ဇီဝဇိုးငှက်သိုက်မွေးခွင့်ရအိမ် လေးရာကျော်ရှိ

0
527
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက် သိုက်မွေးမြူခွင့်ရသည့် နေအိမ် လေးရာ ကျော်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်မှု အလေ့အထရှိသည့် ဇီဝဇိုးငှက်များကို နေအိမ်များတွင် မွေးမြူပါက သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုရသည်။

အဆိုပါနေအိမ်များက ဇီဝဇိုးငှက် လာစေရန် ငှက်အော်သံအတု ထုတ်လွှင့်ကာ မွေးမြူကြသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ စာရင်းများအရ ဌာနနှင့် ချုပ်ဆိုထားသည့် စာချုပ် ၄၅၂ ခုရှိကြောင်း သစ်တောဦးစီးဌာန စာရင်းအရ သိရသည်။

အဆိုပါ ငှက်သိုက်မွေးမြူခွင့်စာ ချုပ်ချုပ်ပြီးပါက သက်ဆိုင်ရာ အခွန်အခများကို အစိုးရထံပေးသွင်းရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင် မောင်အေးက ဆိုသည်။

“ငှက်သိုက်ထွက်တဲ့အပေါ်မှာ မူတည်ပြီးတော့ (ဒေသပေါက်ဈေး) ဆယ်ရာခိုင်နှုန်းပဲ အခွန်ကောက်တယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။

လက်ရှိတွင် ငှက်သိုက်မွေးမြူခွင့် စာချုပ်လျှောက်ထားသူ အရေအတွက် ၄၀ဝ နီးပါးရှိနေသေးပြီး လုပ်ငန်းရှင်များကို အကြောင်းကြားထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စာချုပ်တွင် ဇီဝဇိုးငှက် သားပေါက်ရာသီဖြစ်သည့် မတ်လနှင့် ဇွန်လတွင် ငှက်သိုက်ထုတ်ယူခြင်းမပြု ရန်၊ ငှက်သိုက်အရွယ်အစားကို တစ်လက် မခွဲကျော်မှသာ ထုတ်ယူရန်အစရှိသည့် စည်းကမ်းချက် ၁၂ ချက်ပါဝင်ပြီး စာချုပ်သက်တမ်းက ငှက်မွေးမြူနေ သရွေ့ တည်မြဲနေမည်ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ငှက်သိုက်ဝယ်လိုအားကျဆင်းနေသည့်အတွက် ငှက်သိုက်လုပ်ငန်းရှင်အချို့က ငှက်သိုက်ထုတ်လုပ်ခြင်း မရှိကြပေ။

ဇီဝဇိုးငှက်များ အန်ရာမှ ဖြစ်လာသည့် အန်ဖတ်များကို အသုံးပြုကာ အသိုက်များပြုလုပ်ကြခြင်းဖြစ်ပြီး အဆိုပါ အသိုက်ကို လူတို့က ဆေးဖက်ဝင် ငှက်သိုက်အဖြစ်ရယူသုံးစွဲကြခြင်းဖြစ်သည်။

စာချုပ် ချုပ်ဆိုထားပြီး ထွက်ရှိလာသည့် ငှက်သိုက်ကို စီးပွားဖြစ်သယ်ယူ ရောင်းချမည်ဆိုပါက မျှောစာ၊ ဘီလ် အစရှိသည့် လိုအပ်သည့် အချက်အလက်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်း ဌာနထံမှ သိရသည်။