပါလာသူများက ကားပေါ်မှကြွေးကြော်နေကြသည်။

အဓိကစစ်ကြောင်းက ထားဝယ်မြို့မြောက်ဘက် ဆန်းချီရပ်ကွက်ဘက်မှ ပတ်ပြီး ကမြောကင်းလမ်းအတိုင်း ဥတ္တံတားကြီးလမ်းဆုံဘက်သို့ ပြန်လာနေသည်။

ထိုနောက် ဆန္ဒပြစစ်ကြောင်းအားလုံးဥတ္တံတားကြီးလမ်းဆုံတွင် ပြန်စုပြီးနောက် ယနေ့အတွက် ဆန္ဒပြမှုကို ရပ်နားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီးနောက် ဆန္ဒပြသူအများစုက လူစုခွဲခဲ့ကြသော်လည်း အချို့ကမူ ဆက်ရပ်နေပြီး ကြွေးကြော်သံများကို ကြွေးကြော်နေသည်။

စစ်အာဏာသိမ်းပြီး လေးရက်မြောက်ဖြစ်သည့် ယနေ့ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က ပိတ်ပင်တားဆီးမှု တစ်ကြိမ်သာရှိခဲ့ပြီး နောက်ပိုင်းတွင် တားဆီးခြင်းမရှိတော့ပေ။

သို့သော် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးအဖွဲ့များကမူ ဆန္ဒပြလူအုပ်စုအကြားတွင် အများအပြားရှိနေပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနေသည်။

လူသိန်းချီလာသည့် ထားဝယ်ဆန္ဒပြပွဲ

ယခင်နေ့များက ဆန္ဒပြသူများကို လမ်းတစ်လျှောက် ရေသန့်ဘူးဝေသူအနည်းငယ်ရှိခဲ့ပြီး ယနေ့တွင်မူ ရေသန့်ဘူး၊ မုန့်၊ သံပုရာသီး စသည့်အစားအသောက် ဝေငှသူ များပြားခဲ့သည်။

ယင်းအပြင် ပလပ်စတစ်အမှိုက်နှင့် ရေသန့်ဗူးခွံများကို တာဝန်သိစွာ လိုက်ကောက်သူလည်း တွေ့ရသည်။

ဆန္ဒပြသူအချို့က မိသားစုအလိုက် လာကြပြီး ကလေးငယ်များလည်း ခေါ်ဆောင်လာကြသည်။

တပ်အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်မြို့အတွင်းသာမက တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း ဆန္ဒပြမှုများရှိသည်။

ကံပေါက်

နံနက် ၇ နာရီခန့်မှ ၉ နာရီကျော်အထိ ပြုလုပ်ခဲ့သည့် ရေဖြူမြို့နယ် ကံပေါက်ဒေသ ဆန္ဒပြပွဲတွင်လည်း လူထောင်ချီပါဝင်ခဲ့သည်။ မိချောင်းအိုင်တံတားမှစထွက်လာသော ဆန္ဒထုတ်ဖော်သူတို့သည် ကံပေါက်ရွာအတွင်း လှည့်လယ်ဆန္ဒထုတ်ဖော်ပြီးနောက် စက်ကုန်းဘော်လုံးကွင်းတွင် လူစုခွဲလိုက်သည်။

ယင်းနောက် အချို့မှာ ထားဝယ်မြို့မှ ဆန္ဒပြသူများနှင့်လာရောက်ပူးပေါင်းခဲ့ကြသည်။ ကံပေါက်ဒေသမှာကဲ့သို့ပင် ကလိန်အောင်မြို့တွင်လည်း ဆန္ဒထုတ်ဖော်သူများရှိသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဆန္ဒပြပွဲ

လောင်းလုံး

လောင်းလုံးမြို့နယ်အတွင်းတွင်မူ နီးစပ်ရာကျေးရွာများတွင် စုရပ်တစ်ခုသတ်မှတ်ပြီး လောင်းလုံးမြို့ပေါ် ဆန္ဒပြအုပ်စုနှင့် လာရောက်ပူးပေါင်းကြသည်။ လောင်းလုံးမြို့နယ်တွင် ဆန္ဒပြအုပ်စု နှစ်ခုဖြစ်နေသည်။

လောင်းလုံးမြို့တောင်ဘက်ရွာများက တစ်အုပ်စုနှင့် လောင်းလုံးမြို့ မြောက်ဘက်ကျေးရွာများက တစ်အုပ်စုဖြစ်သည်။

မြောက်ဘက်အုပ်စု စစ်ကြောင်းသည် လောင်းလုံးမြို့မှ ထားဝယ်မြို့သို့ ပထမဦးစွာ ချီတက်သွားခဲ့သည်။

လောင်းလုံးမြို့နယ် ဆန္ဒပြပွဲ

တောင်ဘက်အုပ်စုစစ်ကြောင်းက စစ်ပြဲကျေးရွာဘက်မှထွက်လာသော ဆန္ဒပြသမားများနှင့် ကျောက်နီမော်ဘက်မှ တက်လာသူများနှင့် ညင်းမောင်ကျေးရွာတွင် လာဆုံကြသည်။

ယင်းမှ တစ်ဆင့် လောင်းလုံးမြို့ပေါ်ရှိ လူအုပ်စုနှင့် ပူးပေါင်းမိသွားခဲ့ပြီး လူပေါင်းထောင်ချီရှိလာခဲ့သည်။

ယင်းဆန္ဒပြသမားများသည် အုန်သီးရုပ်လုံးဖြင့် ပုံဖော်ထားသည့် မြို့အဝင်ဆိုင်းဘုတ် နေရာအထိ ချီတက်လာခဲ့ကြသည်။ ယင်းနေရာအရောက်တွင် လူစုခွဲပြီး အချို့က ထားဝယ်မြို့ပေါ်အဖွဲ့များနှင့်လာပူပေါင်းကြသည်။ အချို့က လောင်းလုံးမြို့ဘက်သို့ လှည့်ပြန်သွားကြသည်။

လောင်းလုံးမြို့နယ် ဆန္ဒပြပွဲ
လောင်းလုံးမြို့နယ် ဆန္ဒပြပွဲ

သရက်ချောင်း

နံနက် ၈ နာရီခန့်မှစပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လူအများစုရုံးနေကြသည်။

သရက်ချောင်းမြို့နယ် ဆန္ဒပြပွဲ

မိနစ်သုံးဆယ်ခန့်အကြာတွင် လူဦးရေ ၁၀၀ ကျော်သည့် ဆန္ဒပြစစ်ကြောင်းသည် ကြွေးကြော်သံများနဲ့အတူ ဆိုင်ကယ်များဖြင့် သရက်ချောင်းမြို့ဘက်သို့ ချီတက်သွားကြသည်။ သရက်ချောင်းမြို့ မြိတ်လမ်းပေါ်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ဆယ်ဂဏန်းက လူစုခွဲရန် အော်လံဖြင့် အော်သော်လည်း ဆန္ဒပြသူများမှာ အတားအဆီးများဘေးရှိ လမ်းပေါ်မှ ငြိမ်းချမ်းစွာ ဖြတ်သန်းကာ ဆက်လက် ချီတက်သွားခဲ့ကြသည်။

ဆိုင်ကယ်အချို့မှာ ထားဝယ်မြို့ဘက်သို့ ဦးတည်မောင်းနှင်သွားသည်ကို တွေ့ရသည်။

သရက်ချောင်းမြို့နယ် ဆန္ဒပြပွဲ

အနယ်နယ်အရပ်အရပ်မှ လာရောက်ပူးပေါင်း ထားဝယ် သပိတ်စစ်ကြောင်းကို နေ့လယ်ပိုင်းတွင် ငြိမ်းချမ်းစွာ လူစုခွဲလိုက်သည်။

Dawei Watch သတင်းအဖွဲ့