မွန်တွင် သက်ငယ်မုဒိမ်းမှု အများဆုံး

0
651
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် သက်ငယ်မုဒိမ်းမှုများဖြစ်သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောကြားသည်။

ပြည်နယ်အတွင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှု များပြားလာပြီး သက်ငယ် မုဒိမ်းအများစုသည်လည်း အသက်မပြည့်ကြသူ အချင်းချင်း ကျူးလွန်မှုဖြစ်စဉ်က ပိုများကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“များသောအားဖြင့်တော့ ၁၈ နှစ် မပြည့်သေးတဲ့ သမီးရည်းစားစုံတွဲတွေ အချစ်နယ်ကျွံရာကနေ မိသားစုပါလာတာ။ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိမ်းမှုတွေ ဖြစ်တာများပါတယ်” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။

သက်ငယ်မုဒိမ်းကျူးလွန်သူတို့ သည် မိသားစုဝင်များနှင့် ဆွေမျိုးတော် စပ်သူတို့က အများစု ဖြစ်လေ့ရှိကြောင်း မွန်ပြည်နယ်အတွင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားလုပ်ကိုင်နေကြသည့် အဖွဲ့အစည်းတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် အထူးသဖြင့် ကိုဗစ်ကူးစက်ရောဂါဖြစ် ပွားနေသည့် ကာလတွင် သက်ငယ်မုဒိမ်းကျူးလွန်မှု ပို၍ဆိုးလာသည်ဟု မွန်ပြည်နယ်လုံး ဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် မုဒိမ်းမှု ၉၆ မှုဖြစ်ပွားခဲ့ပြီး ယင်းတွင် သက်ငယ်မုဒိမ်းမှု ၆၇ မှု ပါဝင်သည်။