အဏုပလပ်စတစ်အမှုန်

0
1143
အဏုပလပ်စတစ်အမှုန်

အဏုပလပ်စတစ် ဆိုတာ အင်္ဂလိပ်လို Microplastics ကို မြန်မာမှုပြုကြည့် တာပါ။ အင်မတန်သေးငယ်လှတဲ့ ပလပ်စတစ်အမှုန်လေးတွေကို ခေါ်တာပါ။ အရွယ်အစားအားဖြင့် ၅ မီလီမီတာ ထက်ငယ်တဲ့ ပလပ်စတစ်အမှုန်လေးတွေ (နှမ်းစေ့ထက်ငယ်နိုင်ပါတယ်) ကို မိုက်ခရိုပလပ်စတစ် ဝါ အဏုပလပ်စတစ်လို့ ခေါ်လေ့ရှိပါတယ်။ အဏုပလပ်စတစ် အကြောင်း ပြောရတာကတော့ စာဖတ်သူများကို အဏုပလပ်စတစ်အမှုန်တွေရဲ့ နယ်ချဲ့ပုံအကြောင်းကို မျှဝေချင်လို့ပါပဲ။ အဲသည်အမှုန်တွေဟာ ကမ္ဘာအနှံ့အတော် ကလေးပျံ့နေလောက်ပြီလို့ ပညာရှင်များ က ခန့်မှန်းကြပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်နဲ့ ဝင်ရိုးစွန်းအာတိတ် ရေခဲပြင်မှာလည်းတွေ့ရှိရတယ်၊ လူတွေ လေ့လာမှုပြုနိုင်ခဲ့တဲ့ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ဆုံး နေရာမှာလည်း သူတို့ကို တွေ့ရပါတယ်တဲ့လေ။ ဆိုတော့ သည်အမှုန်တွေဟာ သဘာဝ၀န်းကျင်ကို ညစ်ညမ်းနေစေခဲ့ပြီဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး။

သည်အမှုန်တွေ ဘယ်ကလာသလဲ လို့များ ထွေထွေထူးထူး စဉ်းစားနေဖို့ မလိုပါဘူး။ လူအများနေစဉ်သုံးနေတဲ့၊ စွန့်ပစ်နေတဲ့ ပလပ်စတစ်တွေကလာတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ပလပ် စတစ်လေးတွေ ပျက်စီးလို့ တစစီဖြစ် ဖြစ်လာပြီး သေးငယ်တဲ့ အဏုပလပ်စတစ် လေးတွေဖြစ်လာပါတယ်။ လေ့လာတွေ့ ရှိမှု တစ်ခုရဲ့ အချက်အလက်တွေအရတော့ ယာဉ်တွေရဲ့ ဘီးမှာသုံးတဲ့ ဥပမာ ကားတာယာ လိုမျိုး အရာဝတ္ထုတွေက အချိန်တိုအတွင်းမှာ အများဆုံးထွက်နိုင်တယ်လို့ ဆိုပါတယ်။ သဘောကတော့ ကား တာယာလို လမ်းနဲ့ ပွတ်တိုက်ပြီး တဖြည်းဖြည်းပါးလျလာတဲ့ ပလပ်စတစ် ပါ ပစ္စည်းတွေက အဏုပလပ်စတစ်မှုန်တွေ ထွက်တာမြန်တယ်ဆိုတဲ့သဘောပါ။

ပြီးတော့ဆက်စပ်တွေးကြည့်လိုက် မယ်ဆိုရင် နေ့စဉ် တန်ပေါင်းထောင် သောင်းချီ သုံးစွဲနေ စွန့်ပစ်နေတဲ့ ပလပ်စတစ်တွေ၊ အမှိုက်တွေကရော ဘယ် လောက်များ အမှုန်တွေအဖြစ် အသွင်ပြောင်းနေသလဲဆိုတာ အတိအကျသိဖို့ ခက်ပေမဲ့ မနည်းလှဘူးဆိုတာတော့ ခန့်မှန်းနိုင်ပါတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ ပလပ်စတစ် အမှိုက်တွေကို နေရာတိုင်းနီးပါးမှာတွေ့ရမှာပါ။ ပလပ် စတစ်အစလေးတွေနဲ့ မြက်ခင်းလို ပုံစံဖြစ်အောင် စီမံထားတဲ့ ဖူဆယ်ကွင်းလို နေရာကို ရောက်ခဲ့ရင် သတိထား ကြည့်ပါ။ ဘောလုံးကစားသမားတွေရဲ့ ဖိနပ်နဲ့ ပွတ်တိုက်တာကြောင့် ထွက်လာတဲ့ ပလပ်စတစ် အစ အမှုန်လေးတွေ မနည်းလှဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့မြင်သာတဲ့ ဥပမာပါ။ နေရောင်ကြောင့် ဆွေးလာတဲ့ ပလပ်စတစ်အမှိုက်တွေဆီက ထွက်လာတဲ့ အမှုန်တွေ၊ လေတွေနဲ့အတူလွင့်ပါလို့ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲအထိ နယ်ချဲ့ လာနေပြီဖြစ်တဲ့ အဏုပလပ်စတစ်အမှုန်တွေဟာ သတ္တဝါတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကိုတောင် ရန်ရှာနေပြီဆိုတာ သုတေသနများစွာက ထောက်ပြ လာကြပါပြီ။ ဒါကိုတားမြစ်ဖို့နည်းတစ်ခု ကတော့ ပလပ်စတစ်လျှော့ချသုံးစွဲဖို့ ဖြစ်ပါတယ်။ ဒါပေသိ နှစ်စဉ် ပလပ်စတစ် တန်ချိန်ပေါင်း သန်း ၃၀ဝ ကျော်ကို ထုတ်လုပ်သုံးစွဲနေသလို အဲဒီအထဲက ထက်ဝက်လောက်ဟာ တခါသာ သုံးဖို့ ရည်ရွယ်ပြီးထုတ်ထားတဲ့ တခါသုံး ပစ္စည်းတွေပါ။ ပြီးတော့ နှစ်စဉ် ပလပ် စတစ်တန်ချိန်ပေါင်း ၈ သန်းလောက် ဟာ သမုဒ္ဒရာထဲ ရောက်နေတယ်လို့ ဆိုထားပါတယ်။

သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲကို သည်အမှုန်လေးတွေဟာ စားစရာ၊ ရေ၊ လေ ကတဆင့်ဝင်လာတတ်ကြပါတယ်။ မြင်သာတာကတော့ ပလပ်စတစ်တွေ စားမိလို့ သေဆုံးရတဲ့ ရေနေသတ္တဝါတွေ ပါ။ နောက်တစ်ချက်ကတော့ သိပ်မမြင် သာလှဘဲ သက်ရှိတွေရဲ့ ကိုယ်ခန္ဓာထဲ ရောက်လာတဲ့ အမှုန်တွေပါ။ အချို့သော အမှုန်တွေက အင်မတန်သေးတာကြောင့် လေထဲမှာ ပျံ့နေတတ်ပါတယ်။ ရေထဲမှာ ရှိနေတတ်ပါတယ်။ အစားအစာ တွေထဲမှာ ပါဝင်နေတတ်ပါတယ်။ ဥပမာ ပန်းပွင့်များမှာ ကပ်နေတဲ့ အဏုပလပ်စတစ် အမှုန်က ပန်းကို အနီးကပ် ရှူရှိုက်နမ်း ကြည့်သူတွေထံ အလွယ်ဝင်ရောက်သွား မှာပါ။ အလားတူပဲ စားစရာအချို့မှာလည်း လေထဲ ရေထဲကတဆင့်ပါလာနိုင် ပါတယ်။ ပြီးတော့ သည်အမှုန်တွေက ပျံသန်းတတ်တဲ့ သက်ရှိလေးတွေ ဥပမာ ငှက်လို အကောင်တွေက တဆင့်လည်း ပျံ့နှံ့နိုင်ကြောင်းတွေ့ရှိထားပါတယ်။ စစ်တမ်းတစ်ခုမှာတော့ သည်အမှုန်တွေ က ရေနေသတ္တတွေရဲ့ နေ့စဉ်ဘဝမှာကိုပဲ ထဲထဲဝင်ဝင် ရောက်နေပြီလို့ဆိုထားပါတယ်။

ပလပ်စတစ်တွေနဲ့ အနီးကပ်နေကြတဲ့ လူသားတွေသည်လည်းပဲ အဏု ပလပ်စတစ်အမှုန်တွေရဲ့ လု့ကိုယ်ခန္ဓာထဲ ဝင်ရောက်နယ်ချဲ့မှုကို အနည်းနဲ့ အများခံလာရပြီဖြစ်ပါတယ်။ လူအချို့ရဲ့ ကိုယ်တွင် အင်္ဂါအစိတ်အပိုင်းတွေဖြစ် တဲ့ အဆုပ်၊ အသည်း သရက်ရွက် စတာတွေရဲ့ တစ်ရှူးတွေထဲ စမ်းသပ်ရာမှာ ပလပ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းများကို ခြေရာခံမိတယ်လို့ဆိုပါတယ်။ လတ် တလောမှာတော့ သည်လို အမှုန်တွေ ကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာကို အတပ်မပြောနိုင်သေးဘူးလို့ဆိုပေမဲ့ အနည်းနဲ့အများ ဘေးဥပါဒ် ဖြစ်စေနိုင်တယ်လို့ ကောက်ချက်ဆွဲသူ တွေလည်း ရှိပါသည်။ နောက်ဆုံးလေ့ လာချက် တစ်ခုမှာတော့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကိုယ်တွင်း အင်္ဂါတွေမှာလည်း တွေ့လာရတယ်လို့ဆိုပါတယ်။ မိခင်နဲ့ သန္ဓေသား ဆက်သွယ်ထားတဲ့ အချင်းမှာ အဏုပလပ်စတစ်အမှုန်တွေတွေ့ရ ကြောင်းနဲ့ သုတေသီ သိပ္ပံပညာရှင်တွေ ကတော့ သည်အမှုန်တွေက သန္ဓေသားကို ရေရှည်မှာ ထိခိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့်တော့ အမှုန်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေက သန္ဓေသားကို အနှောင့်အယှက်ပြုတာ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာမျိုး တွေ ရှိလာနိုင်တယ်လို့လည်းဆိုထားပါတယ်။ သည်လို မမွေးသေးတဲ့ ကလေးတွေ အနားအထိကို အဏုပလပ်စတစ်တွေ ရောက်လာပုံက မိခင်တွေရဲ့ အစား အသောက် ဒါမှမဟုတ် အသက်ရှူရာက တဆင့် ဝင်ရောက်လာတာဖြစ်နိုင်လို့ လည်း ယူဆကြပါတယ်။ သည်သုတေသနကိုတော့ ရောမမြို့က San Giovanni Calibita Fatebenefratelli ဆေးရုံကြီးရဲ့ သားဖွားမီယပ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ရာဂူးဆာက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုတွေ့ရှိမှုနဲ့ ပတ်သက်လို့ သုတေသနတွေ ထပ်လုပ်ဖို့လိုသေးကြောင်း အထူးသဖြင့် အဏုပလပ်စတစ် အမှုန်တွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို တိတိကျကျ ခြေရာ ခံနိုင်ဖို့ လိုနေသေးကြောင်း ဆိုထားပါတယ်။

ပညာရှင်များစွာကတော့ သန္ဓေသား ဘဝမှာ ကလေးတွေအနေနဲ့ ဥပါဒ်ကင်း ဖို့ သည်လို အမှုန်တွေ၊ ညစ်ညမ်းမှုတွေက ကင်းဖို့လိုကြောင်း ထောက်ပြလာကြပါတယ်။ လက်ရှိမျိုးဆက်ရဲ့ အထိန်းအကွပ်မဲ့ လုပ်ရပ်တွေကြောင့် မမွေးသေးတဲ့ ကလေးတွေအထိကိုပါ လေညစ်ညမ်းမှု၊ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်တွေက ချဉ်းကပ်လာပြီးဖြစ်ကြောင်း အချက်အလက် သုတေသနများနဲ့ ဆိုထားပါတယ်။

ကနေဒါနိုင်ငံ ဝိတိုရိယ တက္ကသိုလ် က လေ့လာထားချက်တစ်ခုအရ လူသားတွေဟာ နှစ်စဉ် အဏုပလပ်စတစ် အမှုန်ပေါင်း ၅၀,ဝ၀ဝ လောက် စားနေမိသလို ထိုပမာဏလောက်ကိုလည်း ရှူသွင်းနေမိတယ် လို့လည်း ဆိုထားပါ သေးတယ်။ ထိုသုတေသနကို ဦးဆောင် ခဲ့သူရဲ့အဆိုအရ ပေါင်မုန့်၊ ဆင့်တက်ပြု ပြင်ထားသော စားစရာများ၊ အသား၊ နို့ထွက်ပစ္စည်းများတွင်ပင် အဆိုပါ အမှုန်များ များစွာပါနိုင်ချေရှိနေပြီဖြစ်ပါတယ်။ ထို့အပြင် ပလပ်စတစ်ဘူးနှင့်သာ ရေသောက်တတ်သောအလေ့ရှိသူများဆိုပါက တစ်နှစ်လျှင် အဏုပလပ်စတစ် အမှုန်ပေါင်း ၁၃၀ယဝ၀ဝ လောက် ကိုယ်တွင်းသို့ ဝင်ရောက်နိုင်သည်ဟုဆိုထားပါသေး၏။

အနှစ်ချုပ်ရလျှင်တော့ အဏုပလပ် စတစ်အမှုန်တွေဟာ သက်ရှိတွေရဲ့ အစာကွင်းဆက်ထဲအထိ ရောက်ရှိပျံ့နှံ့ နေပြီးဖြစ်ပါတယ်။အဏု ပလပ်စတစ် အမှုန်တွေစားမိထားတဲ့ ရေသတ္တဝါတွေ ကို ငှက်တွေကစားမယ်။ ထိုငှက်တွေ၊ သတ္တဝါတွေမှာ အဏုပလပ်စတစ်အမှုန် တွေပါသွားမယ်။ ထိုငှက် သတ္တဝါတွေ ကို အခြားသက်ရှိတွေက ပြန်စား အစရှိသဖြင့် သံသရာလည်ရင်း လူတွေနဲ့လည်း မကင်းနိုင်ပါဘူး။ ပလပ်စတစ်ကို တီထွင်တာဟာ လူသားတွေပဲဖြစ်ပါတယ်။ သည်လိုကြာရှည်ခံ ဖျက်စီးရ ခက်တဲ့ ပလပ်စတစ်တွေဟာ အခုတော့ ပုံစံပြောင်းပြီး သက်ရှိတွေရဲ့ ခန္ဓာကိုယ် အထဲအထိတောင် ဝင်ရောက်နယ်ချဲ့ လာပါပြီ။ လူ့လောကထဲ မရောက်သေး တဲ့ သန္ဓေသားတွေတောင်မှသည် ပလပ်စတစ်ရဲ့ နယ်ချဲ့မှုကြောင့် စိုးရိမ် လာရပါပြီ။ ဒီအမှုန်တွေဟာ လူတွေအတွက် သက်ရှိတွေအတွက် လုံးဝ အန္တရာယ်ကင်းပါတယ်လို့ ဘယ်သူကမှ အာမဝန္တာမခံနိုင်ပါဘူး။ သေချာတာက လူ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်သာမက သက်ရှိတွေအပြင် လူသား တွေကိုယ်တိုင်ပါ ဖြေရရှင်းရခက်တဲ့ ပြဿနာတွေ ကြုံလာရပြီဆိုတာကို အချက်အလက် သုတေသနတွေက သက်သေပြနေပြီပဲဖြစ်ပါတယ်။ ပလပ်စတစ်ကို စနစ်တကျသုံးခြင်းဖြင့် ပတ်ဝန်းကျင် နှင့်သက်ရှိများကို ဥပါဒ်မဖြစ်အောင် ကာကွယ်ကြပါစို့။

ကိုးကား- https://plasticoceans.org/the-facts/

https://www.theguardian.com/environment/2020/may/22/microplastic-pollution-in-oceans-vastly-underestimated-study

https://www.theguardian.com/environment/2020/aug/17/microplastic-particles-discovered-in-human-organs

https://www.theguardian.com/environment/2020/dec/22/microplastics-revealed-in-placentas-unborn-babies

https://www.nationalgeographic.org/encyclopedia/microplastics/