ဒင်နာအချိန်ပြောင်းသွားတဲ့ ဦးရှင်ကြီးနဲ့ အလိုက်သိလွန်းတဲ့ ရွာရှင်နတ်များ

0
1648

ဒင်နာကို ညဦးပိုင်းမှာ စားလေ့ရှိတဲ့ ရေငံတစ်ရိုး အပိုင်စိုးတဲ့ ဦးရှင်ကြီးဟာ အခုတော့ စားသောက်တဲ့အချိန် ပြောင်းလိုက်ရပါပြီ။

‘ရိုးရာဖျက်ရင် နတ်ကိုင်တတ်တယ်’ ၊ ‘နတ်ကို မရိုမသေမလေးမစားလုပ်တယ်ဆိုရင် ဖမ်းစားတတ်တယ်’ ဆိုပေမယ့် ဦးရှင်ကြီးကတော့ ဒီစည်ကမ်းချက်တွေကို ဖြေလျှော့ပေးလိုက်ရပြီပေါ့လေ။

ကြယ်ရောင်၊ လရောင်အောက်မှာ သုံးဆောင်နေကျ စားတော်ပွဲဟာ အခုတော့ နေရောင်အောက်ကိုရောက်‌သွားခဲ့တာပါ။

ဦးရှင်ကြီးဟာ တန်ခိုးဣဒိပတ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုပေမယ့် သူ့ကိုပင့်ဖိတ်ပြီး ဆွမ်းကပ်တဲ့ ဦးရှင်ကြီးတင်ပေးတဲ့ ဆရာသမားကိုတော့ သူမလွန်ဆန်နိုင်ရှာဘူးလေ။

ဦးရှင်ကြီးတင်တဲ့ဆရာသမားကလည်း ဦးရှင်ကြီးထက် ပိုကြောက်ရတဲ့သူတွေ ကြီးစိုးနေတဲ့အချိန်မို့ နေမဝင်ခင် ဒင်နာကျွေးဖို့အရေး အချိန်ပြောင်းလိုက်ရတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း နေဝင်မိုးချုပ်ပြီဆိုတာနဲ့ လမ်းမကြီးကနေ လမ်းကြိုလမ်းကြားမကျန် လူသူကင်းမဲ့နေလေ့ရှိပါတယ်။

လူတွေရဲ့ အကြောက်တရားကြီးစိုးလာကြတာနဲ့အတူ ညဘက် ကျေးရွာ၊ ရပ်ကွက်တွေရဲ့လမ်းတွေပေါ် လူသွား၊ လူလာ မရှိ၊ တိတ်ဆိတ်နေတာကိုး။

ဒါကြောင့်လည်း တချို့ရွာတွေမှာဆို ဦးရှင်ကြီးတင်တာကို နေ့ဘက်ပြောင်း လိုက်ကြပါတယ်။

အဲဒီအထဲမှာ တံငါရေလုပ်သားနဲ့ လယ်သမားတွေပဲရှိတဲ့ ထားဝယ်ခရိုင်ထဲက ဦးဖေတို့ရွာလည်းပါဝင်ပါတယ်။

ဦးဖေက ဦးရှင်ကြီးတင်ပေးတဲ့ ဆရာသမားလည်းဖြစ်ပါတယ်။

“ညဆို အပြင်မထွက်ရဲတော့ မမှောင်ခင်ကတည်းက တင်ကြ၊ လုပ်ကြတာပေါ့” လို့ ဦးဖေက ဆိုပါတယ်။

အရင်ကဆို ဓာတ်မီးခါးကြားထိုး၊ ခွေးမောင်းဖို့၊ လမ်းလျှောက်ဖို့ အဖော်အဖြစ် တုတ်တစ်ချောင်းကောက် ည ၇ နာရီမှ ဦးရှင်ကြီးတင်ပေးဖို့ သွားနေကြ။

အခုတော့ တောင်စွယ်နေမကွယ်ခင်ကတည်းက ဦးဖေအိမ်ကနေစထွက်နေရပြီ။ သုံး လေးအိမ် ဆက်တိုက် သွားရမယ့်နေ့ဆို ညနေ ၅ နာရီကတည်းက အိမ်က ထွက်ရပါတယ်။ ဒါမှလည်း ည ၆ နာရီ‌စွန်းစွန်း ညီအစ်ကို မသိတသိအချိန် သူအိမ်ပြန်လို့ရမှာပါ။

အခုနောက်ပိုင်းမှာတော့ အိမ်အချိန်မီပြန်နိုင်ဖို့ ခပ်သုတ်သုတ် ဦးရှင်ကြီးတင်နည်းကို ဦးဖေ အသုံးပြုလာပါတယ်။

ဒါပေမဲ့ သူ့နည်းကို အိမ်ရှင်တွေကတော့ မကြိုက်ကြဘူးပေါ့လေ။

ဦးဖေရဲ့နည်းကတော့ ဦးရှင်ကြီးတင်ရင် လုမယ့်သူတွေနဲ့ တင်ကြိုစည်းဝါးကိုက်ထားတာပါ။

“အိမ်ရှင်နာမည်‌ခေါ်တဲ့အထိမစောင့်နဲ့။ ပင့်ပြီးတာနဲ့ လုကြတော့”

အပေါင်းတပည့်များ ခြံရံတစ်သင်းငယ်နဲ့ ရေငန်ပိုင် ဦးရှင်ကြီး ကွမ်းအဆိုင်၊ ဆွမ်းထိုင်လို့သုံးပါတော့၊ ဘုန်းရှိတဲ့ နတ်ရာဇာ၊ ကျွန်တော်မျိုးတို့ရပ်ရွာက အလှူရှင် ဦး—- နဲ့ ဒေါ်—– တို့ တဲနန်းသို့ ကြွတော်မူပါ နတ်ဦးရှင်ကြီး —–

သူ့အကြံအလုပ်ဖြစ်သည်။ ခင်ဗျားတောင်မဆုံးရှာ၊ ဦးရှင်ကြီး လုသူတွေလက်ချက်နဲ့ တဲနန်းက အရိုးပဲကျန်လေပြီ။

ဦးရှင်ကြီးခမျာ ညနေခင်းဆည်းဆာခံစားပြီး စားတော်ပွဲသုံးဆောင်ပါမယ်ဆိုမှ ဦးဖေ လူလည်ကျတာ ခံလိုက်ရပါတော့တယ်။

မတတ်နိုင်ဘူး။ ဒါမှ ခပ်မြန်မြန် နောက်တစ်အိမ်ထပ်ကူးပြီး သူ့နေအိမ်ကို စောစောပြန်နိုင်မှာ။

အိမ်ကို စောစောမပြန်လို့လည်း မဖြစ်ဘူးလေ။ ဦးဖေတို့ရွာနားမှာက တိုက်ပွဲတွေ၊ ပစ်ခတ်သတ်ဖြတ်တာတွေ မကြာခဏဖြစ်‌လေ့ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့စခန်းကို တောနင်းရှာတာ‌ဆိုပြီး စစ်ကောင်စီတပ်ကလည်း မကြာခဏဆိုသလို စစ်ကြောင်းထိုးလေ့ရှိပါတယ်။

ရွာဦး‌ကျောင်းမှာဖြစ်ဖြစ်၊ စာသင်ကျောင်းမှာဖြစ်ဖြစ် သူတို့တပ်စွဲလေ့ရှိပါတယ်။ တစ်ခါတလေ လူတွေကို ပစ်သတ်တာ၊ အိမ်မီးရှို့တာတွေပါ လုပ်လေ့ရှိပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်သွားပြန်ရင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒလန်ဆိုတဲ့သူတွေကို လာပစ်သတ်ကြပြန်ပါတယ်။

အဲဒီလို ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဟာ များသောအားဖြင့် ညဘက်တွေမှာဖြစ်လေ့ရှိပါတယ်။

ဒီလိုနဲ့ ကျန်းမာရေးလို အရေးပေါ်အခြေအနေမှာတောင် လူသူလေးပါးမရှိတဲ့ ရွာလမ်းမပေါ် ညဘက်မထွက်ရဲကြတော့။

ထွက်မိလို့ စစ်ကောင်စီတပ်နဲ့တည့်တို့တာပဲဖြစ်ဖြစ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တွေ့တာဖြစ်ဖြစ် ညဘက်ဆိုတော့ ဘယ်သူ၊ ဘယ်ဝါမှန်း ခွဲခြားရခက်ပြီး ကံမကောင်းအကြောင်းမလှတာတွေ ဖြစ်သွားနိုင်ပါတယ်။ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေလည်းရှိပါတယ်။

ဘာလို့ နေ့ဖက် ဦးရှင်ကြီးတင်လာကြတယ်ဆိုတာကို အရှည်ကြီးရှင်းပြ‌နေရင်းကနေ လည်ချောင်း ခြောက်လာလို့ ထင်ပါရဲ့ အိမ်ရှေ့မှာ တိုင်ကပ်ချိတ်ထားတဲ့ ရေအိုးထဲ ဦးဖေ ရေတစ်ခွက် ထခပ်သောက်ပါတယ်။

“ငါ့တစ်သက် နေ့ဖက် ဦးရှင်ကြီးလိုက်တင်ပေးရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး” လို့ ရေခွက်ကိုင်ရင်းတန်းလန်းနဲ့ ဦးဖေက ဆိုပါတယ်။

ပေါက်ကွဲသံဆိုလို့ ဗြောက်အိုးဖောက်သံလောက်သာကြားဖူးတဲ့ အရင်တုန်းကလို ဦးရှင်ကြီးတင်ဖို့ သွားရတဲ့ ခံစားမှုမျိုးမရရှာကြတော့။

နားအေးပါးအေးနဲ့ ရေနွေးကြမ်းအိုးဘေးချ တော်ကီဖုတ်လိုက်၊ မုန့်စားလိုက်နဲ့ လုပ်နေလို့မရတော့ပေ။ ၆ နာရီများ ကျော်ပြီလားလို့ နာရီတကြည့်ကြည့်၊ ဖင်တကြွကြွနဲ့ပါ။

အိမ်ရှင်ကလည်း လက်မခံ။ စားသောက်စရာတွေကို ပလပ်စတစ်အိတ်နဲ့ ထုတ်ထားပြီးသား။ ပါဆယ်ထုတ်ကမ်းပြီးတာနဲ့ပြန်ပေတော့။

ဦးရှင်ကြီးတင်တာတောင် အိမ်တိုင်းကို မသိစေချင်ကြတော့။ ရင်းနှီးတဲ့သူတွေလောက်ပဲ တိုးတိုးတိတ်တိတ် လိုက်ဖိတ်ကြပါတယ်။ တချို့ကျတော့ မဖိတ်တော့ဘဲ ပါဆယ်ထုတ်ပြီး လိုက်ဝေကြပါတယ်။

“အိမ်မှာစည်စည်ကားကားဖြစ်နေရင် ပတ်ဝန်းကျင်အမြင်မတင့်တယ်မှာစိုးလို့ပါ။ ပတ်ဝန်းကျင်ဆိုတာက ကိုယ့်ကိုယ်လိုတဲ့သူရှိသလို မလိုတဲ့သူတွေလည်းရှိတယ်လေ” ဦးရှင်ကြီးတင်တဲ့ အိမ်ရှင်တစ်ယောက်က ပြောပါတယ်။

ဦးရှင်ကြီး ဒင်နာစားတဲ့အချိန် ပြောင်းလာသလိုပဲ စိတ်အလိုမကျတိုင်း ဟော့ဟော့ရမ်းရမ်းပြောတတ်တဲ့သူတွေလည်း အခုတော့ လိမ္မာရေးခြားရှိလာပါတယ်။

 ‘ရွာကိုမီးလောင်တိုက်သွင်းပစ်မယ်’ ၊ ‘တစ်ရွာလုံးကို ကပ်ဘေးဆိုက်အောင်လုပ်ပစ်မယ်’

ဒီလိုပြောတတ်သူတွေက သာမန်လူသားတွေမဟုတ်ဘဲ ရပ်ရွာနေလူအများစုကြည်ညိုလေးစားပြီး ကြောက်ရွံ့ရိုသေကြတဲ့ ရွာရှင်နတ်တွေပေါ့။

သူတို့က တစ်နှစ်ကြာမှတစ်ကြိမ် လူတွေနဲ့စကားပြောတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေပါ။

ကျန်တဲ့အချိန်ဆို ရပ်ရွာက ဆောက်ပေးထားတဲ့ အိမ်သေးသေးလေးမှာ ခွေလှိမ့်ပြီး အိပ်ချင်အိပ်နေမှာပေါ့လေ။

နတ်တော်လကျမှ ရပ်ရွာက ဆောက်ထားတဲ့ နတ်ကွန်းရှိရာနေရာမှာ နတ်ပွဲလုပ်ပြီး ပူဇော်ပသကြတာက ထားဝယ်ဒေသရဲ့ ရိုးရာအစဉ်အလာတစ်ခုပါ။

လူတွေနဲ့ စကားပြောတဲ့အချိန် တစ်နည်းအားဖြင့် နတ်ပွဲလုပ်ချိန်မှာဆို အရက်၊ ထန်းရည်ခါးတွေဆို အဆင်သင့်ပြင်ထားမှ။ အမြည်းဆိုလည်း ကောင်းပေ့ ညွှန့်ပေဆိုတဲ့ ကြက်ကင် ဘဲကင် ငါးကင်တွေက အစီအရီပေါ့။

ဒီလိုမျိုး ရေမီးအစုံနဲ့ လေထီးခုန်ပြီး ဧည့်ခံနေတာတောင် အချို့ရွာရှင်တွေက သိပ်ပြီး စိတ်ကျေနပ်ပုံမရ။

ရပ်ရွာက ကျွေးတဲ့ အရက်နဲ့အမြည်းတွေကို တစ်ဝတစ်ပြဲကြီး စားသောက်ပြီးရင်တောင် အဆစ်အနေနဲ့ နောက်ထပ်တောင်းဆိုကြသေးတယ်လေ။ ဇာတ်ပွဲ ၃ ညဆက်တိုက် ‘က’ ပေးရမယ်ဆိုတာမျိုးပေါ့။

သူတို့တောင်းဆိုတာကို မလုပ်ပေးရင် အမျိုးမျိုးသော ခြောက်လုံး မြှောက်လုံးတွေနဲ့ ခြိမ်းခြောက်ကြတော့ ရွာကလူတွေလည်း မနေသာကြတော့ဘူးပေါ့။

နောက်ဆုံးတော့ ရွာရှင်နဲ့ ရွာသားတွေ နှစ်ဦးနှစ်ဖက်အကျေအလည် ညှိနှိုင်းပြီး အနည်းဆုံးတော့ တစ်ညကတော့ မဖြစ်မနေပေးကြရတာပဲ။

ထားဝယ်၊ ရေဖြူ၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်ထဲ ရွာတွေက ရွာရှင်နတ်တချို့ဟာ အခုလိုမျိုး သောင်းကျန်းတဲ့နေရာမှာ နာမည်ကြီးကြတာပါ။

“သူ့စိတ်အလိုမကျတိုင်း တစ်ရွာလုံးကို ကပ်ဘေးဆိုက်အောင်လုပ်ပစ်မယ်ဆိုပြီး အမြဲတမ်းခြိမ်းခြောက်ခံရတာ” လို့ ရေဖြူမြို့နယ်ထဲက ဒေသခံတစ်ယောက်က ပြောပါတယ်။

အခုတော့ ရွာရှင်နတ်အချို့ အမြဲခြိမ်းခြောက်လေ့ရှိတဲ့ ကပ်ဘေးဆိုက်အောင်လုပ်ပစ်မယ်ဆိုတာ တကယ့်ကို ကြုံခဲ့ကြရပါပြီ။

ဒါပေမဲ့ တစ်ရွာတည်းတော့ မဟုတ်တော့ဘူးပေါ့။ ကိုဗစ်ကပ်ဘေးက တစ်ကမ္ဘာလုံးမှာ ဖြစ်နေပြီး လူတွေဆို သေလိုက်တာ သောက်သောက်လဲပဲ မဟုတ်လား။

ဒီလိုနဲ့ ကိုဗစ်ကပ်ဘေး ငြိမ်စပြုချိန်မှာတော့ ရွာရှင်နတ်တွေထက် ကြမ်းရမ်းတဲ့သူတွေပေါ်လာပြီး သူတို့ခမျာ ပိုပြီးလိမ္မာရေးခြား ရှိလာတယ်ပြောရမယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းထုတ်ထားတဲ့ ညမထွက်ရအမိန့်တို့၊ လူငါးဦးထက် ပိုမစုရအမိန့်တို့ စတဲ့ စတဲ့ ကန့်သတ်ချက်တွေကို ရွာရှင်နတ်တွေလည်း စိုးရွံ့နေကြတာလားတော့ မပြောတတ်တော့ဘူး။

အခုဆိုရင် နတ်ပွဲတွေမှာ ရွာရှင်နတ်တွေရဲ့ ဇာတ်ပွဲတောင်းသံလည်း မကြားရတော့ဘူး။ စီးပွားရေး ကျပ်တည်းမှုကြားက လူတွေဆက်သကြတဲ့ အရက်နဲ့အမြည်းလောက်ပဲ လွေးပြီး ကျေနပ်နေကြရပြီ။ ဇာတ်ပွဲမပေးလို့ တစ်ရွာလုံးကို မီးလောင်တိုက်သွင်းမယ်ဆိုတဲ့ ခြိမ်းခြောက်သံလည်း မကြားရတော့ဘူး။

ဇာတ်ပွဲမတောင်းတော့တာက သူတို့ထက် စွမ်းတဲ့သူတွေ ပေါ်လာတာလည်း ပါမှာပေါ့လေ။

အခုဆို ရွာရှင်ထက် စွမ်းတဲ့သူတွေက တစ်နိုင်ငံလုံးပတ်ပြီး မီးလောင်တိုက်သွင်းပစ်နေတာ မဟုတ်လား။

ထားဝယ်ဒေသက အချို့ရွာရှင်တွေဆို နတ်ဝင်သည်က ထိုင်းနိုင်ငံကို ထွက်ပြေးသွားရလို့ နတ်မဝင်ရဘဲ စတိသဘောနဲ့ နှစ်ပါးသွားခဲ့ရတာလည်း ရှိလာပါတယ်။

ဒါကိုလည်း ရွာရှင်နတ်တွေ တစ်ခွန်းတစ်လေမှ မဟရဲကြတော့ဘူး။

အခုဆိုရင် ရွာရှင်တွေလည်း နတ်အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခံရနေပြီဆိုပြီး နတ်သဘင်အစည်းအဝေး လုပ်နေလောက်ပြီ။

ဒါပေမဲ့ အခုလိုအမှောင်ကာလမှာက နတ်အခွင့်အရေးတစ်ခုပဲ ချိုးဖောက်ခံနေရတာတော့ မဟုတ်ဘူးပေါ့လေ။

ရွာရှင်နတ်ထက် စွမ်းတဲ့သူတွေက နတ်အခွင့်အရေးအပြင် လူငယ်တွေရဲ့ ပညာသင်ယူခွင့်၊ လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တာကိုရော ရွာရှင်နတ်တွေ သိနိုင် မြင်နိုင် ကြားနိုင်ပါ့မလားလို့ သံသယဖြစ်မိပါရဲ့လေ။