ကိုဗစ်ကြောင့် တနင်္သာရီ တိုင်းအစိုးရ ဝင်ငွေကျမည်

0
167

ကိုဗစ်ကပ်ဘေးကြောင့် တနင်္သာရီ တိုင်းဒေသကြီး၏ ရငွေမှာ လျာထားချက်ထက် လျော့နည်းမည်ဖြစ်ကြောင်း ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးနေလင်းထက်က ပြောသည်။

လက်ရှိဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း၏ ရငွေမှာ ငွေကျပ်သန်းပေါင်း ၁၅၀ဝ၀ ကျော်ရှိမည်ဟု ခန့်မှန်းတွက်ချက် ထားသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် အမှန်တကယ်ရငွေ လျော့နည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းရငွေ ပမာဏအနက် တိုင်းအစိုးရအဖွဲ့ရုံးမှ ကောက်ခံရန်လျာထားသည့် အခွန်နှင့် သာမန်ရငွေမှာ ငွေကျပ် သန်းပေါင်း ၇၀ဝ၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ငွေစာရင်းဆိုင်ရာ အချက်အလက်စာစောင်အရ သိရသည်။

အဆိုပါရငွေထဲတွင် နေ့ချင်းပြန် ခရီးသည်များအပေါ် ကောက်ခံသည့် ဇုန်ဝင်ကြေး၊ စက်တပ်ရွက်လှေများကို ကောက်ခံသည့် Royal Fee ၏ ၄၀ ရာခိုင်နှုန်း၊ ဓာတ်သတ္တုပစ္စည်းထုတ် လုပ်မှုအပေါ် ကောက်ခံရသည့် အခွန်အကောက် အစရှိသည့် လုပ်ငန်းများ ပါဝင်သည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းမှာ လုံးဝရပ်ဆိုင်းသွားပြီး အခြားလုပ်ငန်းများလည်း အဆင်မပြေဖြစ်နေကြသည်။

“အခုကိုဗစ်ဖြစ်တော့ အကုန်လုံးက ကျတော့မှာ။ ခရီးသွားတွေက အကုန်လုံး ဇီးရိုးတွေကျမှာလေ” ဟု ဦးနေလင်းထက် က ပြောသည်။

တိုင်းအစိုးရအနေဖြင့် နေ့ချင်းပြန် ခရီးသည်များအပေါ် ကောက်ခံသည့် ဇုန်ဝင်ကြေး၊ စက်တပ်ရွက်လှေများကို ကောက်ခံသည့် Royal Fee ၏ ၄၀ ရာခိုင်နှုန်းမှ ငွေကျပ် ၅၇၀ သန်းကောက်ခံရန် လျာထားသည်။

ယင်းကဲ့သို့ ရငွေကျဆင်းသွားသည့်အတွက် ပြည်ထောင်စုအစိုးရတွင် လိုငွေ ပြမှုများလာပြီး လိုငွေဖြည့်တင်းသည့်အနေဖြင့် ငွေတိုက်စာချုပ်များထုတ်ရောင်းခြင်း၊ ငွေစက္ကူရိုက်ထုတ်ခြင်းများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိလျာထားသည့် ရငွေလျော့ နည်းမှုအတွက် ဖြည့်စွက်ရန်ပုံငွေ(RE) ကာလတွင် ပြန်လည်ချိန်ညှိသွားမည်ဖြစ်ကြောင်း ဦးနေလင်းထက်က ပြောသည်။

လက်ရှိဘဏ္ဍာနှစ်တွင် တနင်္သာရီ တိုင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၁၈၀ ကျော် သုံးစွဲမည်ဖြစ်ပြီး ယင်းအတွက် ပြည်ထောင်စုအစိုးရမှ ကျပ်ဘီလီယံ ၁၇၀ ကျော်ကို ထောက်ပံ့ထားရသည်။