ကျွန်းစုတွင် စက်လှေမှောက်ပြီး ပျောက်ဆုံးနေသည့် အမျိုးသားသုံးဦး၏ရုပ်အလောင်းပြန်တွေ့

0
3938

ကျွန်းစုမြို့နယ်တွင် စက်လှေမှောက်ပြီး ပျောက်ဆုံးနေသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို တစ်ရက်အကြာ ဒီဇင်ဘာလ ၈ ရက်တွင် ပြန်လည်တွေ့ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးသည့် နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။

မြိတ်မြို့မှ ဥယျာဉ်ကမ်းရွာသို့ သွားသည့် စက်လှေတစ်စီးသည် ဥယျာဉ်ကမ်းရွာအနီး ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက လှိုင်းဒဏ် (လဟာ) ကြောင့် တိမ်းမှောက်ပြီး အမျိုးသားသုံးဦး ပျောက်ဆုံးနေခြင်းဖြစ်သည်။

စက်လှေပေါ်တွင် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ၁၈ ဦးအနက် ၁၅ ဦး အသက်ရှင်ခဲ့ပြီး အမျိုးသားသုံးဦးမှာ ရေနစ် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်း၏ တာဝန်ရှိသူက ပြောပြသည်။

“မနက်လင်းလောက်မှ အလောင်းတွေ့ကြတာ။ မြိတ်ကနေ (ဒီဇင်ဘာ ၈) မနက် ၈နာရီကနေဆင်းသွားတာ အလောင်းပြန်သယ်လာတာ မွန်းတည့်လောက်မှ ပြန်ရောက်ကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်လှေတိမ်းမှောက်သဖြင့် ကျွန်းစုမြို့နယ်ရှိ နာရေးကူညီမှုအသင်းတို့နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူတို့မှ ကယ်ဆယ်လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။

“လှေကတော့ လုံးဝကို မြုပ်သွားတာ။ မပေါ်လာတော့ဘူး” ဟု ကယ်ဆယ်လုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးကြသည့် မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံက ပြောသည်။

စက်လှေတိမ်းမှောက်မှုကြောင့် အသက် ၂၇နှစ်၊ ၂၉ နှစ်နှင့် ၅၀ နှစ်ကျော်ရှိ အမျိုးသားသုံးဦးတို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို မြိတ်မြို့ရှိ အမှတ် (၅) စစ်ဆေးရုံရှိ ရင်ခွဲရုံသို့ တင်ပို့ပေးခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းတို့မှ သိရသည်။