သောင်းကျန်းမြေသယ်ကား ပြေးဆွဲခွင့်အချိန်ကန့်သတ်

0
622
သောင်းကျန်း မြေသယ်ယာဉ်များ

“ဘာမှထူးမလာပါဘူး။ ဒုံရင်း ဒုံရင်းတိုင်းပါပဲ”

အရှိန်ပြင်းမောင်းလေ့ရှိသည့် မြေသယ်ကားပြေးဆွဲသောအချိန်အား လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာအနီးတစ်ဝိုက်တွင် ကန့်သတ်လိုက်ကြောင်း လောင်းလုံးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

မြေသယ်ကား သွားလာခွင့်အား တစ်ရက်နှစ်ကြိမ်နှုန်းခွဲကာ အချိန်ကန့် သတ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ဌေးက ဆိုသည်။

နံနက်လေးနာရီမှ နံနက် ခုနစ်နာရီ ခွဲအထိ တစ်ကြိမ်နှင့် နေ့လယ် နှစ်နာရီခွဲမှ ညကိုးနာရီခွဲအထိ တစ်ကြိမ်နှုန်း သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ သောင်းကျန်းနေသည့်အတွက် ဒေသခံလေးဆယ်ကျော် လက်မှတ်ထိုးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားထားသည်။

ဝန်ကြီးချုပ်ထံ တိုင်ကြားပြီးနောက် ယင်းကဲ့သို့ အချိန်ကန့်သတ်လာခြင်း ဖြစ်သည်။
ဒေသခံများတိုင်ကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးတာဝန်ရှိသူ အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရပ်ကျေး တာဝန်ရှိသူများ၊ ဒေသခံများနှင့် မြေသယ်ကားယာဉ်မောင်းများက ညှိနှိုင်းသဘောတူခဲ့ကြကြောင်း အမှုဆောင် အရာရှိ ဦးကျော်ဌေးက ပြောသည်။

အချိန်ကန့်သတ်ချက်အပြင် သယ်လာသည့်မြေကြီးပေါ်တွင် တာလပတ် ဖုံးရန်၊ ဖြည်းဖြည်းမောင်းရန်အတွက်လည်း သဘောတူခဲ့ကြသည်ဟု ဆိုသည်။

“အဓိက ကတော့ စားသောက်ဆိုင်တွေ လမ်းဘေးဆိုင်တွေ ဖုန်မထအောင် ညှိနှိုင်းခဲ့ကြတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ညှိနှိုင်းပြီး ကန့်သတ်ချက်များဖြင့် ပြေးဆွဲစေသည်ဟု ဆိုသော်လည်း မြေပြင်တွင်မူ ယခင်အတိုင်းပင် သွားလာနေကြဆဲဖြစ်ကြောင်း သောကြာ ပြင်ကျေးရွာတွင် ဈေးရောင်းချနေသည့် ဒေါ်တင်စန်းက ဆိုသည်။

“ဘာမှထူးမလာပါဘူး။ ဒုံရင်း ဒုံရင်း တိုင်းပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်မူ မြေသယ်ကားများ အရှိန်ပြင်းစွာ မောင်းနှင်နေကြဆဲဖြစ်ပြီး ဖုန်မှုန့်များ ပျံ့လွင့်နေဆဲဖြစ်သည်။ သတ်မှတ်အချိန်ကျော်လွန်ပြေးဆွဲမှုများလည်း ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

စည်ပင်အမှုဆောင်အရာရှိကမူ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာစေရေးအတွက် စည်ပင် သာယာရေးအဖွဲ့၊ ယာဉ်ထိန်းရဲနှင့် ရပ်ကျေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

အဆိုပါနေရာတွင် မြေသယ်ယာဉ်များကို နံနက် လေးနာရီခွဲမှ နံနက် ခုနစ် နာရီခွဲအထိသာ မြေသယ်ခွင့်ပြုထားသော်လည်း နံနက် ရှစ်နာရီ လေးဆယ်မိနစ် အထိ သယ်ယူနေကြဆဲဖြစ်သည်။ နံနက်ပိုင်း လူအိပ်ချိန်သို့ ပြောင်းလဲလိုက်သဖြင့် အထူးသဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်မည်ကို ဒေသခံများ က စိုးရိမ်နေကြသည်။