တနင်္သာရီရိုးရာ နဂါးရံ ဖောင်တော်စကြာမျှော ဓလေ့

နဂါးရံ ဖောင်တော်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူမျိုး တစ်မျိုးဟု သတ်မှတ်ချက်တွင် အစဉ်အဆက် လက်ခံကျင့်သုံးသော ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ရိုးရာဓလေ့ ထုံးတမ်းများ ပိုင်ဆိုင်မှု၊ ဘာသာစကား အယူအဆနှင့် လူမျိုးဖြစ်တည်မှု အစဉ်အလာ သမိုင်းကြောင်းများ အရင်း အမြစ်ခိုင်မာစွာ ဆင်းသက်တည်ရှိမှုက အထူးပင် အရေးပါသော အခြေခံ ကျောထောက်နောက်ခံပင်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော်- ပိုင်ဆိုင်ထားသော ယဉ်ကျေးမှုသမိုင်း အထောက်အထားများ၊ သက်သေပြနိုင်စရာ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများဖြစ်သော ရှေးဟောင်း အမွေအနှစ်ပိုင်ဆိုင်မှုနှင့် ရိုးရာဓလေ့ ထုံးတမ်းဖြစ်တည်မှုစသည့် အချက်အလက်များသာ မခိုင်မာလျှင်၊ လက်ရှိ အနေအထားတွင် ပြစရာတစ်ခုမှ မရှိတော့လျှင်၊ ယဉ်ကျေးမှုချစ်စိတ်ဖြင့် တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်မှုမရှိလျှင် ခေတ်အဆက်ဆက် ယဉ်ကျေးမှုသမိုင်းအစဉ်အလာ တန်ဖိုးမြင့်မားစွာ ရှင်သန်နေထိုင်လာသော လူမျိုးတစ်မျိုးအဖြစ် ဂုဏ်ယူ ဝင့်ကြွား ရပ်တည်နိုင်စွမ်းရှိမည်မဟုတ်ချေ၊ ထို့ကြောင့် လူမျိုးတစ်မျိုးအနေဖြင့် အစဉ်အဆက် ဂုဏ်ယူနိုင်ဖို့ဆိုရာတွင် ယဉ်ကျေးမှုချစ်စိတ်ကိုယ်စီဖြင့် ဒေသလူမျိုး အဘိုးအဘွားအစဉ်အဆက် လက်ဆင့် ကမ်းထားအပ်သော ယဉ်ကျေးမှု အမွေအနှစ်များနှင့် စီရင်အပ်သော ရိုးရာဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ အထူးလိုအပ်ချက်နှင့် မျိုးဆက် တာဝန်တစ်ရပ်ပင်ဖြစ်သည်၊

ထိုမျိုးဆက်တာဝန်တွင် ယဉ်ကျေးမှု အခြေခံစိတ်များဖြစ်တည်စေဖို့ ရည်ရွယ်ချက်ကို တည်မှီလျက် တနင်္သာရီတိုင်းဒေသကြီး၏ ယဉ်ကျေးမှုပြယုဂ်များဖြစ်သော ထားဝယ်ရိုးရာ သပိတ်မျှောပွဲ၊ တနင်္သာရီရိုးရာ နဂါးလှေတော် ရေခင်းပွဲကို အစဉ် အဆက်မပြတ်ကျင်းပ လျက်ရှိသည်၊ ထိုယဉ်ကျေးမှုပွဲများကို ၂၀၁၈ခုနှစ်မှ စ၍ အချက်အလက် စာရင်းပြုစုပြီး ဒြပ်ရှိဒြပ်မဲ့ရှေးဟောင်းရိုးရာ ယဉ်ကျေးမှု များအဖြစ် ယူနက်စကိုသို့တင်သွင်းနိုင် ရန်ကြိုးစားလျက်ရှိပါသည်၊ တနင်္သာရီ တိုင်းဒေသတွင်းရှိ မူလတိုင်းရင်းနေ လူမျိုးများအတွက် တကယ့်ကို ဂုဏ်ယူ စရာပင်ဖြစ်သည်၊ ယခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လူစုလူ‌ဝေး မဖြစ်စေရဆိုသည့် စည်းမျဉ်းကို လိုက်နာကျင့်ကြံနေထိုင်ရင်း နှစ်စဉ် အစဉ် အလာမပျက် ရိုးရာပွဲတော်များကို အပြည့်အဝ မကျင်းပနိုင်သော်လည်း မူလရှိရင်းစွဲ ယဉ်ကျေးမှု ချစ်စိတ်၊ တန်ဖိုးထားစိတ်များက ရာသီအခါမီ ဖြစ်တည်ပြီး ပွဲတော်ကို ဆင်နွှဲချင်နေကြသည်မှာ မလွှဲသာ၊ အရင်နှစ်များကဲ့သို့ စည်စည်ကားကား မကျင်းပနိုင်သော်လည်း နေရာဒေသအလိုက် မိမိတို့လူမျိုးရိုးရာဓလေ့များကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အနည်းအကျဉ်း စတိမျှ ဖြစ်မြောက် အောင် ဆောင်ရွက်နေကြသည်ကိုတွေ့သိမြင်ရသဖြင့် ဝမ်းနည်း ဝမ်းသာဖြစ်ရသလို ဒေသသား သွေးချင်းများ၏ ရိုးရာ ယဉ်ကျေးမှုအပေါ် တန်ဖိုးထား ချစ်မြတ်နိုး မှုစိတ်ဓာတ်ကို ကျေးဇူးတင် ဂါရဝပြု ချီးကျူး ရပါသည်၊ မည်သည့် အခြေအနေမျိုးပင် ဖြစ်နေပါစေ။

ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမည်ဆိုသော အသိစိတ်နှင့် နှလုံးသားတွင် မိမိတို့လူမျိုး ရိုးရာယဉ်ကျေးမှု ချစ်စိတ်အမြုတေက အစဉ်တည်ရှိရှင်သန်နေ ရမည်ဆိုသည့် ပြယုဂ်က နောင်ဖြစ်တည်လာမည့် ဒေသမျိုးဆက်သစ်အတွက် စံနမူနာကောင်းအဖြစ် ကျန်ရစ်နေသည်မှာ ဧကန်ပင်ဖြစ်သည်၊

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်မြို့နယ်တွင် ထားဝယ် လူမျိုးရိုးရာ သပိတ်မျှောပွဲကို ရပ်ကွက်အလိုက် လူစုလူ‌ဝေး မဖြစ်စေဘဲ ကျင်းပနေကြသည့် ပုံရိပ်များကို မြင်တွေ့ရသဖြင့် စာရေးသူမှာ အထူးပင် ဝမ်းသာကြည်နူး ရပါသည်။ စာရေးသူတို့ တနင်္သာရီမြို့ နယ်တွင်လည်း သီတင်းကျွတ်လပြည့်ကျော် (၄)ရက်နေ့တိုင်း အစဉ်အလာမပျက် ကျင်းပနေသော တနင်္သာရီရိုးရာ တော်ဝင်နဂါး လှေတော်ရေးခင်းပွဲ(ယခုနှစ်- ၈၆၇နှစ် မြောက်)ကို မူလအစက ကျင်းပရန် စီစဉ်ထားသော်လည်း တနင်္သာရီဆရာတော် ကြီး အရှင်ပညာဒီပ၏ သြဝါဒကို နာယူလျက် ကျင်းပမဖြစ်ခဲ့ပေ၊ သို့သော်လည်း ရှေးဟောင်း တနင်္သာရီရိုးရာ နဂါးဖောင်တော် စကြာမျှောခြင်းဓလေ့ကို အစဉ်အလာအတိုင်း လူစုလူဝေး မဖြစ်စေဘဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်၊

တနင်္သာရီ ယဉ်ကျေးမှုသမိုင်း အစဉ်အလာအရ- ဖြစ်တည်နေသော တနင်္သာရီ ရိုးရာနဂါးလှေတော် ရေခင်းသဘင်နှင့် ယှဉ်တွဲလျက် “တနင်္သာရီ ရိုးရာ နဂါးဖောင်တော် စကြာမျှောခြင်း ဓလေ့” မှာ ယနေ့အထိ ရှင်သန်နေသော ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။ နဂါးရံ ဖောင်တော်ပြုလုပ်ခြင်း၊ နဂါးစာပြင်ဆင်ခြင်း၊ တနင်္သာရီမုနိဘုရားအား ပူဇော်ခြင်းနှင့် နဂါးမင်းအား သစ္စာပြု ဂါရဝပြု ခြင်း၊ ဘေးဘယာကင်းရှင်း ကျန်းမာချမ်းသာခြင်းနှင့် တနင်္သာရီတစ်ခွင် ငြိမ်း ချမ်းသာယာမှုကိုရှေးရှု၍ မေတ္တာပို့ ဆုတောင်း ခြင်းလုပ်ငန်းစဉ် အဆက်ဆက်ဖြင့် စနစ်တကျ လုပ်ဆောင်‌ကြသော တနင်္သာရီ ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။ ပဋ္ဌာန်း ဆက်ရှိမှု၊ ‌တနင်္သာရီသွေးသားရင်းခြာ ဆွေတော်အမျိုးဆက်သွယ်မှု၊ မိသားစု စုပေါင်း အလှူပြုနိုင်မှုကို ယုံကြည်လျက် မေတ္တာပေါင်းယှက်ကာ ဝေးဝေးနီးနီး အလှူထည့် မေတ္တာစေတနာစုစည်းခြင်း ပြယုဂ်ပင်ဖြစ်သည်။ ထိုသို့အလှူပြု ပူဇော်ရာတွင် ရေအောက်တွင် ကိန်းဝပ်စံပယ်တော်မူသော တနင်္သာရီမုနိ မြတ်စွာဘုရားအား ရည်စူးပူဇော်ဆုတောင်းခြင်းဖြစ်သလို တနင်္သာရီသမိုင်းအကြောင်း အစဉ်အလာအရ ကျေးဇူးပြုခဲ့သော နဂါးမင်းနှင့် နတ်နဂါးအပေါင်း၊ အစောင့်အရှောက်များကို ကျေးဇူးသိ ဂါရဝပြုခြင်းလည်း ဖြစ်သည်ဟု သိရသည်။

သက္ကရာဇ် ၅၁၄ တနင်္သာရီလူမျိုး ဘုရင် ဗံစက္ကပိတ်ရာဇာနှင့် ဝါသုလဒေဝန ဂါးမင်းတို့ မြို့သစ်တည်စဉ် ကတိပျက် အခင်းဖြစ်ပွားရာမှ အဆွေနဂါးမင်းအား သတ်မိမှား၍ အပြစ်ကြွေးကျေဖို့ အဓိဋ္ဌာန်လျက် အလှူပြု အမျှဝေရန် ဂါရဝပြု နဂါးရံ ဖောင်စကြာပြုဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သော ထိုဓလေ့သည် ယနေ့အထိအတိုင် ရှင်သန်နေဆဲပင်ဖြစ် သည်။ တနင်္သာရီမြစ်ဖျားဘက် အောင်သာဝရ၊ မော်စွန်းကြီး၊ တနင်္သာရီ မြစ်ဆုံဘက် နဂါးကပ်တောင်၊ နဂါး ကျောက်မော်မှ တနင်္သာရီမြစ်ဆုံးအထိ အလွန် (စခန်းသစ်ရွာဘက် “ကျောက် နဂါးမှော်” အထိပင်) ထိုသမိုင်းစဉ်ဓလေ့ နှင့် ဆက်စပ်လျက် အမော်အငူအကွေ့ နေရာများတွင် အမည်တွင်ကျန်ရစ်ရှိပေသည်။ ထို့‌ ကြောင့် တနင်္သာရီသမိုင်း ဆက်စပ်ကြည့်ကြလျှင် အားလုံးသည် တနင်္သာရီသွေးရင်းအဆွေတော် အမျိုးတော်များပင်ဖြစ်ပေသည်။ ရှေးခေတ်အခါက တနင်္သာရီရိုးရာ နဂါးလှေတော် ရေခင်းသဘင်နှင့်အပြိုင် နဂါးရံ ဖောင် တော်စကြာအပြင်အဆင်များ၊ ကရဝိတ် ဖောင်တော်များဖြင့် အကြီးအကျယ် ကျင်းပခဲ့သော သမိုင်းအစဉ်အလာရှိခဲ့သည်။ ၁၉၆၀-၁၉၇၀ ဆယ်စုနှစ်တစ်ခု အတွင်း တနင်္သာရီအရပ်လူကြီး ဘိုးကံညွန့် ဦးဆောင်မှုဖြင့် တနင်္သာရီရိုးရာ နဂါးကပ်တောင် ဆီမီးမျှောပွဲနှင့်အတူ ဆင်ယင်ကျင်းပခဲ့သော နဂါးရံဖောင်တော် စကြာဓလေ့မှာ ယနေ့အထိ ပြောစမှတ်တွင်နေသော သမိုင်းတွင် စွမ်းဆောင်ချက်ပင်ဖြစ်သည်။

ယခုနှစ် ၂၀၂၀ပြည့်နှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၄ ရက်တွင် ကျရောက်သော ၈၆၇ နှစ်မြောက် တနင်္သာရီရိုးရာ တော်ဝင် နဂါးလှေတော်ရေခင်းပွဲနှင့် ဧဇာမော်ကွန်းတင်ပွဲကို မကျင်းပနိုင်သော်လည်း ထိုပွဲတော်နှင့်အပြိုင် ဖြစ်တည် နေသော “တနင်္သာရီရိုးရာ နဂါးရံ ဖောင်တော် စကြာမျှောဓလေ့” အား သက်တော်ရှည် တနင်္သာရီဆရာတော်ကြီး အရှင်ပညာဒီပ ၏ သြဝါဒကိုခံယူလျက် ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်‌ထားသော စည်းကမ်းချက်များနှင့်အညီ လူစု လူဝေးမရှိဘဲ ယနေ့ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်မှာ အောင်မြင်စွာ ကျင်းပခဲ့ကြသည်။ ရှေးအစဉ်အဆက် တနင်္သာရီလူမျိုးဘိုးဘွားများလက်ဆင့်ကမ်းခဲ့သော တနင်္သာရီ ရိုးရာ နဂါးရံဖောင်တော် စကြာဓလေ့တွင် အစီအရင်နှင့် ပြင်ဆင်ပုံမှာ အောက်ပါ အတိုင်းဖြစ်သည်၊

(က) နဂါးရုံမြတ်စွာဘုရား၊ (ခ) နာဂဒေဝ တနင်္သာရီ နဂါးမင်းကြီးပုံ (နဂါးမင်းကြီးက မြတ်စွာဘုရားရှင်အား ဆွမ်းကပ်နေဟန်)၊ (ဂ) ထီးဖြူ ၄ လက်၊ (ဃ) ကျိုင်း ၄ ခု (င) တနင်္သာရီမြို့တော်ရံ ထီးခရိုင် ၃၂ ခုအတွက် နဂါးအလံငယ် ၃၂ ခု၊ (စ) ၁၀၈ ကွက် စက်လက္ခဏာ ဗိမာန် မျက်နှာကျက်၊ (ဆ) မျက်နှာကျက် စက်လက္ခဏာ ပူဇော်သော ရွှေရွက်၊ ငွေရွက်၊ မင်းပွန်းရွက် (ဇ) ကွမ်းသီး ကွမ်းရွက် (ဈ) ငှက်ပျောပင်၊ ကြံပင်၊ (ည) နဂါးအပေါင်းအား ကျွေးမွေးသော ဗလိနတ်စာ၊ (ဋ)နဂါးမောက်သီးအပါ အဝင် သစ်သီးပွဲ ၃၂ ပွဲ ၊ (ဌ) ငှက်ပျောသီး ၁၀၈ ဖီးပွဲ၊ (ဍ) သာသနာစောင့်နတ်မင်း ကြီးများအား ဗလိပူဇာပွဲ၊ (ဎ) ရာဇဦး ပေါက်ပွဲ၊ (ဏ) နို့ဆွမ်း၊ ပေါက်ပေါက် ဆွမ်း၊ (တ) ကရမက်သာရီနဂါးလှေတော် ငယ်၊ (ထ) မျှောသပိတ် – ၁၁ လုံး (၁၁ မီးငြိမ်းရန်)+ ၇ လုံး (ခုနစ်ရက်သားသမီး များ ဘေးကင်းရန်)၊ (ဒ)နာဂသာရီနဂါး ဓား ၂ လက်၊ (ဓ) ကိုယ်တိုင်း ချည်များ၊ (န) တနင်္သာရီမြစ်ရေ+ နဝရတ်ရေ+ သရော် ကင်မွန်းရေ+ အမွှေးနံ့သာရေ၊ (ပ) မြသပိတ်၊ ပတ္တမြားသပိတ်ဆွမ်း၊ (ဖ) နဂါးဖလ်ချုပ်၊ (ဗ) တပင်တိုင်ဖောင် တော်ဝါး ၃ ထပ်၊ (ဘ) တပင်တိုင် ရာဇမတ်ကာ စသည်တို့ပါဝင်ပါသည်၊

ထို့အပြင် နဂါးမင်းကြီးသို့ ဂါရဝ ပြုပွဲနှင့် နတ်နဂါးစာကျွေးခြင်း (ထပ်ဆင့် သီးသန့်) အစီအမံ အပြင်အဆင်များကို ချောင်းကြီးကျောင်းတိုက် (ဘဝနတ်ထံပျံ လွန်တော်မူပြီးသော) ဆရာတော်ကြီး ဦးတေဇ၏ သြဝါဒအတိုင်း အသေးစိတ် ပြင်ဆင်ပုံများမှာ- အောက်ပါအတိုင်း ဖြစ်သည်၊

နဂါးမင်းကြီးသို့ ဂါရဝပြုပွဲတွင် ငှက်ပျောသီး သုံးဖီး၊ အုန်းသီးတစ်လုံး၊ အချိုရည် သုံးဘူး၊ ပေါက်ပေါက် သုံးထုပ်၊ အမွှေးတိုင်/ဖယောင်းတိုင် သုံးထုပ်၊ ကွမ်း၊ ထုံး၊ ရေမွှေးနံသာ တစ်ဘူး၊ အောင်သပြေ သုံးစည်း၊ လက်ဖက် သုံးထုပ်တို့ကို သံဇလုံ ထဲတွင် လှပအောင် ပြင်ဆင်ပြီး ပူဇော်ပသ ပါသည်။ နဂါးစာချရာတွင် အသုံးပြုသော သပိတ်သုံးလုံးထဲတွင် ပေါက်ပေါက် အနေတော်ထည့်ခြင်း၊ နွားနို့တစ်ခွက် ထည့်၊ မုန့်ဆီကြော်တစ်ခု၊ ကြက်ဥအစိမ်းတစ်လုံးကို ထိပ်တွင် အချွန်ဖြင့်ဖောက်၍ ထည့်သည်။ ထီး၊ တံခွန်၊ ကုက္ကား၊ ပန်းပွား တစ်စုံကို သပိတ်တွင် ဖြာကျအောင် ပတ်လည်စီ၍ စိုက်ထိုးထားရသည်၊ ဖယောင်းတိုင်မီးတစ်တိုင် ထွန်းညှိပူဇော်ကာ ဂါရဝပြု နဂါးစာကျွေးကြပါသည်။(အခုနောက်ပိုင်းတွင် သက်သတ်လွတ် သဘောယူလျက်- ကြက်ဥအစိမ်းထည့်ခြင်းကို မပြုကြသည်လည်း ရှိသည်။)

ရှေးအစဉ်အဆက် တနင်္သာရီလူမျိုးများသည် ပြုလုပ်ကျင်းပသော နဂါးစာကျွေးခြင်း(နဂါးစာချခြင်း)နှင့် နဂါးလှေ ဦးခေါင်းဆေးခြင်းဆောင်ရွက်ရာတွင် နဂါးမင်းကြီး ဂါရဝပြုပွဲ တစ်ပွဲနှင့် နဂါးစာ ချရန် သပိတ်သုံးလုံးတို့ကို အဆင်သင့် ကိုင်ပြီး တနင်္သာရီမြစ်ရေအောက်တွင် ကိန်းဝပ်စံပယ်လျက်ရှိသော တနင်္သာရီ မုနိမြတ်စွာဘုရားအား ရည်စူးပြီး ဘောဂ နဂါးမင်းမှတဆင့် ကပ်လှူဒါန်းကြပါသည်။ လှူဒါန်းရာတွင် တနင်္သာရီဒေသသားများ အားလုံး ဥပါတိ အန္တရာယ်အပေါင်းမှ ကင်းရှင်းပြီး ကျန်းမာ ချမ်းသာ၍ စီးပွား လာဘ်လာဘများ ကြီးပွားတိုးတက်စေရန် ဆုတောင်းကြပါသည်။ ထိုသပိတ် သုံးလုံးအား ရေထဲသို့ ချမျှောလိုက်ပါသည်။ ပေါက်ပေါက်များကို ရေထဲသို့ ကြဲပစ်ပြီး နွားနို့ခွက်ကို ရေထဲသို့ သွန်းလောင်းကာ အမွှေးနံ့သာများ ပက်ဖျန်း လျက် ဆုတောင်း မေတ္တာပို့ကြပါသည်၊ တနင်္သာရီရိုးရာနဂါးလှေတော်များမှ ညီညာစွာ လှော်ခတ်၍ ဧဇာသီချင်းများ သီကျူးကာ မြူးမြူးကြွကြွဖြင့် နဂါးကပ်တောင် အရှေ့ဘက် မြစ်ရေပြင်တွင် သုံးပတ် လှော်ခတ်ပြီး ကမ်းကပ်ကာ သရော်ကင်းမွန်းဖြင့် ရေစင်သွန်းလောင်း မေတ္တာပို့ကာ ဦးခေါင်းဆေးမင်္ဂလာပြုပြီး ဆက်လက်လှော်ခတ်ကြသည်။ ထိုအပြင် အဆင်များသည် နဂါးစာကျွေးခြင်းနှင့် နဂါးလှော်တော်အဘိသေက ဦးခေါင်းဆေး မင်္ဂလာအခမ်းအနားတွင် ပြင်ဆင်သော အပြင်အဆင်များပင်ဖြစ်ပါသည်၊ တဆက်တည်းမှာပင် နဂါးလှေတော်ရေခင်းလှော်ပြီးသည်နှင့် တနင်္သာရီနဂါး ကပ်တောင်အရှေ့ဘက် တနင်္သာရီ မြစ်ရေပြင်မှ တနင်္သာရီရိုးရာ နဂါးရံ ဖောင်တော် စကြာဓလေ့ ‌မျှောခြင်းကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်မှီနေထိုင်သော မူလတိုင်းရင်းနေ ဒေသလူမျိုးစုတို့၏ ရိုးရာဓလေ့များမှာ တချို့တွင် အသွင်သဏ္ဌာန်အားဖြင့် တူညီမှုရှိသော်လည်း ရည်ရွယ်ချက်နှင့် ကျင်းပပုံစနစ်များမှာ ကွဲပြားမှုရှိသည်ကို ခွဲခြားလေ့လာနိုင်ပေသည်။ သို့သော်လည်း သီတင်းကျွတ်လတွင် ကျင်းပကြသော ထားဝယ်လူမျိုးရိုးရာသပိတ်မျှောခြင်း အယူအဆနှင့် တနင်္သာရီလူမျိုး ရိုးရာ နဂါးဖောင်စကြာမျှောဓလေ့မှာ အသုံးပြုသော သပိတ်မျှောခြင်း အယူအဆများကို နှိုင်းယှဉ်လေ့လာခြင်းအားဖြင့်- မူရင်းအခြေခံအရင်းစစ်လျှင် မိမိတို့ ကိုယ်ပိုင် ယဉ်ကျေးမှုချစ်မြတ်နိုးစိတ်နှင့် အစဉ်အဆက် ထိန်းသိမ်းဆောင်ရွက်ချင်မှာ ထပ်တူညီစွာ ရှိနေသည်မှာ ဂုဏ်ယူ စရာပင်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းချက် များအညီ တနင်္သာရီတိုင်းဒေသအတွင်းတွင် ရိုးရာပွဲတော်များကို ယခင်နှစ်များလို စည်စည်းကားကားကျင်းပခွင့်မရ သော်လည်း အစဉ်အလာမပျက်ရန် စတိအနေဖြင့် အကျဉ်းချုံးကာ မဖြစ်ဖြစ် အောင်ပြုလုပ်နိုင်ကြသည်ကိုက အထူးပင် ချီးကျူးစရာပင်ဖြစ်သည်၊ ရိုးရာပွဲတော် များသည် လူမျိုးတစ်မျိုးအဖြစ် ဂုဏ်ယူ ဝင့်ကြွားနိုင်ရန် ဖော်ဆောင်နေသည် သာမက ဒေသတွင်း မိမိတို့ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုကို မည်သည့်အခြေအနေတွင် ဖြစ်တည်နေစေကာမူ ထိန်းသိမ်း စောင့်ရှောက်ရမည်ဆိုသော အသိကို နိုးကြွအောင် တပ်လှန့်ပေးနေသည်ဟု ယူဆရပေသည်။ ထို့ကြောင့် ရှေးအစဉ်အဆက် တနင်္သာရီလူမျိုးတို့ လက်ခံ ယုံကြည် မေတ္တာထား သစ္စာတရား ဂါရဝပြုအနေဖြင့် လက်ဆက်ကမ်းလာ‌ ထိန်းသိမ်းလာသော “တနင်္သာရီရိုးရာ နဂါးရံ ဖောင်တော် စကြာမျှောခြင်း ဓလေ့” အစီအရင် အပြင်အဆင်ပုံကို ထိန်းသိမ်းရမည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့တစ်ရပ်ဖြစ်သည်မို့ ယဉ်ကျေးမှု ချစ်စိတ် အခြေပြုလျက် ဂုဏ်ယူစွာ ဖော်ပြ လိုက်ရပါသည်။

ဆိုထားအပ်သော သစ္စာတရားများ၊ တည်ထားအပ်သော မေတ္တာတရားများကို အခြေပြုကာ တနင်္သာရီဒေသ တနင်္သာရီ သွေးရင်းအဆွေတော် အမျိုးတော်များနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကပ်ဘေးမှ ကင်းဝေးငြိမ်းပြီး ကျန်းမာ ချမ်းသာ ကြပါစေ။

ရွှမ်းသိင်္ဃ(တနင်္သာရီ)