မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံးအရေးယူမည်ဟု တိုင်းအစိုးရ ထပ်ပြော

0
535

လယ်ယာမြေပေါ် ခွင့်ပြုချက်မဲ့ အခြားနည်းအသုံးပြုနေခြင်းနှင့် စီးပွားဖြစ် မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံး အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်နေသူများအား သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မည်ကဲ့သို့ ဖော်ထုတ်အရေးယူကို မေးမြန်းနိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့်မေးမြန်း ခွင့်မရခဲ့ပေ။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်ကလည်း တရားမဝင်မြေအကွက်ရိုက်ရောင်းချပါက ကျောသား ရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် ရောက် အရေးယူမည်ဟု ပြောဆိုထားသည်။

သို့သော် လက်ရှိအချိန်ထိ သစ်ပင်အပြောင်ရှင်းပြီး မြေအကွက်ရိုက်ရောင်း ချမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် နေကြဆဲ ဖြစ်သည်။

အချို့နေရာများတွင် ရော်ဘာခြံကို ဝယ်ယူပြီးနောက် ရော်ဘာပင်များကို အပြောင်ရှင်းကာ အကွက်ရိုက်ရောင်းချ နေကြသည်။

တန်ဖိုးအသင့်အတင့်ရှိသည့် အဆိုပါမြေကွက်များကို နေထိုင်ရန် အခက်အခဲရှိသည့် အခြေခံလူတန်းစား များ ဝယ်ယူကြသကဲ့သို့ အမြတ်အစွန်း ရရှိရေးအတွက်ရည်ရွယ်ပြီး တစ်ဆင့်ခံ ဝယ်ရောင်းလုပ်သူများလည်း ဝယ်ယူထားကြသည်။

ထားဝယ်မြို့ပေါ်နှင့် အနီးဝန်းကျင် တွင်ပင် အကွက်ရိုက်ရောင်းချမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ သို့သော် ထိရောက်သော အရေးယူဆောင်ရွက်မှု မျိုး မတွေ့ရပေ။

ပြီးခဲ့သည့်လကလည်း လောင်းလုံး မြို့နယ်အတွင်းရှိ တောရှည်ကျေးရွာ အဝင် မောင်းမကန်ကမ်းခြေသို့သွားသည့် လမ်းမကြီးဘေးတွင် ၂ ဧကကျော် အကျယ်အဝန်းရှိသည့် ဥယျာဉ်ခြံမြေကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းနေပြီး အကွက်ရိုက်ရောင်းချနေသည်။

ယင်းကဲ့သို့ အကွက်ရိုက်ရောင်းချမှုများ ထိန်းချုပ်နိုင်ရန် အစိုးရက အိမ်ရာမြေကွက်များ ဖော်ထုတ်ပေးသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက မှတ်ချက်ပြုထားသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း အိမ်ထောင်စုပေါင်း သုံးသိန်းနီးပါးရှိသည်။ ၎င်းအနက် အိမ်ထောင်စုပေါင်း ခြောက်သောင်း ခွဲကျော်တွင် ကိုယ်ပိုင်အိမ်မရှိကြပေ။