ထားဝယ်ဒေသက ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့

0
1201

ဒီည အိမ်မှာဦးရှင်ကြီးဆွမ်းတင်မှာမို့ ကြွခဲ့ပါဦး တဲ့ ။

ကျွန်တော်တို့နဲ့ခုနှစ်အိမ်ကျော်က အစ်မကြီးတစ်ယောက် လာဖိတ်တယ် ။

ဦးရှင်ကြီးဆွမ်းတင်မလို့ဆိုပါလား ။

ကြားလိုက်ရတဲ့ သတင်းကြောင့် စိတ်ထဲအတော်လေးကို လှုပ်ရှားသွားရပါတယ် ။ တကယ်ဆို သူမဖိတ်လည်း အဲဒီသတင်းကြားရင် ကျွန်တော်က သွားဖြစ်အောင်သွားမှာပါ ။ ကိုယ့်ဒေသက ဒီရိုးရာအလှူလေးနဲ့ကြုံချင်နေတာကြာပြီပဲလေ ။ တကယ်တော့

တခြားအလှူတွေထက် ဒီအလှူပွဲသေးသေးလေးကိုမှစိတ်ဝင်စားနေမိတာ အကြောင်းရှိပါတယ် ။ ငွေကုန်ကြေးကျသိပ်မများတဲ့ဒီအလှူလေးက တခြားအလှူထက်ထူးခြားပြီး ကျွန်တော့ရဲ့ ကလေးဘဝ အမှတ်တရတွေကိုလည်း ချက်ချင်းပြန်သတိရသွားစေတာပါ ။

အခုနာက်ပိုင်း ဦးရှင်ကြီးဆွမ်းတင်အလှူနဲ့ မကြုံတော့တာ အတော်ကြာနေပါပြီမို့ အရင်တုန်းကနဲ့ ဘာတွေကွာခြားနေပြီလဲ ဆိုတာကိုလည်းသိချင်နေမိပါရဲ့ ။

ကျွန်တော်တို့ ထားဝယ်ဒေသက ပင်လယ်ကမ်းရိုးတန်းနဲ့နီးတော့ ရေငန်ပိုင်ဦးရှင်ကြီးနတ်နဲ့ ကင်းတဲ့အိမ်ရှားပါတယ် ။ တကယ်တော့ ကျွန်တော်တို့ဒေသမှာ ရေငံပိုင်နတ်ကို ရေလုပ်ငန်းနဲ့ အသက်မွေးတဲ့သူတွေကသာ အဓိက ကိုးကွယ်ပသကြတယ်ဆိုပေမယ့်လည်း လယ်ယာလုပ်ငန်းလုပ်ငန်းနဲ့ တခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေကပါ ပသကြပါတယ် ။ အဓိကကတော့ ရွာဘက်တွေမှာပါ ။ ဒါကြောင့် ကျွန်တော်ငယ်ငယ်က ရွာမှာ ဦးရှင်ကြီးနတ်တင်တဲ့အလှူနဲ့ကြုံနေကျဖြစ်ပါတယ် ။

ကျွန်တော် ငယ်ငယ်ကပေါ့ …..

ဘယ်အိမ်မှာတော့ဖြင့် ဒီည ဦးရှင်ကြီးနတ်တင်မလို့တဲ့ ဆိုတဲ့ သတင်းကြားရင် အလှူရှင်က ဖိတ်ဖိတ် မဖိတ်ဖိတ် ကျွန်တော်တို့လိုကလေးတွေ ရောက်ပြီး သားပဲ ။ ညနေရေချိုးပြီးတာနဲ့ ညစာထမင်းတောင်မစားဘဲ အဲဒီအိမ်ကိုတန်းပြေးတော့တာပါ ။ ကျွန်တော်တို့ဆီက ဦးရှင်ကြီးဆွမ်းတင်တယ်ဆိုရင် အိမ်ရှင်က ပူစော်ပသတဲ့သွားရေစာပွဲတွေအပြင် လာရောက်ကြတဲ့ အိမ်နီးနားချင်းဧည့်သည်တွေအတွက်လည်း အိမ်ပေါ်မှာ သီးသန့်မုန့်တွေ ကျွေးသေးတာပါ ။ အများအားဖြင့်ကတော့ မုန့်ဆန်း ဒါမှမဟုတ် ကောက်ညှင်းကို အုန်းသီးနဲ့ထန်းလျက်ရော နယ်ထားတဲ့ မုန့်တွေကိုအဓိကကျွေးကြတာပဲ ။ ဒါပေမဲ့ ကလေးတွေကတော့ အိမ်ပေါ်မှာကျွေးတဲ့ အဲဒီမုန့်ကိုမမက်ကြဘူး ။ နတ်စင်ပေါ်မှာ နတ်အတွက် ပသတဲ့ဆွမ်းပွဲတွေကိုမှလိုချင်ကြတာပါ ။ လုပြီးမှရလာတဲ့ ဆွမ်းတော်ပွဲလေးတွေကိုပဲ တန်ဖိုးထားပြီးစားချင်ကြပါတယ် ။

ဆွမ်းပွဲလေးမှာက အားလုံးအတွက်အဓိကကျွေးတဲ့မုန့်အပြင် ရာသီပေါ်အသီးအပွင့်တွေနဲ့ မုန့်ပဲသွားရေစာတွေအစုံအလင် ပါတာဆိုတော့ ကလေးပီပီ အဲဒါတွေကိုပိုနှစ်သက်တာလည်း ဖြစ်နိုင်ပါတယ် ။ နောက်ပြီး အလှူရှင်က သဒ္ဒါရင်သဒ္ဒါသလောက် ဆွမ်းခွက်ထဲ ပိုက်ဆံလေးဘာလေးလည်း ထည့်ကြသေးတာဆိုတော့ အဲဒါလေးကိုမျော်လင့်တာလည်း ပါတာပေါ့လေ ။

အိမ်တစ်အိမ်မှာ ဦးရှင်ကြီးဆွမ်းကပ်တော့မယ်ဆိုရင် ရွာထဲက ဘကြီးတစ်ယောက်ကိုဖိတ်ရတယ် ။ သူက ဦးရှင်ကြီးနတ်တင်ဆရာပေါ့ ။ အနီးနားဝန်းကျင်မှာတော့ ဘယ်အိမ်ကဖြစ်ဖြစ် ဦးရှင်ကြီးဆွမ်းတင်ပြီဆိုရင် သူပဲဒိုင်ခံလုပ်ပေးရတာပါ ။

အလှူရှင်က သူ့အိမ်ရှေ့မြေကွက်လပ်မှာ နတ်တင်မယ့် လေးတိုင်စင်လေးကို ကြိုထိုးထားပေးထားရတယ် ။ ပန်းတို့ဆီမီးတို့နဲ့ဆွမ်းပွဲမှာထည့်မယ့်မုန့်ပဲသွားရေစာအမယ်စုံတို့ကိုလည်း အဆင်သင့်လုပ်ထားပဲရုံလုပ်ထားပေးရတာပါ ။ ဆွမ်းပွဲပြင်တာကိုတော့ အဲဒီဦးကြီးကပဲလုပ်ပေးရပါတယ် ။ အလှူရှင်က ဆွမ်းပွဲပြင်တာပြုတာတွေလုပ်ခွင့်မရှိပါဘူး ၊ အရသာအနေတော် ၊ အပေါ့ အငန် အတွက်ကိုလည်း မမြည်းစမ်းရပါဘူး ။ အစဉ်လာကိုလိုက်နာရပါတယ် ။ နတ်ဆိုတော့ ကြောက်ကြတာလေ ။ တစ်ခုခု လုပ်တာကိုင်တာမှားရင် ဘေးဥပါဒ်ကျတတ်တယ်ဆိုတာကိုး ။

အားလုံးပြင်ဆင်ပြီးပြီဆိုရင် ပန်းတွေထိုးထားပြီးသား လေးတိုင်စင် ( နတ်စင် ) လေးပေါ်မှာ ဆွမ်းတော်ခွက်လေးတွေ လာတင်ရပါတယ် ။ အဲဒီအချိန်မှာဆိုရင် ကျွန်တော်အပါအဝင် အိမ်နီးနားချင်းက ကလေးတွေအကုန်စုပြုံပြီး နတ်စင်နဘေး အကုန်ရောက်နေကြပါပြီ ။ အဲဒီအချိန်မှာ အားလုံးရဲ့မျက်လုံးတွေက နတ်စင်ပေါ်က ဆွမ်းခွက်တွေဆီကိုပဲစုပြုံရောက်နေကြတယ်ဆိုပါတော့ ။ သူတို့တွေကနတ်တင်ပြီးတဲ့ဆွမ်းပွဲတွေစွန့်ဖို့ ၊ အမှန်က သူ့အချိန်ကျရင်ဆွမ်းပွဲတွေလုဖို့ပါ ။ ဆွမ်းပွဲက အထက်အောက် အကုန်လုံးမှ ခြောက်ပွဲ ၊ တချို့ကလည်း လေးပွဲပဲတင်တယ် ။ ဝိုင်းအုံနေတဲ့ကလေးတွေက ဆယ်ယောက်ကျော် ။ ဒီတော့ သူ့ထက်ငါဦးအောင်လုမှပဲ ရတော့မှာပေါ့ ။

ဆွမ်းခွက်လေးတွေကို နတ်စင်ပေါ်မှာနေရာတကျထားပြီးတာနဲ့ နတ်တင်တဲ့အဘကြီးက နံသာရေခွက်လေးထဲ သပြေခက်လေးကိုဆွပ်ဆွပ်ပြီး ဆွမ်းပွဲတွေတင်ထားတဲ့ နတ်စင်တစ်ခုလုံးကို ပက်ဖြန်းတယ် ။ ပြီးတော့ နတ် စ,ပင့်တယ် ။ အလှူရှင်ကတော့ နတ်စင်အရှေ့နားက မြေကြီးပေါ်မှာကြုံ့ကြုံ့လေးထိုင်ပြီး လက်အုပ်လေးချီလို့ လိုရာကိုဆုတောင်းပေါ့ ။ အဲဒီလိုဆုတောင်းနေရင်းက ဝိုင်းအုံနေတဲ့ကလေးတွေကိုတစ်ချက်တစ်ချက်ဟန့်ရသေးတယ် ။ ဟဲ့ .. ကလေးတွေ နဘေးဖယ်နေကြဦး ၊ ပြီးမှလုကြ ၊ မပြီးခင်လုရင် နတ်ကိုင်ခံရမယ်နော် … ဘာညာနဲ့ပေါ့ ။

ကျွန်တော်တို့ငယ်ငယ်က အဲဒီအဘကြီးနတ်တင်တုန်းရွတ်ဖတ် ( နတ်ပင့်စာ ) တာတွေအကုန်လုံးကိုနီးပါးကို အလွတ်ရကြတယ် ။ မရလိုကလည်းမဖြစ်ဘူးလေ ။ ဘယ်စာသားကိုရွတ်နေတဲ့အချိန်ဆို ဆွမ်းပွဲတွေလုရမယ်ဆိုတာသိထားမှ သူများထက်နောက်မကျမှာ မဟုတ်လား ။ အားလုံးအလွတ်မရရင်တောင်မှ ယုတ်စွအဆုံး “ပြန်ကြွတော်မူပါဘုရား” … ဆိုတဲ့ စာသားကိုတော့ သေချာနားစွင့်ထားရတာပါ ။ “ပြန်ကြွတော်မူပါဘုရား” ဆိုတာက ဦးရှင်ကြီးနတ်က ဆွမ်းတွေဘာတွေသုံးဆောင်ပြီးပြီမို့ ပြန်ကြွလို့ရပါပြီလို့ ပြန်ပို့တဲ့ နတ်ပို့စာထဲက ဝါကျတစ်ခုဖြစ်ပါတယ် ။ ဒီတော့ အဲဒီစာသားရွတ်သံကြားပြီဆိုတာနဲ့ ဆွမ်းခွက်တွေကို လုလို့ရပြီဆိုတာကို အားလုံးသိကြတယ် ။ ဦးရှင်ကြီးနတ်ပြန်ကြွသွားပြီဆိုတော့ ဆွမ်းခွက်တွေကိုလည်း စွန့်လို့ရပြီဆိုတဲ့သဘော ။

တစ်ခါတလေကျတော့လည်း ၊ လက်သွက်တဲ့ကောင်တွေ ၊ ဘရုတ်ကျတဲ့သူတွေရဲ့လက်ချက်ကြောင့် “ပြန်ကြွတော်မူပါဘုရား” ဆိုတဲ့အနားတောင်မရောက်လိုက်ရဘဲ စင်ပေါ်မှာ ဆွမ်းပွဲတွေအကုန်ပြောင်သွားတဲ့အခါလည်းရှိရဲ့ ။ နောက်ပြီး တစ်ယောက်ယောက်က သူ့အချိန်မကျသေးဘဲ စ ဖောက်ပြီးလုပြီဆိုရင်လည်း သူ့လိုပဲလုဖို့အသင့်ပြင်ထားကြတဲ့ နောက်လူတွေကပါ ဝိုင်းလုကြတော့တာပါ။ ဒီကြားထဲ ရွှတ်နောက်တတ်တဲ့ လူကြီးတစ်ယောက်က ခပ်လှမ်းလှမ်းကနေပြီး အချိန်မကျသေးခင်မှဘဲ လုဟေ့ .. လု လု ဆိုပြီး ကလေးတွေကို တွန်းအားပေးလိုက်ရင်လည်း အကုန်ရောယောင်ပြီး ဝိုင်းလုကြတာမျိုးကလည်းရှိသေးတယ် ။

လုကြပြီဆိုရင် နတ်စင်ပေါ် ဆွမ်းခွက်တွေလည်းအကုန်ပြောင် ၊ ထိုးထားတဲ့ပန်းတွေလည်း ဖရိုဖရဲတွေဖြစ်လို့ ။

အဲလိုအခါမျိုးမှာဆို နတ်ပင့်စာရွတ်နေတဲ့အဘကြီးခမြာ ဆွမ်းခွက်တွေအကုန်ပြောင်ပြီး ဖရိုဖရဲဖြစ်နေတဲ့နတ်စင်ရှေ့မှာရပ်လို့ အမွေးနံသာရေလေးပက်ကာဖြန်းကာနဲ့ နတ်ပင့် ၊ နတ်ပို့တွေရွတ်နေရတော့တာပါပဲ ။

ဒီနေရာမှာလက်သွက်တဲ့သူက တပန်းသာတာပေါ့ ။ ကျွန်တော်တို့ဆီမှာ လက်သွက်ခြေသွက်ရှိတဲ့သူကို ခိုင်းနိုင်းတဲ့စကားပုံတောင်မှရှိသေးတယ် ။ “လက်သွက်လိုက်ပုံများ ဦးရှင်ကြီးလက်ကျနေတာပဲ” တဲ့ ။ ကျွန်တော်ကတော့ လက်နှေးတဲ့သူဖြစ်တော့ တော်ရုံနဲ့ ဆွမ်းခွက်ကို လုလို့ရလေ့မရှိပါဘူး ။ တခါတလေများ ကံကောင်းထောက်မစွာနဲ့ဆွမ်းခွက်လေးတစ်ခု လုလို့ရသွားခဲ့ရင် ဝမ်းသာလိုက်တာများ ပြောပြလို့မတတ်အောင်ပါပဲ ။ အဲဒီဆွမ်းခွက်လေးထဲက မုန့်တွေကိုစားရတာ ပိုပြီးရသာရှိတယ်လို့တောင် ထင်မိတာပဲလေ ။ ဦးရှင်ကြီးနတ်တင်ရင် အဲဒီလို လုကိုလုကြရတယ်ဆိုတာ အစဉ်ဆက်လက်ခံထားကြတော့ ဒီလိုလုပ်ကြတာကို သူ့ဓလေ့တစ်ခုအနေနဲ့ အားလုံးကသဘောပေါက်နားလည်ကြတာပါ ။ ဒါဟာ ပျော်စရာကောင်းတဲ့ ချစ်စရာ့ဓလေ့တစ်ခုလို့လည်းမြင်ပါတယ် ။ ဒါကြောင့် ကျွန်တော်က ဦးရှင်ကြီးဆွမ်းတင်တယ်လို့ကြားရင် ငယ်ဘ၀ကို ပြန်သတိရပြီးရင်ခုန်မိတာပါ ။

မြို့ကြီးတွေပေါ်မှာတော့ ဦးရှင်ကြီးနတ်တင်ဆရာက နတ်စင်အပါအဝင် ဆွမ်းပွဲတွေအတွက်ပါအကုန်စီစဉ်ပြီး ဝန်ဆောင်မှုပေးနေတာကိုတွေ့ရဖူးပါတယ် ။ နတ်တင်ဆရာက နတ်စင် ၊ ပန်းစည်းတွေနဲ့ ဆွမ်းပွဲတွေကို ဆိုက်ကားတစ်စီးနဲ့တင်လာပြီး နတ်တင်မယ့်အိမ်ကိုရောက်တာနဲ့ သူသယ်လာတဲ့နတ်စင်လေးကိုထောင်လို့ အသင့်ယူလာတဲ့ဆွမ်းပွဲတွေတင်တယ်။ နတ်တင်တဲ့အိမ်ရှင် တစ်ယောက် နှစ်ယောက်က အိမ်အောက်ဆင်းလာပြီး နတ်စင်ရှေ့ ကျုံ့ကျုံ့လေးထိုင် ၊ လက်အုပ်ကလေးချီလို့ လိုရာဆုတောင်း ။ နတ်တင်ဆရာက နတ်ပင့် ၊ နတ်ပို့ ၊ ပြီးတာနဲ့ ဝန်ဆောင်ခလေးယူလို့ သယ်လာတဲ့ပစ္စည်းတွေသိမ်းပြီး ပြန်သွားတော့တာပဲ ။ အဲဒါ မြို့ကြီးတွေပေါ်မှာတွေ့ခဲ့ရတဲ့ ဦးရှင်ကြီးနတ်တင်တဲ့အမှုကိစ္စတစ်ခုဖြစ်ပါတယ် ။ ဒီထက် ကျယ်ကျယ် ပြန့်ပြန့်လေးလုပ်တဲ့သူတွေလည်းရှိမှာပါ ။

မြို့ကြီးတွေပေါ်မှာ ဦးရှင်ကြီးနတ်တင်တဲ့ အစဉ်အလာဓလေ့မရှိသလောက်ရှားလိမ့်မယ်လို့ထင်ပါတယ် ။ ရှိသေးရင်လည်း စောစောကပြောသလို တဖြည်းဖြည်းနဲ့ကျုံ့ဝင်သွားပြီဖြစ်မှာပါ ။

နယ်ဘက်မှတော့ ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့ကို ကျယ်ကျယ် ပြန့်ပြန့်လေးလုပ်နေကြတုန်းပဲဖြစ်ပါတယ် ။ အတီးအမှုတ် တွေနဲ့ တခမ်းတနား ပြုလုပ်ကြတာကိုလည်း မြင်ရ ကြားရဖူးပါတယ် ။

ဒါပေမဲ့လည်း အခုချိန်မှာ အရင်ကပုံစံနဲ့ အနည်းနဲ့များဆိုသလို ကွာခြားနေတော့မှာပါ ။ ကျွန်တော်တို့ငယ်ငယ်က ကြုံရတာတွေကတော့ ပျော်စရာကောင်းခဲ့သလို အခုတော့ လွမ်းစရာလေးတွေဖြစ်သွားရပါပြီ ။

ရနောင် (ဒွယ်)