ဘယ်လိုချေကြမလဲ

0
1308
ဘယ်လိုချေကြမလဲ

နှာချေလိုက်ရခြင်းကြောင့် နေသာထိုင်သာ ရှိသွားတဲ့ ခံစားမှုမျိုး ခံစားရဖူး မည်ထင်ပါတယ်။ တခါခါတော့လည်း တိတ်ဆိတ်နေသော လူအုပ်ကြီးကြားထဲ အသံခပ်ကျယ်ကျယ်တစ်မျိုး၊ အစား အသောက်များနှင့် ပလုပ်ပလောင်း စားကောင်းနေစဉ် တားမရဆီးမနိုင် နှာထချေမိခြင်း တစ်ဖုံ ဟပ်ချိုး အတွေ့အကြုံမျိုးစုံ စိတ်မသက်မသာနှင့်ကြုံဖူးခဲ့ကြပေလိမ့်မယ်။

အခုလိုမျိုး ဥတုရာသီ အပြောင်းအလဲဖြစ်ချိန်မှာ ဟပ်ချိုး သံလေးတွေကို လူတိုင်းနီးပါးမှာ ကြားရတတ်ပါတယ်။

ဘာကြောင့်နှာချေကြပါသလဲ။ နှာချေရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကဘာပါလဲ။ နှာခေါင်းယားလာခြင်း၊ မျက်လုံးတွင် မျက်ရည်ဝေ့လာခြင်း၊ နှာခေါင်းတဝိုက် ကြွက်သားများ မသိမသာ လှုပ်လာခြင်း၊ ခပ်ပြင်းပြင်း ဝင်သက် တစ်ခု လှစ်ခနဲ ရှူသွင်းလိုက်ခြင်းနဲ့ အတူ မရှေးမနှောင်းမှာပင် ဟပ်ချိုး ဟူသော အသံသည် ထွက်၍လာပါတယ်။

ဓာတ်မတည့်ခြင်းကြောင့်ဖြစ်စေ အပူချိန်အပြောင်းအလဲကြောင့်ဖြစ်စေ ရုတ်တရက် စူးစူးရှရှ အလင်းကြောင့်ဖြစ်စေ နှာခေါင်းယားလာတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ကိုယ်ခန္ဓာက သူ့အတွက် နှာခေါင်းရှုံ့စရာ တခုခုကို ပထုတ်ဖို့လိုနေပြီလို့ မှတ်ယူလိုက်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှာချေခြင်း ဖြစ်ရတာပါ။

နှာခေါင်းထဲကို ပိုးမွှားတွေ ဖုန်တွေ ဒါမှမဟုတ် ဝတ်မှုန် တစ်ခုခု ဝင်လာတဲ့အခါမှာ နှာချေခြင်းစင်တာလို့ခေါ်တဲ့ ဦးနှောက်ထဲကနေရာတစ်ခုကို နှာခေါင်းက သတင်းပို့ပါသတဲ့။ ဒီအခါမှာ နှာချေခြင်း စင်တာကလည်း နှာချေခြင်းအလုပ် ကို ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကိုယ်ခန္ဓာ သက်ဆိုင်ရာ အစိတ်အပိုင်းများကို အချက်ပြပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ အမြှေးအပါးတွေ၊ အသံထွက်အင်္ဂါတွေ၊ လည်ချောင်းရဲ့ အနောက်ပိုင်းက ကြွက်သားတွေဟာ နှာချေဖို့အတွက် အတူတကွလုပ်ဆောင်ကြရပါတယ်။ နှာချေခြင်းဟာ နှာခေါင်းတွင်းမှာ ရှိနေတဲ့ ပြင်ပကဝင်လာတဲ့ မလိုလားအပ်တဲ့အရာ နှာခေါင်းအတွက် နှာခေါင်းရှုပ် စေတဲ့ အရာတွေကို အပြင်ကို ထုတ်ပစ်ဖို့ပါ။ ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများဟာ အတူတကွအလုပ်လုပ်ရင်း ကိုယ်တွင်းက လေအဟုန်နဲ့ နှာခေါင်းထဲက အရာဝတ္ထု တွေကို မှုတ်ထုတ်ပါတော့တယ်။ အချူး၊ ဟပ်ချိုး စတဲ့ အသံမျိုးစုံလည်း မြည်ဟိန်းပါတော့တယ်။

နှာချေနေရင်းနဲ့ မျက်လုံးများဖွင့်လို့ ထားဖို့ ကြိုးစားဖူးပါသလား။ အခိုက် အတန့် ခဏလေး ဟပ်ချိုးချိန်မှာ မျက်စိတွေ မှိတ်မှိတ်သွားတတ်ပါတယ်။ ဒါမျိုး မျက်လုံး မမှိတ်အောင်တားလို့လည်း မရသလောက်ပါပဲ။ ဘာလို့ အဲလိုဖြစ်တယ်ဆိုတာကို အတိအကျမသိပေမဲ့ လောကဓာတ်သိပ္ပံပညာရှင်တွေ တွေးဆကြည့်တာကတော့ ကျွန်ုပ်တို့ ဦးနှောက်က မျက်လုံးမှိတ်စေဖို့ စေခိုင်းလို့ပဲလို့ ဖြစ်ပါတယ်။ ဒါကလည်း နှာချေခြင်းရဲ့ တုံ့ပြန်မှုတစ်မျိုး ဖြစ်ပြီးတော့ သဘောအားဖြင့်တော့ တယောက် ယောက်ကကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်တုပ်နှောင်လိုက်တဲ့အခါ ပြန်လည် ရုန်းထွက်ချင်တဲ့ သဘောတရားနဲ့ ခပ်ဆင်ဆင်ရယ်လို့ဆိုပါတယ်။

ဒါပေသိ တကယ်လို့ နှာချေရင်းမျက်လုံး ဖွင့်ထားချင်လို့ ကြိုးစားပမ်းစား လုပ် ကြည့်တယ်ဆိုရင်တော့လည်း ဖြစ်နိုင် ပါတယ်လို့ဆိုပြန်ပါတယ်။ စမ်းကြည့် ကြပေါ့လေ။ တကယ်က နှာချေနေတဲ့ အခိုက်အတန့်လေးမှာ မျက်လုံးမှိတ် ချင်သွားတာ မျက်လုံးအလိုလို မှိတ်သွားတာက တော်တော်လေးအား ပြင်းပါသတဲ့လေ။ ပြီးတော့ ဒါက ကိုယ်ခန္ဓာရဲ့ သဘာဝအလျောက်ဖြစ်တဲ့ တုံ့ပြန်မှုဖြစ်တာကြောင့် ကိုယ်က ဒါကို ဆန့်ကျင်ဖို့ ကြိုးစားနေသလိုဖြစ်နေမှာပါ။ ကိုယ် ခန္ဓာက သူ့ရဲ့ လေကြောင်းလမ်း နှာခေါင်း လိုဏ်ဂူထဲက သူမလိုတဲ့ဟာတွေကို တတ်နိုင်သလောက် အစွမ်းကုန် မှုတ်ထုတ်တာလည်းဖြစ်တာကြောင့် မျက်လုံး မှိတ်တာက ကူရာရောက်ပါတယ်။ တချို့ ယူဆချက်ကတော့ မျက်လုံးမှိတ်လိုက် တာက နှာခေါင်းက နှာချေလိုက်လို့ ထွက်လာတဲ့ မလိုလားအပ်တဲ့အရာတွေ မျက်လုံးထဲ မဝင်အောင် ကာကွယ်တာလို့ လည်း ဆိုပါတယ်။

ဘာလို့ နှာချေတာက တစ်ကြိမ် ထက်ပိုချေတာလဲ။ ဥပမာ သုံးခါလောက် ဆက်တိုက်နှာချေတာမျိုးပေါ့။ ဘာလို့ အဲလိုကြီး လူကို မောသွားမတတ် ဆက် တိုက်ကြီးဖြစ်တာလဲ။ ယူဆကြတာကတော့ သည်လိုပါ။ ပထမဆုံး ချေလိုက်တဲ့အခါမှာ နှာခေါင်းထဲက မလိုလားအပ်တဲ့ အရာတွေက အကုန်ထွက်မသွားဘူး။ ကျန်နေတယ်။ သို့မဟုတ် လုံးဝ မထွက်သေးဘဲ ကျန်နေဆဲ ဖြစ်တာကြောင့် ထပ်ချေနေရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ နှာခေါင်းရှုပ်စေတဲ့ဟာတွေ ထွက်သွားဖို့က တခါခါ အကြိမ်ကြိမ် ချေနေရဖို့လိုနိုင်ပါတယ်။ တခါတလေ တော့လည်း ဒါက ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ဆိုလေရဲ့။ နို့ … ဒါနဲ့ အသံအကျယ်ကြီး မြည်ဟည်း လို့ ခုနစ်အိမ် ရှစ်အိမ်ကြား ချေကြသူတွေ ကကော။ ဒါတော့ အဲဒီလို ချေသူတွေရဲ့ အဆုပ်ရဲ့ စွမ်းဆောင်ရည်နဲ့လည်း ဆိုင်သလို နှာမချေခင်လေး ရှူသွင်းလိုက် တဲ့ (နှာချေဖို့) လေပမာဏ အပေါ်လည်း မူတည်ပါသတဲ့လေ။ ဆိုတော့ များများ ရှူလေလေ ကျယ်ကျယ်ချေလေပေါ့။

သတိထားရမှာကတော့ ဟတ်ချိုး လိုက်တဲ့အခါ နှာခေါင်းနဲ့ ပါးစပ်က အရည်မှုန်စက်ကလေးတွေအများကြီး ထွက်ပါတယ်။ အဲသည်အရည်မှုန်လေးတွေက ၂ မီတာ (၆ ပေခွဲ) လောက်အထိ ဝေးဝေးရောက်နိုင်ပါတယ်။ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်တွေဖြစ်တဲ့ သင်ပုန်း၊ ခုံရှည် တံခါးလက်ကိုင်နဲ့ အခြား လူနဲ့ နီးပြီး မကြာခဏ သုံးနေ ကိုင်တွယ်နေရတဲ့ ပစ္စည်းတွေအပေါ်မှာ နှာချေရာက ထွက်လာတဲ့ အရည်မှုန်လေးတွေ စင်သွားပြီး ကပ်နေနိုင်ပါတယ်။ အကယ်လို့များ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတခုခုရှိနေတဲ့သူရဲ့ နှာချေရာက ထွက်လာတဲ့ အရည်မှုန်ကလေးတွေများ ခုနက နေရာတွေမှာ ကပ်နေရင် တယောက် ယောက်က အဲသည်နေရာတွေကို လက်နဲ့ ထိကိုင်မိပြီး ဗိုင်းရပ်စ်တွေက လက်တွေဆီရောက်လို့သွားနိုင်ပါတယ်။ ဒါဆိုရင် အဲသည်လက်ကိုမသန့်ရှင်းမိဘဲ မျက်လုံးတွေ နှာခေါင်းတွေ ပါးစပ်တွေကိုကို ထိမိတယ်ဆိုရင် ရောဂါကူးစက် သွားနိုင်ပါရဲ့။ သတိပြုကြလေကုန်။

နှာမချေအောင်ထိန်းထား အောင့်ထားတာ နှာချေချင်ရဲ့သားအတင်းထိန်း ချုပ်တာမျိုးက မလုပ်သင့်ဘူးလို့ဆို ပါတယ်။ ဘာလို့ဆို နှာချေတာက တကယ့်အရှိန်အဟုန်နဲ့ဖြစ်တာ၊ ကန်ထွက်တာ မို့လို့ပါ။ ချေချင်ရဲ့နဲ့ ရုတ်တရက် ထိန်းလိုက်တာ နှာခေါင်းကို ပိတ်တာက နှာခေါင်းလိုဏ်ဂူထဲမှာ ဖိအားတွေများ သွားစေတတ်တယ်။ မျက်လုံး နှာခေါင်းနဲ့ နားတွင်း သွေးကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။ အတွင်းကလေဟာ အရှိန်အဟုန်နဲ့ အပြင်ထွက်ရမှာကို တယောက်ယောက်က နှာခေါင်း၊ ပါးစပ် ပိတ်ထားလိုက် တော့ အဲသည်လေဟာ ကိုယ်တွင်းမှာပဲ ဆောင့်ကန်ရုန်းတွန်းဖြစ်သွားပြီး နုနယ်တဲ့ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက် ကုန်ရောပေါ့။ လွတ်လွတ်လပ်လပ်ချေခွင့်ပေးလိုက်ပါလေ။

အကောင်းဆုံးချေနည်း
လက်ကလေးအုပ်လို့နှာချေတာက အများလက်ခံနိုင်ကြတဲ့ အကောင်းဆုံးနည်းတစ်ခုရယ်လို့ တွေးနေမိမယ်ထင် ပါတယ်။ ဒါပေသိ အအေးပတ် တုပ်ကွေးလိုများ (သည်နှစ်ရဲ့ ကိုဗစ်ကိုတော့အထူး မပြောလိုတော့ပါဘူး) ရှိခဲ့ရင်တော့ နှာချေရာမှာ လက်နဲ့အုပ်ပြီး ချေတာ ထက်တာထက်ကို ကောင်းတဲ့၊ ဘေးကင်းတဲ့ အခြားနည်းတွေ ရှိပါသေးတယ်။ အဓိကကတော့ နှာချေရာက တဆင့် ရောဂါပိုးတွေ သိပ်မပျံ့သွားရအောင် သူတစ်ပါးဆီမကူးစက်အောင် ရည်ရွယ်ပါတယ်။

၁။ တစ်ရှူးစက္ကူဆောင်ပါ။ ချေတာ၊ ချောင်းဆိုးတဲ့အခါမျိုးမှာ တစ်ရှူး နဲ့အုပ်ပြီးတော့ ချက်ချင်း စနစ်တကျ စွန့်ပစ်ပါ။ (ပြီးရင် လက်ကို အသေအချာ သန့်စင်ပါ။)
၂။ တစ်ရှူးစက္ကူအသင့်မရှိရင် လက်ကိုကွေးလိုက်ပြီး လက်မောင်းနဲ့ လက်ဖျံဆုံရာ တံတောင်ဆစ်ကြားထဲ ချေပါ၊ ဆိုးပါ။
၃။ ဖြစ်နိုင်ရင် ချောင်းဆိုး နှာချေတဲ့ အခါ လူတွေနဲ့ ဝေးရာ၊ လူတွေဘက် မလှည့်ဘဲ ဆိုးပါ၊ ချေပါ။
၄။ လက်ကို ခဏခဏဆေးပါ။ ဆပ်ပြာနဲ့ ရေ (ဒါမှမဟုတ်) အယ်ကိုဟော ပါတဲ့လက်ဆေးရည်နဲ့ အနည်းဆုံး စက္ကန့်၂၀ ဆေးပါ။
၅။ လက်ဖဝါးနဲ့အုပ်ပြီး မချေပါနဲ့၊ မဆိုးပါနဲ့။ အဲလိုလုပ်မိရင်လည်း လက် ကို ချက်ချင်း ပြန်သန့်စင်ပါ။

ကောင်းမွန် မှန်ကန်စွာ နှာချေ နိုင်ကြပါစေကုန်။ ဟပ်ချိုး။

ကိုးကား- https://www.health.qld.gov.au/news-events/news/sneezing-101-what-why-how-to-sneeze-correctly-safely