ကိုဗစ်ကူးစက်မှု လူထုအကြား ပျံ့နှံ့နေပြီဟုဆို

0
215
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်လူထုအကြားတွင် ကိုဗစ်ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီနေဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ယခင်က ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ၊ ခရီးသွားရာဇဝင်ရှိသူတို့ တွင် ပိုးတွေ့ရှိလေ့ရှိသော်လည်း ယခု နောက်ပိုင်းတွင် အတည်ပြုလူနာနှင့် ထိ‌တွေ့မှုမရှိသည့်အပြင် ခရီးသွား ရာဇဝင်လည်း မရှိဘဲ အနံ့မရသည့် လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံ က ပြောသည်။

“အရင်တုန်းကဆိုရင် ဆက်စပ်ထိ တွေ့ခဲ့သူတွေရှိမှ ပိုးတွေ့တာပေါ့။ ဒီ နောက်ပိုင်း လူထုထဲမှာ ကူးစက်ပျံ့နှံ့မှုပေါ့။ ဒေသတွင်း ကူးစက်မှုရှိနေတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်နယ်အတွင်း အနံ့မရလက္ခဏာပြသူများလာပြီး အနံ့မရသူ ၁၀ ဦးကို စစ်ဆေးလိုက်လျှင်လည်း ကိုးဦးတွင် ပိုးတွေ့ရှိသည်ဟုလည်း ဒေါက်တာဝတ်မှုံက ပြောသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာလဆန်း ပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ ရာနှင့် ချီ မြင့်တက်လာခဲ့ပြီး မော်လမြိုင်၊ သထုံ နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်သည်။

လက်ရှိတွင် ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ များပြားလာသည့်အတွက်ကြောင့် အတည်ပြုလူနာများအား ကုသပေးသည့်နေရာကို မော်လမြိုင်အပြင် သထုံမြို့တွင်လည်း ထပ်မံတိုးချဲ့ထားရသည်။

ကူးစက်မှုတိုးလာနေသည့်အခြေအနေမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူတို့က ပညာပေးမှုများ လုပ်ဆောင်နေသလို သတ်မှတ်ထားသည့် စည်းကမ်းမလိုက်နာသူများကို အရေးယူဆောင်ရွက်နေသည်လည်းရှိနေသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၂၀ဝ၀ ကျော်သွားပြီဖြစ်သည်။