ကိုဗစ်ကြားမှ နှစ်သစ်ကူးည

0
140
ကိုဗစ်ကြားမှ နှစ်သစ်ကူးည

အခက်အခဲ၊ စိန်ခေါ်မှု၊ အောင်မြင်မှု၊ ကျဆုံးမှု စတဲ့ အတွေ့အကြုံပေါင်းများစွာဖြင့် ကိုဗစ်နှစ်ဟု ဆိုစမှတ်ပြုနိုင်သည့် ၂၀၂၀ ပြည့်နှစ်ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်သို့ အကူးအပြောင်းဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်ညတွင် နှစ်သစ်ကို ကြိုဆိုသည့် အနေဖြင့် စားသောက်ပျော်ပါးသည့် အလေ့အထ မြန်မာနိုင်ငံတွင် အမြစ်တွယ်လာသည်မှာ ဆယ်စုနှစ်တစ်ခုခန့်သာ ရှိသေးသည်။

ထားဝယ်မြို့တွင်လည်း သူငယ်ချင်းမိတ်ဆွေများ အုပ်စုအလိုက် ဝိုင်းဖွဲ့ စားသောက်ရင်း နှစ်သစ်ကို ကြိုဆိုခဲ့ ကြသည်။

နှစ်သစ်ကို ကြိုဆိုကြသည့်နည်းတူ တစ်ဖက်တွင်လည်း ကိုဗစ်ကပ်ဘေးကြောင့် ကန့်သတ်ချက် စည်းမျဉ်းစည်း ကမ်းများကို အစိုးရက ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်များအနက် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ကန့်သတ်ထားသည့် ညမထွက်ရအမိန့်မှာလည်း အသက်ဝင်နေဆဲဖြစ်သည်။

လူအများ နိုးနိုးကြားကြားရှိနေသော နှစ်သစ်ကူးညတွင်မူ အသက်ဝင် နေဆဲဖြစ်သည့် ညမထွက်ရအမိန့်မှာ အိပ်ပျော်သွားခဲ့သည်။

အချို့နေရာများတွင်မူ လမ်းဘေး သို့မဟုတ် ခြံဝင်းအတွင်းမှာပင် စားသောက်ရင်း ဆောင်းဘောက်မှ ထွက်ပေါ် လာသည့် သီချင်းဖြင့် နှစ်သစ်ကို အေးဆေးစွာ ကြိုဆိုခဲ့ကြသည်။ လမ်းမပေါ် စုဖွဲ့ သွားလာမှုများကိုမူ အနည်းငယ်သာ တွေ့ရသည်။

အချို့ကတော့ မိတ်ဆွေအပေါင်းအသင်းများနှင့် စုပေါင်း နှစ်သစ်ကူးပြီး ည ၁၂ နာရီနောက်ပိုင်း အေးဆေးသက် သာစွာပင် အိမ်ပြန်ကြသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နောက်ပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ လမ်းမ ကြီးများပေါ်တွင် ဆိုင်ကယ်စီးလူငယ်များ အုပ်စုဖွဲ့အော်ဟစ်ရင်း နှစ်သစ်ကို ကြို ဆိုခဲ့ကြသည်ကိုတွေ့ရသည်။ လူငယ်အချို့ စီးနေသည့် ဆိုင်ကယ်၏ အရှိန်မှာ ၆၀ ကီလိုမီတာအထက်တွင်ရှိသည်။ မြွေလိမ်မြွေကောက်စတန့်ထွင်ပြီးပင် စီးပြလိုက်သေးသည်။

နှစ်သစ်ကို ကြိုဆိုကြောင်း လမ်းမပေါ်တွင် ဆေးမှုတ်သည့် ဓလေ့မှာ ယခင်ထက် နည်းပါးသွားသည်ဟု ဆိုနိုင်ပြီး ယခုနှစ်တွင် နေရာအနည်းငယ်တွင်သာ ဆေးမှုတ်နေကြသည်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ည ၁၂ နာရီထိုးပြီးချိန်တွင် ဗုံးသံအလား ထင်ရသည့် မီးရှူးမီးပန်းများ တရစပ် ပစ်ဖောက်လိုက်ကြသည်။

ထားဝယ်မြို့၏ ကမ်းနားလမ်းတွင်မူ လမ်းဘေးစားစရာရောင်းချသည့် ဆိုင် ၃ ဆိုင်ခန့်က ည ၁ နာရီခန့်အထိ နှစ်သစ်ကိုကြိုဆိုရင်း ဝင်ငွေရှာနေကြသည်။

ယင်းအချိန်အထိ တာဝန်ရှိရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှပင် မတွေ့ခဲ့ရပေ။

အချို့နေရာများတွင်မူ ရဲတပ်ဖွဲ့များ ပတ္တရောင်(လှည့်ကင်း) လှည့်နေပြီး ဖမ်းဆီးနေသည်မတွေ့ရဟု အသက် ၂၈ နှစ် ခန့်ရှိ လူငယ်တစ်ဦးက ဆိုသည်။

“ရဲတွေလာရင် ပြေးလိုက်၊ ပြီးရင် ပြန်သွားလိုက်နဲ့ပေါ့။ သာမန်အတိုင်း သွားနေရင်တော့ ဖမ်းတာ မတွေ့ရဘူး” ဟု အဆိုပါလူငယ်က ပြောသည်။