အမှောင်ထဲက အတွေးတစ်စ

အမှောင်ထဲက အတွေးတစ်စ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အိမ်ရှေ့မှာချိတ်ထားတဲ့ တိုင်ကပ် နာရီကြီးဆီက ဒေါင်ခနဲတစ်ချက်မြည်ပြီး နောက် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ ညဥ့်သန်း ခေါင်ကျော်လို့ နာရီပြန်တစ်ချက်တောင် ရှိသွားပါပေါ့လား။ အိပ်စက်ဖို့ အဆင် သင့်မဖြစ်တဲ့အခါ အိပ်ပျော်ဖို့ အထွေအထူး ကြိုးစားမနေတော့ဘဲ အမှောင်ထဲမှာ ဒီလိုသက်တောင့်သက်သာ ထိုင်တတ်တာ ကျင့်သားရနေခဲ့ပြီ။ ဘဝရဲအချိန် အတော်များများက အိပ်စက်ခြင်းနဲ့ ကုန်ဆုံးခဲ့တာပဲလေ။ မအိပ်ချင်တဲ့ အချိန်မှာ ဘာလို့အိပ်စက်ဖို့အတွက် စိုးရိမ်သောကဖြစ်နေမလဲ။

ဧည့်ခန်းရဲ့ ကုလားထိုင်မှာထိုင်ရင်း မျက်စိရှေ့မှာ မြင်နေရတဲ့ အမှောင်ကို အားစိုက်ကြည့်နေမိတယ်။ ပိန်းပိတ်အောင် မှောင်တယ်ဆိုတာ ဒီလိုညမျိုးကို ခေါ်တာလား။ ဘာဖြစ်လို့ ဒီလောက်တောင် မှောင်နေတာပါလိမ့်။ ခါတိုင်း ညတွေဆို မှောင်တယ်ဆိုပေမဲ့ ခပ်ကြာကြာထိုင်မိတာနဲ့ ရှေ့ကမြင်ကွင်းကို ဝိုးတိုးဝါးတား မှန်းဆကြည့်လို့ရသေးတယ်။ အခုက အမှောင်လဟာပြင်ထဲ ရောက်နေသလိုပါပဲ။

လကွယ်ရက် ရောက်ခါနီးပြီမို့လား။ ကောင်းကင်မှာ တိမ်မည်းကြီးတွေ အုပ်ဖုံးနေလို့များလား။ ပြက္ခဒိန် မကြည့်တာ ကြာပြီမို့ လကွယ်ရက် နီး၊ မနီး လည်း မသိ။ ကောင်းကင်ကို လှမ်းမမြင် ရတာမို့ တိမ်မည်းတွေ ဖုံးမဖုံးလည်း မသိ။ ကျွန်မသိတာက တစ်ခုပဲရှိတယ်။ ရှေ့မှာရှိနေတဲ့ ဘယ်လိုအရာဝတ္ထုမျိုးကိုမှ မြင်ခွင့်မရအောင် ပိတ်ဖုံးထားတဲ့ အဲဒီ အမှောင်ကိုတော့ ကျွန်မမြင်ခွင့်ရနေခဲ့တယ်။ အဲဒီအသိနဲ့ပဲ ကျွန်မပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ အမှောင်တွေကို စိုက်ကြည့်နေမိတယ်။

ဒီလို ပိတ်ပိန်းနေတဲ့ အမှောင်ထုကြီးထဲမှာ နေရတာကို ကျွန်မဘယ်တုန်း ကတည်းက ကျင့်သားရသွားတာပါလိမ့်။ ဟင့်အင်း– ကျင့်သားရသွားတာမဟုတ် ဘူး။ ဒီလိုနေရတာကို ကြိုက်ကိုကြိုက်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်တောင် ပြန် မမြင်ရတဲ့ ငြိမ်သက်တိတ်ဆိတ်မှုထဲမှာ ရောက်နေတာက ဘယ်လောက်တောင် သဘောကျစရာ ကောင်းလိုက်သလဲ။ ကိုယ့်ခန္ဓာကိုယ်ဟာ အမှောင်ထုနဲ့ တစ်သား တည်းကျသွားပြီး ပုံသဏ္ဌာန်ကင်းမဲ့သွားသလို ခံစားရတဲ့ ခံစားချက်မျိုးက ဘာနဲ့ နှိုင်းယှဉ်ဖော်ပြရမှန်းတောင် မသိပါ။

ငယ်ငယ်တုန်းကတော့ ကျွန်မက အမှောင်ကို သိပ်ကြောက်တတ်ခဲ့သူပါ။ အမှောင်ထဲမှာ အခုလိုမျိုး သက်တောင့် သက်သာ ထိုင်နေဖို့ကို မပြောနဲ့။ မှောင်ရိပ်နည်းနည်းကျနေတဲ့ အိမ်ရဲ့ထောင့်စွန်း နေရာမှာလိုမျိုး တစ်ခုခု သွားယူရရင်တောင် သိပ်ကိုကြောက်တတ်သူ။ ညမိုးချုပ်ပြီဆိုတာနဲ့ အိမ်ထဲမှာ တစ်ယောက်တည်း မနေရဲသူ။ ညအိပ်ရင်တောင် တစ်ယောက် ထဲမအိပ်ရဲလို့ အိမ်သားတစ်ယောက် ယောက်အနားမှာ ကပ်အိပ်တတ်သူ။ တစ်ရေးနိုးလို့ မှောင်မည်းနေတာတွေ့ရင် ဘယ်ကိုမှ မကြည့်ရဲတော့ဘဲ မျက်စိကို ဇွတ်မှိတ်ထားတတ်သူ။ ကျွန်မက အဲဒီ လိုမျိုးကို သတ္တိရှိခဲ့တာ။

ဒါပေမဲ့ အခုတော့ ညအမှောင်ရဲ့ တိတ်ဆိတ်အေးချမ်းမှုက ကျွန်မကို ဖမ်းစားထားခဲ့တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အမှောင်နဲ့အတူ ပျောက်ကွယ်သွားသလိုလို။ သိစိတ်တစ်ခုတည်းကပဲ နှလုံးခုန်သံနဲ့အတူ အသံလှိုင်းတိုးတိုးလေးတွေ ထုတ်လွှတ်နေခဲ့တယ်။ ဘာတွေ တွေးနေတာလဲ။ တိတ်ဆိတ်တဲ့အခါ အတွေးက ထွက်ပေါ်လာတဲ့ အသံတွေဟာ ပုံမှန်အချိန်ထက် ပိုပြီးကြည်လင် ပြတ်သားနေတတ်တယ်။ အတွေးတွေကို တစ်ခုချင်းစီ ပြန်ကြည့်ယင်း ဖတ်ခဲ့ဖူးတဲ့ စာတိုအပိုင်းအစလေးတစ်ခုကို သတိရသွားမိတယ်။

အမှောင်ဆိုတာ တကယ်မရှိပါဘူးတဲ့။ အလင်းမရှိခြင်းကသာ အမှောင်လို့ ခေါ်တာပါတဲ့။ ဘယ်သူရေးတာလဲ မမှတ်မိတော့။ အဲဒါတကယ်ပဲလား။ ကျွန်မအနီးတစ်ဝိုက်မှာ ဝေ့ဝဲလွင့်မျောနေတဲ့ အမှောင်တွေက တကယ်မရှိဘူးလား။ အလင်းမရှိလို့ မှောင်တယ်လို့ခေါ်လိုက်တာလား။ ကျွန်မကတော့ အဲဒီအဆိုကို သဘောမကျပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် သူ့ဖြစ်တည်မှုနဲ့သူ ရှိနေတယ်လို့ ကျွန်မတော့ ယုံကြည်တယ်။ အလင်းမရှိတဲ့ အချိန်မှာ အမှောင်ရဲ့ဖြစ်တည်မှု ဖြစ်လာ တယ်လို့ပဲ သုံးစွဲချင်တယ်။

ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာ ဘယ်သူကစတင်ခဲ့တာလဲမသိ။ မကောင်းတဲ့လူ၊ မကောင်းတဲ့လုပ်ရပ်၊ မကောင်းတဲ့ နေရာစတဲ့ မကောင်းတာတစ်ခုခုကို အမှောင်နဲ့ထပ်တူပြုပြီး သုံးစွဲတတ်တာ အလေ့အကျင့် ဖြစ်နေခဲ့ပြီ။ ဥပမာ- အမှောင်ထဲကလူ၊ မှောင်ခိုလုပ်ငန်း စသဖြင့်ပေါ့လေ။ အမှောင်နဲ့ပတ်သက် ပြီး ကျွန်မသဘောအကျဆုံး နှိုင်းယှဉ် ချက်တစ်ခုကတော့ မသိခြင်းအမှောင် ဆိုတဲ့စကားပါပဲ။ အခုအချိန် အမှောင်ထဲမှာ ထိုင်နေတဲ့ကျွန်မအတွက် မသိခြင်းတရားကို အမှောင်နဲ့ ဥပမာပေးထားတဲ့ အဲဒီစကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို တွေးဆဆင်ခြင်မိစေတယ်။

မသိခြင်းတရား ဖုံးလွှမ်းနေတဲ့ လူတစ်ယောက်ဟာ အမိုက်မှောင်ဖုံး လွှမ်းနေတာနဲ့ အတူတူပါပဲတဲ့။ ကျွန်မ တို့လူသားတွေဟာ မသိခြင်းတရားနဲ့ သိခြင်းတရားတွေ ဒွန်တွဲထားတဲ့ သတ္တဝါများလား။ တချို့လူတွေဆီမှာရှိတဲ့ မသိခြင်းတရားက ဘယ်လောက် အားကြီးလိုက်သလဲဆိုရင် အခုကျွန်မ ရှေ့မှာရှိနေတဲ့ အမှောင်လိုမျိုးပဲ ဘာမှ မမြင်နိုင်လောက်အောင် ပိန်းပိတ်နေ တာ။ တချို့လူတွေရဲ့ အသိÓဏ်အမှောင် ဖုံးမှုက သိပ်ကြောက်စရာကောင်းပါတယ်။

ကိုယ်အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေကို မြိန်ရေယှက်ရေ ဖျက်ဆီးနေကြတဲ့သူတွေ။ ကိုယ့်အသက်အန္တရာယ်လည်း ကိုယ်မသိ၊ သူတစ်ပါး ဆင်းရဲဒုက္ခရောက်မှာကိုလည်း ဂရုမစိုက်တဲ့သူတွေ။ သတ္တဝါတွေ အသက်ရှင်ရပ်တည်ဖို့အတွက် အဓိကအကျဆုံး အရာတွေဖြစ်တဲ့ လေထု၊ ရေထု၊ မြေထုတွေကို ညစ်ညမ်းပျက်စီးသွားအောင် ပျော်ပျော်ပါးပါး ဖျက်ဆီးနေကြတဲ့သူတွေဟာ မသိခြင်းတရားတွေနဲ့ နှလုံးသား ဝိÓဏ်အမှောင်ဖုံးနေတဲ့ သူတွေပါပဲ။

အဲဒီလူတွေရဲ့ မသိခြင်းတရား အမှောင်ကြောင့် လူသားတစ်ရပ်လုံး ဆင်းရဲဒုက္ခတွေနဲ့ ကြုံဆုံခဲ့ရပေါင်းများပြီ။

အမှောင်ရဲ့ ဖြစ်တည်မှုထဲမှာ တစ်သား တည်းကျသွားတဲ့အခါ ခန္ဓာကိုယ်က တိတ်ဆိတ်ငြိမ်သက်သလောက် အတွေးတွေက ကမ္ဘာပတ်နေတတ်တာဟာ သဘာဝဖြစ်နေပြီ။ အတွေးတွေက ဒီလိုပါပဲလေ။ အမြဲတမ်းမရပ်မနား ပြေးလွှားနေတော့တာပါပဲ။ သေချာကြည့်တော့မှ ဘယ်လောက်အထိ အရှိန်ပြင်းပြင်းနဲ့ ပြေးလွှားနေသလဲဆိုတာ သိရတော့တာ။ ဒီလိုအချိန်မျိုးမှာ အတွေးတွေကို ရပ်တန့်ချင်တဲ့ ဆန္ဒမဖြစ်မိပါဘူး။ ကျွန်မက အတွေးတွေနဲ့အတူ ဝေ့ဝဲလွင့် မျောရတာကို နှစ်သက်တတ်သူလေ။

ရှေ့တည့်တည့်မှာ ပိတ်ထားတဲ့ တံခါးမကြီးကို စိတ်မှန်းနဲ့ကြည့်ရင်း ငယ်ငယ်တုန်းကအကြောင်းတွေဆီ စိတ်ရေအလျဉ်က စီးဆင်းသွားပြန်တယ်။ ကျွန်မငယ်ငယ်တုန်းက မှောင်ရိပ်လည်း နည်းနည်းကျနေတယ်၊ တံခါးလည်း ပိတ်ထားတယ်ဆိုရင် အဲဒီပိတ်ထားတဲ့ တံခါးကို ဘယ်တော့မှ မဖွင့်ရဲဘူး။ တံခါးကို ဖွင့်လိုက်ရင် တံခါးရဲ့အခြားတစ်ဖက်မှာ တစ္ဆေသရဲတွေကို ရုတ်တရက် မြင်လိုက်ရမလားဆိုတဲ့အတွေးက အမြဲခြောက်လှန့်နေခဲ့တယ်။

ဒီလိုပါပဲ ကျွန်မတို့ ဖြတ်သန်းသွားရတဲ့ ဘဝလမ်းတစ်လျှောက်မှာလည်း ပိတ်ထားတဲ့ တံခါးချပ်တွေအများကြီး တွေ့ကြုံရမှာပါ။ အဲဒီတံခါးချပ်တွေကို မဖွင့်ရဲလို့ ဘဝရဲ့တက်လမ်းတွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီလဲ။

အရည်အချင်းတွေ မပြည့်မစုံဖြစ် နေတယ်ဆိုတဲ့အထင်ကြောင့် ကိုယ်လုပ်ချင်တဲ့အလုပ်ကို မလျှောက်ရဲတဲ့သူတွေ။ မိမိဘဝတိုးတက်သွားမယ်လို့ သေချာနေတဲ့ အင်တာဗျူးစာမေးပွဲတွေကို ကျရှုံးမှာကြောက်တဲ့စိတ်ကြောင့် မဖြေရဲတဲ့သူတွေ။ အလုပ်သစ်မှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကြုံတွေ့ရမှာစိုးလို့ ကိုယ်ဝါသနာမပါတဲ့အလုပ်မှာ ဇွတ်ကြိတ်မှိတ် နေနေတဲ့သူတွေ။

ဒါတွေဟာ ကိုယ့်ရှေ့မှာပိတ်ထားတဲ့ တံခါးချပ်တွေကို ဖွင့်ရဲတဲ့သတ္တိမရှိလို့ မဟုတ်ပါလား။တံခါးရဲ့ အခြားတစ်ဖက်မှာ တစ္ဆေသရဲများ ရှိနေလေမလားဆိုတဲ့ အတွေးရဲ့ခြောက်လှန့်မှုကြောင့် အခွင့်အရေးတွေ ဘယ်လောက်အထိ ဆုံးရှုံးခဲ့ ပြီးပြီလဲ။ ကျွန်မကိုယ်တိုင်ကရော။ ဟုတ်တယ်။ ကျွန်မလည်း တံခါး မဖွင့်ရဲတဲ့ သူတစ်ယောက်ပါပဲ။ ငယ်ငယ်တုန်းက အမှောင်ထဲက တံခါးကို မဖွင့်ရဲ ခဲ့သလို အရွယ်ရောက်လာတော့လည်း ဘဝမှာကြုံရတဲ့ စိန်ခေါ်မှုတံခါးချပ်တွေ ကို မဖွင့်ရဲခဲ့လို့ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပေါင်းများပါပြီ။

ကျွန်မတို့ရဲ့ ကြောက်ရွံ့စိတ်၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ မပြတ်မသားမဝံ့မရဲစိတ်တွေကို ကြိုးစာတွန်း လှန်ပြီး ပိတ်ထားတဲ့ အခွင့်အရေးတံခါးတွေကို သတ္တိရှိရှိနဲ့ ဖွင့်ရဲဖို့လိုပါတယ်။ တံခါးရဲ့အခြားတစ်ဖက်မှာ သစ္ဆေသရဲလည်းရှိမနေသလို ပန်းကုံးစွပ်ကြိုဆိုနေ မယ့်သူလည်း ရှိမှာမဟုတ်ပါဘူး။ ပကတိ အရှိတရားအတိုင်းနားလည်ပြီး ကြိုးစားရင် ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ တံခါးရဲ့ အခြားတစ်ဖက်မှာ ဘာတစ္ဆေသရဲမှ ရှိမနေဘူးဆိုတာ ဆင်ခြင်ဉာဏ်နဲ့ ပိုင်းခြားသိသွားခဲ့ရင် မသိခြင်းအမှောင် နေရာမှာ ဉာဏ်ပညာအလင်းက အစားထိုး ဝင်ရောက်လာမှာပါပဲ။ ဘဝမှာ အတွေ့ အကြုံတွေ များလာတာနဲ့အမျှ ပကတိ အဖြစ်မှန်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းက လည်း ပိုမိုမြင့်မားလာပါတယ်။ အတွေ့အကြုံဆိုတာ အကောင်းဆုံးဆရာလို့ ဆိုကြတယ် မဟုတ်ပါလား။

အမှောင်ရဲ့အလယ်မှာ ထိုင်ရင်း အတွေးတွေက အမှောင်ထဲမှာ ရစ်ဝဲလိုက်၊ အလင်းတန်းတွေကို မှန်းဆမျှော် တွေးလိုက်နဲ့။ အချိန်ကာလ၊ နေရာ၊ ပုံသဏ္ဌာန်တွေ ပျောက်ဆုံးသွားပြီး နှလုံးခုန်သံနဲ့ အတွေးရေလျဉ်တို့ စည်းဝါးနရီ ကိုက်သွားတဲ့ အခိုက်အတန့်ပေါ့။ ကလေးဘဝတုန်းက အမှောင်ကို ကြောက်လန့်ခဲ့ရင်တောင် အခုအချိန်မှာ အမှောင်ရဲ့ တည်ကြည်ငြိမ်သက်မှုတွေကို သဘောကျနှစ်ခြိုက်နေတတ်ခဲ့ပြီ။ မှောင်မိုက်လွန်းတဲ့ ဒီလိုညမျိုးမှာ မှတ်ဉာဏ်ထဲက ဘဝအတွေ့အကြုံတွေကို တစ်စစီဆွဲထုတ် အရည်ဖျော်ရင်း အတွေးတွေဖြန့်ကျက်ရွက်လွှင့်နေရတဲ့အခါ အမှောင်ဟာ သင်ခန်းစာတွေ အများကြီးပေးနိုင်တဲ့ တန်ဖိုးကြီးအရာတစ်ခု ဖြစ်သွားပါတော့တယ်။ ။

နီမာဦး (အံဒင်)