ကိုဗစ်ထောက်ပံ့ကြေး “ပေးရင် အကုန်ပေး၊ မပေးရင် တစ်ရွာလုံး မပေးနဲ့”

0
425
Dawei Watch, Dawei News, Dawei News Media

အခြေခံလူတန်းစာထောက်ပံ့ငွေကို “ပေးရင်အကုန်လုံးပေးပြီး မပေးရင်လည်း တစ်ရွာလုံးမပေးနဲ့” ဟု အစိုးရကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည့် ကျေးရွာမှာ ရေဖြုမြို့နယ်၊ ရာဖူးကျေးရွာ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်ကကျင်းပခဲ့သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကိုဗစ်ထောက်ပံ့ကြေးလုံးဝမယူသည့် ကျေးရွာများလည်းရှိကြောင်း ရာဖူးကျေးရွာကို ဥပမာပေးပြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောဆိုခဲ့သည်။ သူမှာ တနင်္သာရီ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးလည်းဖြစ်သည်။

ရာဖူးကျေးရွာအုပ်စုတွင် စုစုပေါင်း အိမ်ထောင်စု တစ်ထောင်ကျော်ခန့်ရှိသည်။

ပထမအကြိမ် ကိုဗစ်ထောက်ပံ့ကြေးအဖြစ် ဆန်၊ ဆီ၊ ကြက်သွန်များကို ဝေပေးစဉ်က အခြေခံလူတန်းစားအိမ်ထောင်စု ရှစ်ရာကျော်အား ထောက်ပံ့ပေးရန် စာရင်းတင်ပြခဲ့ကြောင်း ရာဖူး ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

သို့သော် အစိုးရက အိမ်ထောင်စု သုံးရာကျော် ၃၁၉ အတွက်သာထောက်ပံ့ ပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

“တင်လိုက်တဲ့လူဦးရေနဲ့ သူတို့ချ ပေးလိုက်တဲ့လူဦးရေက ကွာဟနေလို့ မယူဖြစ်တော့ဘူး။ သူတို့က တင်ပြလိုက်တာ အားလုံးမပေးတော့ ပေးရင်လည်း အကုန်ပေး၊ မပေးရင်လည်း အကုန်မ ပေးနဲ့ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့” ဟု ဦးခင်မောင်ဦးက ဆိုသည်။

ပထမအကြိမ်ထောက်ပံ့ပေးစဉ်က ယင်းသို့ ပြတ်ပြတ်သားသားတုံ့ပြန် လိုက်သဖြင့် နောက်ပိုင်းထောက်ပံ့ငွေများကို ကျေးရွာကတင်ပြသည့်အတိုင်း အိမ်ထောင်စု ရှစ်ရာကျော် စလုံးအတွက် အစိုးရက ပြန်လည်ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းကပြောသည်။

ရာဖူးကျေးရွာရှိ အခြေခံလူတန်းစား ရှစ်ရာကျော်သည် ပထမအကြိမ် ဆန်၊ ဆီ၊ ကြက်သွန် စားသောက်ကုန်များအစား ငွေကျပ်တစ်သောင်းခွဲစီကိုရရှိခဲ့သည်။

နောက်ပိုင်းတွင် နှစ်သောင်းကျပ်စီထောက် ပံ့သည့်ငွေသားကို သုံးကြိမ်ရရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကျော်သူစိုး