မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုးတွေ့သဖြင့် မောတောင်နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိ ပိတ်မည်

0
158
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့သဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း မြိတ်-ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းမှစပြီး မောတောင်-စင်ခွန်းအထူးယာယီနယ် စပ်ဂိတ်မှ လူအဝင်အထွက်အား ပိတ်ထားခဲ့ပြီး မြန်မာဘက်မှ ကုန်ခြောက်များနှင့် မြိတ်ဒေသထွက်ပလာတူး၊ ကဏန်း၊ ကင်းမွန်၊ ဂျင်းစသည့် အအေးခန်း အခဲတုံးတို့အား ကုန်သွယ် ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ကုန်သွယ်ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ မည်ဖြစ်သည်။

“မောတောင်ကနေသွားတဲ့ လုပ်ငန်း အားလုံးရပ်ဆိုင်းရလိမ့်မယ်” ဟု မြိတ်မြို့နေ အသက် ၃၀ ကျော်ရှိ ရေထွက်‌ကုန် တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။

ထိုင်းဘက်မှ နယ်စပ်ဂိတ်ပိတ်သည့်အတွက် မောတောင်နယ်စပ်ဂိတ်မှ တင်ပို့သည့် ရေထွက်ကုန်များအား မြဝတီဘက်မှ တင်ပို့မည်‌ဆိုပါကလည်း စရိတ်စကပိုမှုကြောင့် တွက်ချေမကိုက်ကြသဖြင့် ရပ်နားရမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ပရာကျွပ်ခီရီခန်ခရိုင် ကိုဗစ်-၁၉ တာဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးဆုံး ဖြတ်ချက်အရ ရောဂါကူးစက်မှုအတွက် ထိတွေ့ဆက်စပ်မှုများအား ထိန်းချုပ်တားဆီးရန်အတွက် နယ်စပ်ဂိတ်အား ရက်အကန့်အသတ်မရှိပိတ်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးငါးဈေးဖြစ်သည့် မဟာချိုင်ငါးဈေးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ပိုးတွေ့ရှိသူ ၇၀ဝ နီးပါး ရှိရာတွင် မြန်မာအများစုပါဝင်ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြ သည်။

မြိတ်ရေထွက်ကုန်အချို့တို့အား အအေးခန်းအခဲတုံးပြုလုပ်ကာ မောတောင်နယ်စပ်ဂိတ်မှ ကုန်သွယ်နေကြသည်များမှာ တစ်ပိုင်တစ်နိုင်လုပ်ငန်းများဖြစ်ကြကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)