တနင်္သာရီတိုင်းရှိ ကမ်းခြေအားလုံး ရက်ပိုင်းအတွင်း ပြန်ဖွင့်မည်

0
669

Dawei Watch၊ ဇန်နဝါရီ ၂၂

မောင်းမကန်ကမ်းခြေအပါအဝင် တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို ရက်ပိုင်းအတွင်းပြန်ဖွင့်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ကိုဗစ်ကပ်ဘေးကြောင့် ကမ်းခြေများကို ပိတ်ထားရာမှ  ပိုးတွေ့နှုန်း ကျဆင်းလာခြင်း အပါအဝင် အခြားအကြောင်းအရာများကြောင့် ကမ်းခြေလည်ပတ်ခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပိုးတွေ့တဲ့ပမာဏ များလာရင် များလာသလို ပြန်ပြီးတော့ တင်းကြပ်တာတို့၊ ကြပ်မတ်တာတို့ လုပ်ကောင်းလုပ်နိုင်တယ်၊ အခုက ပိုးတွေ့တဲ့ပမာဏနည်းလာလို့ နည်းလာတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဖြေလျော့တဲ့ဟာတွေ တဖြည်းဖြည်းရှိနိုင်ပါတယ်” ဟု ဦးမြင့်မောင်က ပြောသည်။

ကမ်းခြေလည်ပတ်ခွင့်ပြုပြီးပါက မောင်းမကန်ကမ်းခြေရှိ ဆိုင်ခန်းများကိုလည်း သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် A အဆင့်ရှိ ဆိုင်များကို ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မောင်းမကန်ကမ်းခြေ အပါအဝင် ကမ်းခြေများလည်ပတ်ခွင့်ပြုမည့် ကြေညာချက်အား မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း အထက်ပါကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဇန်နဝါရီ ၂၂ ရက်နေ့က ပြောကြားသည်။

“ဒီနေ့ သို့မဟုတ် မနက်ဖြန်လောက်ဆိုရင် ထုတ်ပြန်နိုင်မယ်လို့တော့ မှန်းထားတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိခွင့်ပြုရန်စီစဉ်နေသည့် အစီအစဉ်တွင် ပင်လယ်အတွင်းရှိ ကျွန်းများ မပါဝင်သေးဘဲ နောက်ပိုင်းတွင် ခွင့်ပြုမည့် အနေအထားရှိကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ကမ်းခြေများ ပိတ်ထားချိန်က မောင်းမကန်ကမ်းခြေသို့ လည်ပတ်မှု မရှိသလောက်နည်းပါးသော်လည်း အခြားကမ်းခြေများတွင် လည်ပတ်သူများနှင့် စည်ကားနေလေ့ရှိသည်။

Dawei Watch