ပျော်ရွှင်မှုသို့ တမ်းချင်း

0
311
Dawei Watch, Dawei News, Dawei News Media

ဂျာမန် ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ ဘီသိုဗင်က သူ့ရဲ့ အထင်ရှားဆုံး ဖြစ် လာမယ့် ဆင်ဖိုနီအမှတ် ၉ တေးသွားကို သူရဲ့ ဘဝနှောင်းပိုင်း အချိန်မှာ ရေးဖွဲ့ခဲ့ ပါတယ်။ ၁၇၇၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၈၂၇ ခုနှစ် အသက် ၅၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဘီသိုဗင်က သူ မကွယ်လွန်မီ ငါးနှစ်အလိုမှာ ဒီတေးသွားကို ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်ဖိုနီအမှတ် ၉ ရဲ့ သံပြိုင်အပိုဒ် ကို “ပျော်ရွှင်မှုသို့ တမ်းချင်း (Ode To Joy)” လို့လည်း လူသိများကြပါတယ်။ မူရင်း ဂျာမန်နာမည်ကတော့ An die Freude လို့ ခေါ်ပါတယ်။ ဂျာမန်အမည် ဖြစ်တဲ့ Freude ကို အင်္ဂလိပ်ဘာသာနဲ့ ဆိုရင် Joy (ပျော်ရွှင်ကြည်နူးမှု) လို့ ဘာသာပြန်ဆိုလို့ ရပါတယ်။

ဒီသံပြိုင်အပိုဒ်ရဲ့ စာသားတွေကို ဂျာမန် ဒဿနပညာရှင်၊ ကဗျာဆရာ တစ်ယောက်ဖြစ်တဲ့ ဖရက်ဒလစ်ရှေလာ (Friedrich Schiller) ရဲ့ ကဗျာစာသား တွေကနေ ထုတ်နုတ်ပြီး ဘီသိုဗင်က သူ့ရဲ့ တေးသွားထဲမှာ သီကုံးဖွဲ့နွဲ့ထားတာ ဖြစ်ပါတယ်။ မူရင်း သီချင်းစာသားတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Joy, beautiful spark of Divinity [or: of god],
Daughter of Elysium,
We enter, drunk with fire,
Heavenly one, thy sanctuary!
Thy magic binds again
What custom strictly divided;
All people become brothers,
Where thy gentle wing abides.

မြန်မာလို ဆီလျော်အောင် ပြန်ဆို ကြည့်ရမယ် ဆိုရင်တော့ အောက်ပါ အတိုင်း အဓိပ္ပာယ် ရပါတယ်။

ပျော်ရွှင်ကြည်နူးမှု၊ နတ်ဒေဝါတို့ရဲ့ လှပလိုက်တဲ့ မီးပွားလေး
အယ်လီဆီယမ်ရဲ့ သမီးတော်
ငါတို့ ဝင်ရောက်လာတယ်၊ မီးဖိုနံ ဘေးမှာ ထိုင်ပြီး သောက်သုံးကြတယ်
မြင့်မြတ်လှတဲ့ အရာ၊ ငြိမ်းချမ်း ခိုလှုံရာ နေရာ
ရိုးရာဓလေ့ထုံးတမ်းတွေက တင်း ကျပ်စွာ တားမြစ်ထားတဲ့ အရာတွေကို
မှော်ဆန်စွာ ပေါင်းစည်းလိုက်ပြီ
နူးညံ့တဲ့ အတောင်ပံရဲ့ ထွေးပွေ့မှု အောက်မှာ
လူသားအားလုံး ညီအစ်ကိုတွေ ဖြစ်လာကြပြီ …

နတ်ဒေဝါ (Divinity) နဲ့ အယ်လီ ဆီယမ် (Elysium) စတဲ့ စာသားတွေက ဂရိဒဏ္ဍာရီထဲက အကြောင်းအရာတွေကို ပြန်ရည်ညွှန်းပါတယ်။ အယ်လီဆီယမ် ဆိုတာက ဂရိဒဏ္ဍာရီထဲမှာ ပါဝင်တဲ့ တမလွန်ဘုံက ပျော်ရွှင်ဖွယ်ရာ နေရာ တစ်ခု ဖြစ်ပါတယ်။

ဘီသိုဗင်ရဲ့ ဒီတေးသွားကို ၁၉၇၂ ခုနှစ်မှာ ဥရောပရဲ့ အထိမ်းအမှတ် နိုင်ငံတော်သီချင်းအဖြစ် ဥရောပ သမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန် နိုင်ငံမှာလည်း နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး အချိန်အခါ ရောက်လာတိုင်း ဒီတေးသွားကို နိုင်ငံအနှံ့အပြားမှာ တီးမှုတ် ဖျော်ဖြေလေ့ ရှိကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ် အပြီးခေတ် ဂျပန်နိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး၊ စီးပွားရေး ပြန်လည်တည်ဆောက်မှုတွေ အတွင်းမှာ ဒီသီချင်းက ပိုပြီး လူသိများ ထင်ရှားလာခဲ့ပါတယ်။ တချို့သော ဖျော်ဖြေပွဲတွေမှာ ဒီသီချင်း ရဲ့ သံပြိုင်အပိုဒ်ကို လူပေါင်း အယောက် ၁၀ဝ၀ ကျော်လောက်က သီဆိုပြီး ဖျော် ဖြေတာမျိုးတွေတောင် ရှိခဲ့ပါတယ်။ ဒီ သီချင်းရဲ့ တေးသွား တည်ဆောက်ပုံ အနိမ့်အမြင့်တွေနဲ့ လူသားအားလုံး ညီအစ်ကိုတွေ ဖြစ်လာကြပြီဆိုတဲ့ စာသား က နားဆင်သူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ ဘီသိုဗင်ရဲ့ စာသားထဲ က “ပျော်ရွှင်မှု” ဆိုတာကို ပြင်သစ် စာရေးဆရာ တစ်ဦးဖြစ်တဲ့ အလ်ဘတ် ကမူး အဓိပ္ပာယ်တစ်ခုကို ပြောပြချင်ပါ တယ်။ ကမူးရဲ့ အက်ဆေးတွေထဲက ရှင်သန်နေသောဘဝကို ချစ်ခြင်း (Love of Life) အက်ဆေးထဲက မှတ်စုမှာ –
“လွတ်လပ်ခြင်း တစ်စုံတစ်ရာကို ကျေနပ်သာယာစွာ ခံစားနိုင်တယ် ဆိုတာ က တကယ့်ယဉ်ကျေးခြင်း တစ်ရပ်ပဲ (There is a certain freedom of enjoyment that defines true civilzation)”

(မှတ်ချက်။ ။မြင့်သန်း ဘာသာပြန် အလ်ဘတ်ကမူး လက်ရွေးစင် စာအုပ်မှ)လို့ ရေးသားခဲ့ပါတယ်။ ဆိုလို ချင်တာကတော့ လွတ်လပ်ခြင်း၊ သာယာ ပျော်ရွှင်ခြင်းနဲ့ စစ်မှန်တဲ့ ယဉ်ကျေးမှုရှိတဲ့ လူ့အဖွဲ့အစည်းက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ် ဆိုတာပါပဲ။ လွတ်လပ် မျှတတဲ့၊ စစ်မှန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှသာ သာယာပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

စာပေ လွတ်လပ်စွာ ရေးသားခွင့်ရှိ တာ၊ လွတ်လပ်စွာ ကိုယ့်ရဲ့ အမြင်ကို ထုတ်ဖော်ပိုင်ခွင့်ရှိတာ၊ တရားမျှတမှု ရှိတာ စတဲ့အချက်တွေက သာယာပျော် ရွှင်ဖွယ်ရာ ကောင်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အမှတ်သင်္ကေတတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဘီသိုဗင်ရဲ့ “လူသား အားလုံး ညီအစ်ကိုတွေ ဖြစ်လာကြပြီ” စာသားကို တွေးကြည့်မယ်ဆိုရင် အခုခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေကြတဲ့ ကွဲပြားခြားနားမှု (diversity)တွေကို အရင်ဆုံးမြင်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံက ဓလေ့ထုံး တမ်း မတူညီတဲ့ တိုင်းရင်းသားတွေ၊ ကွဲပြားခြားနားမှုတွေ မျိုးစုံရှိတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ဘက်အစွန်အဖျား ဆလုံကျွန်းစုတွေ၊ ဆလုံလူမျိုးစု တွေကနေ စတင်လို့ မြောက်ဖျားပိုင်း ကချင်ပြည်နယ်က ကချင်လူမျိုးစုတွေအထိ တိုင်းရင်းသား မျိုးစုံ အတူယှဉ်တွဲနေထိုင်ကြပါတယ်။

လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်တဲ့နေရာမှာ ဒီလို မတူ ကွဲပြားတဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါ တယ်။ လူသားအားလုံးကို ညီအစ်ကိုလို သဘောထားနိုင်ဖို့ လိုပါတယ်။ ဒါမှသာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာစာတမ်းထဲမှာ လည်း “ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသားရင်သား သူကား ငါကား ခွဲခြားခြင်းကိုအလိုမရှိ” လို့ ပါဝင် ပါတယ်။

ဘီသိုဗင်ရဲ့ “ပျော်ရွှင်မှုသို့ တမ်းချင်း” ထဲက နတ်ဒေဝါတို့ရဲ့ လှပလိုက်တဲ့ မီးပွားလေးဖြစ်တဲ့ ပျော်ရွှင် ကြည်နူးရမှု တွေကိုသာ ကျွန်တော်တို့ အလိုရှိပါ တယ်။ လွတ်လပ်မျှတတဲ့ လူ့အဖွဲ့ အစည်းကို တည်ဆောက်နိုင်ဖို့အတွက်ပဲ အလိုရှိပါတယ်။ အခုအချိန်ထိ မငြိမ်းနိုင်သေးတဲ့ စစ်မီးလျှံတွေကို အလိုမရှိ တော့ပါဘူး။

မိုးရဲ