ထားဝယ်တွင် ဖောက်ခွဲရေးသုံး လျှပ်စစ်ဒီတိုနေတာ တစ်ထောင် ဖမ်းမိ

0
229
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့၊ မောင်မယ်ရှောင် ကျေးရွာအနီးရှိ ရှစ်မိုင် ကုန်တင်ယာဉ် ရပ်နားစခန်းတွင် ဖောက်ခွဲရေးသုံး လျှပ်စစ်ဒီတိုနေတာ ၁၀ဝ၀ ချောင်း ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါကုန်တင်ယာဉ်ရပ်နားစခန်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာ သည့် Light Truck ကား၏ ယာဉ်နောက်လိုက်မှ စူငယ်ဘာလိုင်းကျေးရွာနေ အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားမောင်းနှင်သည့် Ford DC RANGER ကားပေါ်သို့ အထုပ်တစ်ထုပ်တင်ပေးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါအထုပ်အား ဖွင့်ဖောက်စစ် ဆေးရာ စက္ကူဘူးအတွင်းထည့်ထားသည့် လျှပ်စစ်ဒီတိုနေတာအချောင်းရေ ၁၀ဝ၀ ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားသုံးဦးကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မဖြင့်အမှုဖွင့်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် အမှုမှ ကွင်းဆက်ဖြစ်သည့် ကော့သောင်းမြို့နေ မလိဝမ်းရွှေဖြူ ကုမ္ပဏီ၏ မန်နေဂျာအမျိုးသားတစ်ဦး၊ ကော့သောင်း ၁၃ မိုင်ကျောက်ခွဲစက် မန်နေဂျာ အမျိုးသားတစ်ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။