ညမထွက်ရအမိန့် ဖောက်ဖျက်သူ နှစ်လအတွင်း ၁၀ဝ နီးပါးကို အရေးယူ

0
243
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူ နှစ်လအတွင်း ၁၀ဝ နီးပါးရှိသည်ဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ကူးစက်မှုများသည့် မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်း မြို့နယ်တို့ကို ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂၅ ရက်နေ့က စတင်ထုတ် ပြန်ထားသည်။

အမိန့်ထုတ်ပြန်ထားသည့် နှစ်လအတောအတွင်း အမိန့်ဖောက်ဖျက်သူ မော်လမြိုင်မြို့နယ်မှ ၉၃ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၂ ဦးတို့ကို အရေးယူထားပြီး ဖြစ်သည်ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။

“အများစုကတော့ အမျိုးသားတွေ ဖြစ်တယ်။ အမျိုးသမီးလည်းပါတယ်။ ကလေးသူငယ်တချို့လည်း ပါဝင်တယ်” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။

အမိန့်ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်တစ်လ အမိန့်ချ အရေးယူထားသည်ဟုလည်း မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ညမထွက်ရအမိန့် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားပြီး အဆိုပါအမိန့်သည် ထုတ်ပြန်သည့် နေ့မှစ၍ နှစ်လအတွင်း အတည်ဖြစ် သည်။

လက်ရှိအချိန်ထိလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့လူနာ များပြားနေဆဲ အနေအထားရှိနေသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ညမထွက်အမိန့်ကို နောက်ထပ်နှစ်လ (နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၀၂၁ ဇန်နဝါရီ ၂၅ ရက်နေ့အထိ)ထပ်တိုးထားသည်။