တပ်မတော်ထုတ်ပြန်သည့် မဲမသမာမှုပြုနိုင်သည့်မဲစာရင်းတွင် တနင်္သာရီတိုင်း ပါဝင်လာ

0
210
မဲမသမာမှု

တပ်မတော်က ထုတ်ပြန်နေသည့် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းများတွင် တနင်္သာရီတိုင်းမှ မဲဆန္ဒ နယ်အချို့လည်း ပါဝင်လာသည်။

ဒီဇင်ဘာလ ၃၁ ရက်က ထုတ်ပြန်သည့် စတုတ္ထအကြိမ်ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းရှိ တပ်မတော်သားများမဲ ပေးခဲ့သည့် နေရာများဖြစ်သော ထားဝယ်၊ လောင်းလုံး၊ ပုလောမြို့နယ်တို့ပါဝင်လာ ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်ချက်အရ မဲမသမာ မှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် အခြားမဲစာရင်းဟုနှစ်မျိုးပါရှိသည်။

မဲမသမာမှု

ယင်းမဲစာရင်းများမှာ ထားဝယ်မြို့နယ်တွင် သုံးသောင်းနီးပါး (၂၇၅၃၆)၊ လောင်းလုံးမြို့နယ်တွင် နှစ်သောင်း ခြောက်ထောင်ကျော် (၂၆၆၁၀)၊ ပုလောမြို့ နယ်တွင်လည်း နှစ်သောင်းခြောက်ထောင် ကျော်(၂၆၀ဝ၁) စုစုပေါင်း ရှစ်သောင်း ကျော်(၈၀၁၄၇) ရှိနေသည်။

မဲမသမာမှုပြုနိုင်သည့် ထပ်နေ သောမဲစာရင်းဆိုသည်မှာ မှတ်ပုံတင်နံ ပါတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ စသည်ဖြင့် အချက် ၁၄ ချက်ပါဝင်သည်။ မဲမသမာမှုပြုနိုင်သည့် ထပ်နေ သော အခြားမဲစာရင်းတွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူများ၊ မှတ်ပုံတင်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေ သူများ၊ အသက်တစ်ရာကျော်နေသူများ စသည်တို့ပါဝင်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် အချက်အလက်အသေးစိတ်ကို ထုတ်ပြန်ပေးထားသည်။

ယင်းကဲ့သို့ တပ်မတော်ကထုတ်ပြန်သည့် မဲမသမာမှုပြုနိုင်သည့်ထပ်နေ သောမဲစာရင်းများတွင် တနင်္သာရီတိုင်းက မြို့နယ်သုံးမြို့နယ်ပါဝင်လာသည်နှင့်ပတ်သတ်၍ တိုင်းရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံ ဒီဇင်ဘာလ ၃၁ ရက်နေ့က တနင်္သာရီအပတ်စဉ်မှ ဆက်သွယ်မေးမြန်းခဲ့သည်။

တိုင်းရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ယင်းမဲစာရင်းထုတ်ပြန်သည်ကို မသိသေးသဖြင့် မှတ်ချက် မပေးလိုသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မဲမသမာမှု

“ကိုယ့်တိုင်းထဲမှာရှိတဲ့ မြို့နယ်တွေ နဲ့ပတ်သက်ပြီးတော့က မှတ်ချက်ပေးဖို့ က သူဘာပြောတယ်ဆိုတာ နားမှမထောင် ရသေးတာ။ အရင်မြို့နယ်တွေမှာ ပြောတဲ့ ပုံစံအတိုင်းဆိုရင်တော့ UEC (ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်) က ရှင်းထားပြီးသားပါ” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ တပ်မတော်ကထုတ်ပြန်နေသည့်စာရင်းများသည် နိုဝင်ဘာလ ၈ ရက်က မဲပေးခဲ့သည့် မဲစာရင်းများ မဟုတ်ဘဲ ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲစာရင်းများကို အခြေခံထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ရှင်းလင်းထားသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သည့်သဘောဆောင်သည့် လုပ်ဆောင်ချက်များကို နိုင်ငံရေး ပါတီများကဖြစ်စေ၊ မည်သည့်အဖွဲ့ အစည်းကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ယင်းထုတ်ပြန်ချက်တွင် အသိပေးထားသည်။

တပ်မတော်က ထုတ်ပြန်သည့် မဲစာရင်းကိစ္စထုတ်ပြန်ချက်များကိုလည်း မဲဆန္ဒရှင်အချို့က လက်မခံနိုင်သည့် သဘောလူမူကွန်ရက်စာမျက်နှာတွင် တုံ့ပြန်ရေးသားလျက်ရှိသည်။

ကျော်သူစိုး