မြန်မာငါးလှေများ ရနောင်းသို့ တင်ပို့ရောင်းချခွင့် စည်းကမ်းချက်အချို့ သတ်မှတ်ပြီး ဆက်လက်ခွင့်ပြု

0
273
မြန်မာငါးလှေများ

လတ်တလောဖြစ်ပေါ်နေရသည့် ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင် ငါးဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် မြန်မာငါးလှေများ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရောင်းချခွင့်အား စည်းကမ်းချက်အချို့သတ်မှတ် ပြီး ဆက်လက်ခွင့်ပြုခဲ့ကြောင်း မြိတ်-ပရာကျွတ်မောင်နှမမြို့ ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

မဟာချိုင်ငါးဈေးကြီးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၇၀ဝ ဦးခန့်ရှိခဲ့ပြီး မြန်မာဘက်ရှိ ကိုဗစ် ပိုးကူးစက်မှုအခြေအနေတို့အား ခြုံငုံသုံးသပ်ကာ နယ်စပ်ဂိတ်များ ဖွင့်၊ မဖွင့်ကို ရနောင်းခရိုင် တာဝန်ရှိသူများ၊ ရနောင်း ခရိုင်ကုန်သည်ကြီးများအသင်း၊ ရနောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဂိုဒေါင် ပိုင်ရှင်များပါဝင်သည့် အစည်းအဝေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် လက်ရှိ ရနောင်းခရိုင်၏ စီးပွားရေးသည် ရေလုပ်ငန်းနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးရေးကို အားထားနေရသဖြင့် ရေလုပ်ငန်းကဏ္ဍကို စည်းကမ်းချက်အချို့သတ်မှတ်ကာ ဆက်လက် ဖွင့်ထားသင့်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မပိတ်သေးတော့ အသက်ရှင်သန် နေရတာပေါ့” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦသက်စိုးက ပြောသည်။

ရနောင်းဆိပ်ကမ်းမှ သားငါးများ ဝယ်ယူခြင်းအား ပိတ်မည်ဆိုပါက တိုင်း အတွင်းရှိ ငါးဖမ်းလှေများရပ်နားမည့် အခြေအနေရှိနေကြောင်း ၎င်းက ပြောပြ သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း က ထိုင်းနိုင်ငံရှိ မဟာချိုင်နှင့် မဲ့ကလောင် ငါးဈေးကြီးတို့က မြန်မာဘက်မှ ထွက်ရှိသည့် သားငါးများ ဝယ်ယူခွင့်ကို ပြီးခဲ့သည့် ရပ်နားခဲ့သဖြင့် ငါးဈေးနှုန်းမှာ ၄၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျခဲ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောဆိုထားသည်။

ရနောင်းဆိပ်ကမ်းမှ သားငါးဝယ် ယူခွင့်ဆက်လက်ခွင့်ပြုပေးထားမည်ဖြစ် ပြီး သတ်မှတ်စည်းကမ်းများတွင် မြန်မာ လှေသားများနှင့် ဂိုဒေါင်အလုပ်သမားများ ထိတွေ့မှု မရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ကမ်းတက်ခွင့်မပြုရန်၊ ဂိုဒေါင်များအတွင်း သန့်ရှင်းရေးနှင့် ပိုးမွှားသန့်စင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ဂိုဒေါင်အတွင်းသို့ ဝင်ထွက်သည့် မော်တော်ယာဉ်များအားလုံး ပိုးသတ်ဆေးဖြန်းရန်၊ မဟာချိုင်ဒေသသို့ ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး သွားလာခဲ့သောသူများ ကွာရန်တင်းဝင်ရန် စသည်တို့ ပါဝင်သည်။

ထို့ပြင် မဟာချိုင်ဒေသသို့သွား ရောက်မှုများအား သတင်းပို့ရန်နှင့် တင်းတင်းကျပ်ကျပ်စိစစ်ရန်၊ ခိုးဝင်မြန်မာ များရှိပါက ချက်ချင်း‌အကြောင်းကြားရန်၊ ထူးခြားသတင်းများအား သတင်းပို့ အကြောင်းကြားရန်နှင့် လုံခြုံရေးတပ်ဖွဲ့များ အထူးသတိဖြင့် နယ်စပ်လုံခြုံရေးအား တင်းကျပ်စွာဆောင်ရွက်ရန် စသည်တို့လည်း ပါဝင်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့်ဆက်စပ်လျက်ရှိသည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်ကိုမူ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ယာယီဆိုင်းငံ့မည်ဖြစ်သည်။