တနင်္သာရီမြို့တွင် ကိုဗစ်လူနာ စတွေ့

0
176
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပထမဦးဆုံးအဖြစ် အမျိုးသားတစ်ဦးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံး၊ မြိတ်၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် ကိုးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်လူနာ များရှိနေခဲ့ပြီး တနင်္သာရီမြို့တစ်မြို့သာ ကိုဗစ်ကင်းစင်နေခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ပိုးတွေ့ရှိသည့် အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီးမှ အလုပ်လုပ်ရန်လာ ရောက်သူတစ်ဦးဖြစ်ကာ တနင်္သာရီ ခန်းမတွင် ကွာရန်တင်းဝင်နေသူဖြစ်သည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်ပြည်သူ့ ဆေးရုံ၌ ထားရှိကာ စောင့်ကြည့်ကုသပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့သူနှင့် ထိတွေ့ ဆက်စပ်သူတို့အား ကွာရန်တင်းအဖြစ် ထားရှိခဲ့ကြောင်း တနင်္သာရီခန်းမရှိ ကွာရန်တင်းစင်တာမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ အထိ ကိုဗစ်ပိုးတွေ့ရှိလူနာ ၂‌၈၅ ဦးဖြင့် အများဆုံးဖြစ်နေပြီး ဒုတိယအဖြစ် ထားဝယ်မြို့တွင် ၁၆၁ ဦးတို့ဖြစ်ကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် မြို့နယ်အလိုက် ကိုဗစ်လူနာ‌အခြေ ပြဇယားတွင် ဖော်ပြထားသည်။