ဘာကို ပိုပြီးတော့ တန်ဖိုးထားကြမလဲ

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြပုံခြင်းလည်း ကွာနိုင်တယ်။ တချို့က ငွေကြေးစည်းစိမ်ဥစ္စာ။ တချို့က မိမိရဲ့အလှ။ တချို့က အလုပ်။ တချို့က ရာထူးဂုဏ်သိမ်။ တချို့က မိသားစု။ တချို့က ပရဟိတအလုပ်။ တချို့က နိုင်ငံရေးအလုပ်။ စသဖြင့် တန်ဖိုးထားပုံခြင်း ကွဲပြားနေမှာပါ။

ကျွန်တော့်အသိ တက္ကသိုလ်ဆရာ တစ်ဦးနဲ့ စကားလက်ဆုံကျရင်း ရာထူးတိုး ကိစ္စအကြောင်း ရောက်သွားတယ်။ ကျွန်တော်နဲ့သက်တူရွယ်တူ မိတ်ဆွေ သူငယ်ချင်းတွေတောင် ဒေါက်တာဘွဲ့ တွေရပြီး တွဲဖက်ပါမောက္ခအဖြစ် ရာထူး တိုးသွားကြပါပြီ။ သို့ပေသိ ကျွန်တော့် အသိဆရာ ဒေါက်တာကြီးကတော့ ကထိက ဘဝနဲ့ပဲ ကျောက်ချနေနေတယ်။

ဆရာ့အနေနဲ့ ရာထူးတိုးမလျှောက်ခဲ့ဘူးဆိုတာလည်း ကျွန်တော်သိနေတယ်။ ဒါပေမဲ့ ဘာကြောင့် ရာထူးတိုးမလျှောက်တာလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါကြောင့် ဆရာ့ကို ကြုံ တုန်းမေးကြည့်ဖြစ်တယ်။ တက္ကသိုလ် ဆရာအလုပ်ကို စလုပ်လာကတည်းက ရာထူးကြီးကြီးမားမားရဖို့ မျှော်လင့်ပြီး ဝင်လုပ်ခဲ့တာ မဟုတ်ကြောင်း ဆရာက ပြောတယ်။ နောက်ပြီး ရာထူးတိုး လျှောက်ရင် ကျောင်းပြောင်း၊ နယ်ပြောင်း ရမှာကို သူမနှစ်သက်။

ဒီတစ်ချက်ကိုတော့ ကျွန်တော်တို့ အကြာကြီးဆွေးနွေးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ရာထူးတိုးစံသတ်မှတ်ချက်တွေ က အမျိုးမျိုးဖြစ်နေတယ်မဟုတ်လား။ ပညာရေးမှာဆိုလည်း အဆင့်မြင့်မှာရော၊ အခြေခံမှာပါ စံသတ်မှတ်ချက်တွေက အမျိုးမျိုးဖြစ်နေတယ်။ အငြင်းအခုံဖြစ် ကြရတဲ့အထိ မူဝါဒတွေက ရှုပ်ထွေးနေတယ်။ ဘယ်အချိန်ရောက်မှ တော်တည့် မှန်ကန်တဲ့ ရာထူးတိုးပုံစံမျိုးဖြစ်လာမလဲ မသိ။

နိုင်ငံတကာမှာတော့ ကျောင်းနဲ့ နေရာကိုဖော်ပြပြီး အလုပ်လျှောက်လွှာ ခေါ်တယ်။ အဲဒီရာထူးနေရာကို စိတ်ဝင်စားတဲ့၊ လုပ်နိုင်တဲ့ ဆရာကိုခန့်ကြတယ်။ အဲဒီနေရာနဲ့ကျောင်းမှာ နေနိုင်၊ လုပ်နိုင်တဲ့သူတွေ လျှောက်ကြပေါ့။ ဒါပေမဲ့ နိုင်ငံတကာက ရာထူးတိုးပေးတဲ့ပုံစံကိုတော့ ကျွန်တော်လက်လှမ်းမမီ။ မြန်မာနိုင်ငံက တက္ကသိုလ်တွေအနေနဲ့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကလွတ်ပြီး ကိုယ်ပိုင် စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရလာရင် အထက်ပါကိစ္စတွေက ပြေလည်သွား မယ်လို့ထင်ပါတယ်။

ဆရာ့အနေနဲ့ ရာထူးတိုးမလျှောက်ဖြစ်တဲ့ နောက်တစ်ချက်ရှိပါသေးတယ်။ အဲဒီအချက်ကို ကြားရချိန်မှာတော့ ကျွန်တော့်ကို အတော်လေး မှင်သက်မိသွားစေပါတယ်။ ကျွန်တော့်ကို အရှိုက်ထိစေပါတယ်။ အတွေးများစွာကိုလည်း ဖြစ်ပေါ်လာစေပါတယ်။

ဆရာ့အနေနဲ့ ရာထူးတိုးလျှောက်ရင် ကျိန်းသေပါမှာပါ။ ဆရာဟာ အသင်အပြလည်းကောင်းသလို လုပ်သက်လည်း အတော်လေးရနေပြီဖြစ်လို့ ကျွန်တော့အနေနဲ့ အခုလိုပြောခြင်းဖြစ်တယ်။ ဆရာ့အနေနဲ့ ရာထူးတိုးပါရင် မိသားစုကို ကျိန်းသေခွဲပြီးသွားရတော့ မှာပါ။ ဆရာ့အမျိုးသမီးကလည်း တက္ကသိုလ်ကဆရာမတစ်ဦးဖြစ်လို့ သူနဲ့အတူ ချက်ချင်းလိုက်နိုင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့မှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကလည်းရှိနေပြန်သေးတယ်။ ဆိုတော့ မိသားစုကိုခွဲပြီး ရာထူတိုးယူဖို့ဆိုတာ သူ့အတွက် မစဉ်းစားနိုင်။ တစ်နည်းအားဖြင့် မိသားစုတန်ဖိုးကို ရာထူးနဲ့မလဲနိုင်။ လဲဖို့လည်း သူစိတ်မကူးဖူး။ ရာထူး မတိုးလို့လည်း စိတ်မကောင်းလည်းဖြစ်မနေ။ ဒါပေမဲ့ နယ်ပြောင်း၊ တက္ကသိုလ်ပြောင်းမှ ရာထူးတိုးပေးမယ်ဆိုတဲ့အချက်ကိုတော့ သူသဘောမတွေ့။

မိသားစုဘဝနဲ့ ရာထူးကို သူအလဲ အထပ်မလုပ်နိုင်။ သူ့အတွက် ရာထူး ဆိုတာက သာမည။ မိသားစုဘဝသည်သာ အဓိက။ မိသားစုနဲ့အတူသိုက်သိုက် ဝန်းဝန်းရှိနေရခြင်းကို သူပိုမြတ်နိုး တန်ဖိုးထားတယ်။ ကိုဗစ်ကပ်ဘေးကြောင့် အိမ်မပြန်နိုင်ဘဲ ဖြစ်နေတဲ့ ဘဝတူဝန်ထမ်းတွေကိုကြည့်ပြီး သူ စိတ်မကောင်းဖြစ်နေမိတယ်။ သူ့အနေနဲ့ ထိုအခြေအနေမျိုးကို အဖြစ်မခံနိုင်။ ပြီးတော့ မြန်မာ့နိုင်ငံရေးအခြေအနေကိုလည်း သူစိတ်မချ။ မြန်မာ့နိုင်ငံရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုသလိုမျိုး ဖြစ်နေတယ်မဟုတ်လား။ ဆိုတော့ မိသားစုနဲ့ အတူတူရှိနေခြင်းလောက် စိတ်ချရတာ၊ စိတ်ကြည်နူးပျော်ရွှင်စရာကောင်းတာ မရှိဘူးလို့ သူ့အနေနဲ့ မှတ်ယူလိုက် ပါတော့တယ်။

လူလွတ်တစ်ယောက်အတွက် ဘာမှတွယ်တာစရာမရှိလို့ ရာထူး နောက်လိုက်တာ သင့်တော်ပါတယ်။ ဒါတောင်မှ သက်ကြီးရွယ်အိုမိဘတွေကို ပစ်ထားခဲ့ရသူတွေ ရှိနေနိုင်သေးတယ် မဟုတ်လား။

ဆရာ့ရဲ့တွေးခေါ်ယူဆချက်တွေက ကျွန်တော့အတွက် မိသားစုအပေါ်တန်ဖိုး ထားမှုကို အရင်ထက်ပိုပြီးတော့ လေးလေး နက်နက်ဖြစ်လာစေတယ်။ မိသားစုနဲ့ အတူနေရခြင်းရဲ့တန်ဖိုးကို ကျွန်တော် ပိုတွက်တတ်လာခဲ့တယ်။

ဒီနိုင်ငံမှာ ဆရာ့လိုပဲ မိသားစုဘဝကို ပိုတန်ဖိုးထားလို့ ရာထူးဂုဏ်သိမ် နောက်မလိုက်တော့ဘဲ ဥပေက္ခာပြုလိုက်ရတဲ့ ဝန်ထမ်းတွေ၊ မိသားစုတွေ ဘယ်လောက်များများ ရှိနေကြမလဲဆိုတာ ကျွန်တော် တွေးနေမိပြန်တယ်။ နယ်ပြောင်းမှ ရာထူးတိုးမယ်ဆိုတဲ့ ရာထူးတိုး မူဝါဒကြောင့် ရာထူးမယူတော့တဲ့ ဆရာ၊ ဆရာမတွေ ဘယ်လောက်များနေမလဲမသိ။ ခန့်ထားပေးမယ့် ရာထူးနေရာ မရှိတော့လို့ ပြောင်းရတာက ကိစ္စမရှိပေမယ့် ရာထူးနေရာရှိလျက်နဲ့ တိုးမပေးတာကိုတော့ စဉ်းစားမရဘူး။

တစ်ခုရှိတာက ဆရာ့အနေနဲ့ ရာထူး မယူလည်းရတဲ့အခြေအနေ၊ မိသားစုနဲ့ အတူနေလည်း အေးအေးဆေးဆေး ရပ်တည်နိုင်တဲ့ ဘဝအခြေအနေမျိုးကို ပိုင်ဆိုင်ထားလို့ သူ့အနေနဲ့မိသားစုနဲ့အတူနေပြီး ရာထူးတိုးမယူတော့ဖို့ ယတိပြတ်ဆုံးဖြတ်နိုင်တဲ့ စိတ်ခွန်အားရှိနေနိုင်တာလည်းဖြစ်နိုင်တယ်။

ဒါပေမယ့် တချို့သောမိသားစုတွေမှာတော့ မိသားစုနဲ့အတူ စည်းစည်း လုံးလုံးနေချင်ပေမယ့် ဘဝပေးအခြေအနေက မနေနိုင်တဲ့ဘဝမျိုး။ နောက်ပြီး ဒီမိသားစုဘဝကို မြှင့်တင်ပေးချင်လို့ မိသားစုနဲ့ ဥမကွဲသိုက်မပျက်နေချင်တဲ့ စိတ်ကို စတေးပြီး စွန့်ခွာထွက်သွားရသူတွေလည်း များစွာရှိနေဦးမှာ အမှန်ပါ။

ကျွန်တော်တို့လူ့အသိုင်းအဝိုင်းမှာ မိသားစုကိုတန်ဖိုးထားသူတွေရှိပေမယ့် အခြားတစ်ဖက်မှာတော့ မိသားစုဆိုတာ ဘာမှန်းကိုမသိလိုက်ရသူတွေလည်း ရှိနေပါသေးတယ်။ အထူးသဖြင့် စွန့်ပစ်ခံ ကလေးလေးတွေပါ။ စွန့်ပစ်ခံရတဲ့ ကလေးတွေမှာ အပြစ်လုံးဝမရှိလို့ ယတိပြတ် ပြောချင်တယ်။ သို့ပေသိနေရာမှား ပြီးဝင်စားမိတဲ့ အတိတ်ကံကတော့ အားနည်းချက်ရှိနေတော့တယ်။

မိမိရဲ့ရင်သွေးကို စွန့်ပစ်ရက်သူတွေရဲ့ မိသားစုဘဝအပေါ် တန်ဖိုးထား မှုသဘောထားကတော့ မေးခွန်းထုတ် စရာပါပဲ။ တိရစ္ဆာန်လေးတွေတောင်မှ ကိုယ့်ရင်သွေးတွေကို အသက်စွန့်ကာ ကာကွယ်တတ်ကြပေမယ့် လူသားတွေကတော့ ကိုယ့်သားသမီးကို ရက်ရက် စက်စက် စွန့်ပစ်ရက်ကြပေတယ်။

မိသားစုကို တန်ဖိုးထားတဲ့သူတစ်ယောက်နဲ့ စကားပြောပြီးအပြန်မှာပဲ မိသားစုဘဝကို၊ လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားသူတွေအကြောင်းကို ရင်နာစွာဖတ်ရပြန်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေအနေနဲ့ ကောက်ယူမွေးစားခဲ့ရတဲ့ ကလေး ပေါင်းအတော်များနေပါပြီ။ ဒါပေမယ့် ဒီတစ်ခေါက် ကောက်ယူမွေးစားခဲ့ရ တဲ့ကလေးလေးရဲ့ အဖြစ်ကတော့ ပိုပြီး တော့ စိတ်ထိခိုက်ကြေကွဲဖို့ ကောင်းနေပါတော့တယ်။ သူ့အနေနဲ့ ကိုယ်လက် အင်္ဂါပြည့်ပြည့်စုံစုံနဲ့ မွေးလာပေမယ့် လမ်းဘေးမှာ စွန့်ပစ်ခြင်းခံခဲ့ရလို့ ကိုယ်လက်အင်္ဂါမပြည့်စုံတော့တဲ့ဘဝကို ရောက်ခဲ့ရပြန်တယ်။

အတိတ်အကြောင်းကို အပြစ်ပုံ ချမယ်ဆို တာဝန်မယူဘဲ စွန့်ပစ်ခဲ့တဲ့ မိဘနှစ်ပါးက အပြစ်မရှိသလို ဖြစ် သွားနိုင်တာမို့ စွန့်ပစ်ရက်သူတွေကိုပဲ အပြစ်တင်ချင်တော့တယ်။ အရွယ် ရောက်ပြီးတဲ့ မိမိဘဝအဆင်ပြေဖို့ မွေးကင်းစကလေးလေးကို စွန့်ပစ်ရက် တာကတော့ ဘယ်လိုစိတ်အခံမျိုး လည်းဆိုတာ စဉ်းစားလို့မရနိုင်အောင် ပါပဲ။ သူတို့အတွက် လတ်တလော အဆင်ပြေမှုနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာမကျစေဖို့အတွက် မွေးကင်းစကလေးလေးတစ်ယောက်ရဲ့ အသက်ခန္ဓာနဲ့ အလဲအထပ် လုပ်ရက်ကြတာကိုတော့ အံ့သြလို့မဆုံး အောင်ပါပဲ။

အစွန့်ပစ်ခံရတဲ့ ကလေးလေးခမျာ ကြွက်ကိုက်ခံရလို့ နှာခေါင်းပျက်စီးသွား ခဲ့ရတယ်။ နောက်ပြီးတော့ လက်မလေး တစ်ချောင်းနဲ့ လက်ညှိုးလေးတစ်ချောင်းလဲ ပြတ်သွားခဲ့ရပါတယ်။ တစ်ကိုယ်လုံးမှာလည်း ပုရွက်ဆိတ်လို အင်းဆက် လေးတွေအကိုက်ခံရလို့ ဒဏ်ရာတွေက တစ်ကိုယ်လုံးအပြည့်။ လက်ရှိမှာ ကလေးလေးကို ဆေးရုံတင်ထားရတယ်။ အသက်တော့ ဆက်ရှင်ကောင်းပါရဲ့။

ဒီကလေးလေးဟာ မိဘကစွန့်ပစ်ခြင်းခံရလို့ ခံစားရမယ့် စိတ်ဒဏ်ရာတွေ အပြင်၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာပါရသွား တော့တယ်။ ဒီကလေးအနေနဲ့ ကိုယ်ပေါ် က ဒဏ်ရာတွေကိုမြင်တိုင်း စိတ်ဒဏ်ရာတွေက အသစ်သစ်ပြန်ဖြစ်နေမလား စိုးရိမ်နေမိတယ်။ သူ့ဘဝကိုသူ၊ သူ့ရဲ့ အဖြစ်ဆိုးကိုသူ လက်ခံနိုင်တဲ့စိတ် မြန်မြန်မွေးနိုင်ဖို့ကိုပဲ ဆုတောင်းပေးနေမိ တော့တယ်။

မေတ္တာတရားကြီးမား ပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေနေထိုင်တဲ့ မြန်မာနိုင်ငံဟာ ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီလား လို့တောင် တစ်ခါတစ်ခါ တွေးနေမိတော့တယ်။ လူတိုင်းမှာ၊ မိသားစုတိုင်းမှာ အကြောင်းတရားကိုယ်စီ၊ အခက်အခဲ ကိုယ်စီ ရှိနေနိုင်ပေမယ့် မွေးကင်းစ ကလေးလေးတွေကို သနားညှာတာမှု ကင်းစွာ၊ မေတ္တာတရားကင်းမဲ့စွာနဲ့ စွန့်ပစ်နေကြတာကိုတော့ လက်ခံလိုခြင်း အလျဉ်းမရှိပါဘူး။

စာဖတ်သူအပေါင်းလည်း ဘယ်လိုလောကဓံမျိုးနဲ့ပဲကြုံရပါစေ။ မိမိတို့ရဲ့မိသားစုဘဝလေးကိုတော့ တန်ဖိုးထားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရ ပါတယ်ခင်ဗျာ။

ဒါပေမဲ့ မိသားစုဘဝကိုမဟုတ်ဘဲ တစ်ခြားသောအရာတွေကို ပိုတန်ဖိုး ထားကြမယ်ဆိုလည်း သူ့တို့ရဲ့ရွေးချယ် ပိုင်ခွင့်ပဲမို့ ကျွန်တော်တို့အနေနဲ့ တားပိုင်ခွင့်မရှိဘူးပဲမဟုတ်လား. . .။

သန်းဇော်ဦး(ရလိုင်)