ထိုင်းပေါင်မုန့် တရားမဝင်သည့်အတွက် တားမြစ်မည် ဟုဆို

0
345
ထိုင်းပေါင်မုန့်

တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် ထိုင်းနိုင်ငံမှ ထုတ်သည့် တရားမဝင်ပေါင်မုန့်တစ်မျိုးကို တွင်ကျယ်စွာ ရောင်းဝယ်စားသုံးနေကြသည်။ ဦးစွာ အသိပညာပေးမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူ က သတိပေးပြောဆိုလိုက်သည်။

အဆိုပါပေါင်မုန့်တွင် ထိုင်းဘာသာ စကားများသာ ရေးသားထားပြီး ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲကိုလည်း ဖော်ပြ ထားခြင်းမရှိပေ။ လက်ရှိတွင် ပြည်သူ များအကြားတွင် အဆိုပါပေါင်မုန့်နှင့် ပတ်သက်၍ ပြောဆိုဝေဖန်မှုများလည်းရှိ နေသည်။

ယင်းပေါင်မုန့်ကို ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ဈေးကားဟု အရပ်ခေါ်ကြသော မီးဖိုချောင်သုံးပစ္စည်းတင်ယာဉ်ဖြင့် တင်ဆောင်လာပြီး ထားဝယ်မြို့တွင် လက်ကားဈေး တစ်လုံးလျှင် ၂၇၀ ကျပ်ဖြင့် အိမ်တိုင်ရာရောက်စနစ်ဖြင့် ပို့ပေးနေသည်။

စားသုံးသူများထံ တစ်လုံးလျှင် ၃၀ဝ ကျပ်ဖြင့် ပြန်လည်ရောင်းချပြီး ဝယ်ယူစားသုံးသူ များကြောင်း ထားဝယ်မြို့ပေါ်ရှိ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပေါင်မုန့်အသားတော့ မာတယ်၊ ဒါပေမယ့် ဝယ်စားတဲ့သူတွေ များတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

ယင်းပေါင်မုန့်များကို မြိတ်ကျွန်းစု ရှိ ကျွန်းများအပါအဝင် တနင်္သာရီတိုင်း ဒေသကြီး ကျေးရွာအများအပြားရှိ ကုန်စုံ ဆိုင်များတွင် တွေ့နိုင်သည်။

တရားမဝင် ဝင်ရောက်လာသည့် အဆိုပါ ပေါင်မုန့်တွင် မည်သည့်ပစ္စည်းများ ပါဝင်သည်ကို မသိနိုင်သည့်အတွက် စားသုံးရန် လုံခြုံစိတ်ချရမှုမရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တနင်္သာရီတိုင်းဒေသ ကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်က ဆိုသည်။

အဆိုပါ ပေါင်မုန့်တင်သွင်းရောင်း ချနေခြင်းနှင့် ပတ်သက်၍ ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရန် အသိပညာပေးခြင်းကို အရင်လုပ်ဆောင်မည် ဖြစ်ပြီး မလိုက်နာပါက အရေးယူမှုလုပ် ဆောင်မည်ဖြစ်ကြောင်း စားသုံးသူရေး ရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။

“အသိပေးပြီးတော့မှ သူတို့က ထပ်သွင်းမယ်ဆိုရင်တော့ စားသုံးသူ ရေးရာကော်မတီကိုတင်ပြပြီး ပိတ်တာ တို့၊ ဒါမှမဟုတ်ရင်လည်း ဈေးကွက်ထဲ က ပျောက်သွားအောင်တို့ နောက်ဆက် တွဲ ထပ်ပြီး အရေးယူတာတို့ပေါ့” ဟု ဦးဝင်းထွန်းက ပြောသည်။

တင်သွင်းမှုနှင့် ထုပ်ပိုးခြင်းကို ဥပဒေအတိုင်း မလုပ်ဆောင်ပါက တင်သွင်း လာသူအား ၂၀၁၉ ခုနှစ် စားသုံးသူရေးရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် ညှိနှိုင်းပြီး တင်သွင်းခြင်း မရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဝင်းထွန်းက ပြောသည်။

စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြေညာချက်အရ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက် ဆိုးကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ် သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်သည်။

အဆိုပါပေါင်မုန့်တွင် ထိုင်းဘာသာ များကိုသာ ရိုက်နှိပ်ဖော်ပြထားပြီး လက်ရှိတွင် ကုန်ဆုံးရက်စွဲဖော်ပြထားကာ ထုတ်လုပ်ရက်စွဲကို ဖော်ပြထားခြင်း မရှိပေ။

ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်တွင် ရောင်းချနေသည့် အဆိုပါပေါင်မုန့်၏ ကုန်ဆုံးရက်စွဲမှာလည်း အချိန်တစ်လခန့်အထိ သက်တမ်းပေးထားသည်။