လူခိုးသယ်သည်ဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအား သဘာဝဘေးဥပဒေဖြင့် တရားစွဲရန် ညွှန်ကြား

0
142
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်လေးကြောင့် ရန်ကုန်တွင် ပိတ်မိနေသူများအား လူခိုးသယ် သည်ဆိုသည့် ထားဝယ်မြို့၊ ဒေါင်းငူရပ် ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်အား သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူရန်ညွှန်ကြားလိုက်ကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ဆန်းဝင်းက ပြောသည်။

လူခိုးသယ်သည့်အတွက် မူလက အုပ်ချုပ်ရေးမှူးဦးစိုးထိုက်အား တာဝန်မှ ရပ်စဲပြီး ၎င်း၏ မော်တော်ယာဉ်ကို မောင်းနှင်ပေးခဲ့သည့် ယာဉ်မောင်း ကိုအောင်ခိုင်လွင်(ခ) ကိုဆံရှည်တစ်ဦးတည်းကိုသာ သဘာဝဘေးဥပဒေဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးထားသည်။

လူခိုးသယ်သည့်အမှု ယာဉ်မောင်းမိသားစုကို ငွေပေးမည်ဟု အုပ်ချုပ်ရေးမှူးဟောင်း ကမ်းလှမ်း

ထိုနောက် အုပ်ချုပ်ရေးမှူးဟောင်းမှ ယာဉ်မောင်းဖြစ်သူ ကိုဆံရှည်၏ မိသားစုဝင်များထံ သွားရောက်ပြီး ငွေ ကျပ်သိန်း ၅၀ ပေးမည်ဟု ညှိနှိုင်းခဲ့ကြောင်း ကိုဆံရှည်၏ မိသားစုဝင်များက ပြောဆိုထားသည်။

ရဲတပ်ဖွဲ့က ကိုဆံရှည်အား အမှုဖွင့် ဖမ်းဆီးပြီး ဥပဒေအရာရှိထံ ဥပဒေအကြံ တောင်းခံရာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်ကိုလည်း အမှု၏ ထပ်တိုး (သံသယတရားခံ)စာရင်းတွင် ထည့်သွင်းရန် အကြံပြုခဲ့ကြောင်း ဦးအောင်ဆန်းဝင်းက ဆိုသည်။

“ထပ်တိုးစာရင်းပေါ့၊ သက်သေကနေ ထပ်တိုးစာရင်း စေခိုင်းသူပေါ့လေ။ စေခိုင်းသူဆိုတော့ အဲလိုပါသွားတာ” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်

ထိုကြောင့် ဦးစိုးထိုက်အား အရေးယူရန် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်ဆိုင်ရာ အဖွဲ့အစည်းက ရဲတပ်ဖွဲ့အား ညွှန်ကြားလိုက် ကြောင်း ၎င်းက ဆိုသည်။

ယင်းညွှန်ကြားစာမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ရောက်လာသည့်အတွက် ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းက ပြောသည်။

“ဥပဒေနဲ့အညီဆောင်ရွက်ပါမယ်၊ ဖမ်းစရာရှိတာ ဖမ်းရမှာပေါ့” ဟု ရဲမှူး ကျော်သိန်းက ဆိုသည်။

သို့ရာတွင် ဦးစိုးထိုက်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းအထိ ဖမ်းဆီးထားခြင်းမရှိသေးပေ။

ဦးစိုးထိုက်အား သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်ဆင့် ညွှန်ကြားလာသဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အကြောင်းကြားသည့် စာတစ်စောင် အွန်လိုင်းပေါ်ပျံ့နှံ့ ခဲ့ဖူးသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ – ၂၅ ကိုဖောက် ဖျက်ပါက သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်စာအရ နိုဝင်ဘာလ ၁၁ ရက်နေ့ခန့်က ရန်ကုန်မြို့တွင် ရောက်နေသည့်ထားဝယ် ဒေသခံများကို ဦးစိုးထိုက်က စင်းလုံး ငှားယာဉ်(ကား)များဖြင့် မလွှဲတောင် စစ်ဆေးရေးဂိတ်မရောက်မီအထိ လိုက်ပါစေပြီး ဂိတ်ကို ခြေလျင် ဖြတ်စေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနောက် စစ်ဆေးရေးဂိတ်တွင် ကြိုတင်စောင့်နေသည့် ADVAN အမျိုးအစားကားဖြင့် ထားဝယ်သို့ တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းနှုန်းဖြင့် သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရကြောင်း ဖော်ပြထားသည်။