အဂတိကော်မရှင်သို့ မမှန်မကန်တိုင်ကြားမှု တရားမစွဲဟု မြိတ်စည်ပင်ဥက္ကဋ္ဌ ဆို

0
178
Dawei Watch, Dawei News, Dawei News Media

မြိတ်မြိုနယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအား အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မမှန်မကန် တိုင်ကြားသူအား ပြန်လည် အရေးယူနိုင်သော်လည်း လစ်လျူရှုခဲ့ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။

ကန်ဖျားကုန်စိမ်းဈေး နေရာရွေ့ ပြောင်းခြင်း၊ လမ်းဘေးဈေးကောက်ခြင်း၊ ဆိပ်ငယ်ဈေး (တိုက်ဈေး) ပြင်ဆင်တည် ဆောက်ခြင်းနှင့် ကန်ခေါင်းရပ်ရှိမြနန္ဒာလမ်း ကိုယ်ထူ ကိုယ်ထလမ်းခင်းခြင်း တို့တွင် အဂတိကော်မရှင်သို့ တိုင်ကြားခံရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

“တိုင်လို့မမှန်ဘူးဆိုရင် ပြန်ပြီး တရားစွဲဆိုခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ရှေ့ဆက်ရမည့် လုပ်ငန်းများအတွက် နှောင့်နှေးကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပြန်လည်တရားစွဲဆိုခြင်း မပြုလုပ်ခဲ့ကြောင်း ဦးမြတ်ကိုကိုက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေ ရန်ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သည်ဟု သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်းဖြစ်သည်ဟု သော်လည်းကောင်း၊ မမှန်မကန် သတင်းပေး ပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အဂတိကော်မရှင်သို့ တိုင်ကြားထားသည့်အမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် ခုံရုံးဖွဲ့ပြီး မြိတ်တွင် လာရောက်စစ်ခဲ့ကြောင်း မြိတ်စည်ပင် ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။

တိုင်ကြားမှုများအနက် ဈေးကောက်လုပ်ငန်းမှာ စည်ပင်သာယာရေးအဖွဲ့နှင့်သာ သက်ဆိုင်ပြီး စည်ပင်ကော်မတီဥက္ကဋ္ဌအား တိုင်ကြားခြင်းမှာ နားလည်လွဲမှားမှု တချို့ရှိနေကြောင်း စည်ပင်ကော်မတီမှ သိရသည်။

မြင့်မိုရ်(မြိတ်)