“တနင်္သာရီရိုးရာ နတ်လမ်းပြ နဝဒတ် (နဝထပ်)အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့”

0
1269

တနင်္သာရီဒေသ တနင်္သာရီလူမျိုးရိုးရာဓလေ့များထဲတွင် ချည်ချည်ခြင်း ဓလေ့ကို ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနှင့် ယနေ့တိုင် အစီအရင် ပြုလုပ်နေကြသည်ကို လေ့လာနိုင်ပေသည်။

ထိုအထဲမှာမှ- “နတ်လမ်းပြ န၀ဒတ်(နဝထပ်)အိုင် အစီအရင်နှင့် လက်ယာရစ် ချည် ချည်ခြင်း”၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် အစစ အရာရာအဆင်ပြေ အောင်မြင်စေရန် ရည်ရွယ်ချက်များဖြင့် ခရီးဝေးမထွက်ခွာမီ “မေတ္တာဖွဲ့နှောင် ချည်ချည်ခြင်း”၊ ဆိုးမိစ္ဆာများ အနှောင့်အယှက်ပြုခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျန်းမာချမ်းသာ ပျော်ရွှင်စေရန် ရည်ရွယ်ချက်ဖြင့် ခလေးများတွင် “ချည်မန်း၊ ခမည်းပေး ချည်ခြင်း”၊ သေသူဝိဉာဉ် လိပ်ပြာခွဲရန် ခန္ဓာအရပ်အတိုင်း “ချည်ကြိုးဖြတ် ချည်ထည့်ခြင်း”စသော ရှေးရိုးအစဉ်အလာနှင့်အညီ ချည်ချည်ခြင်းဓလေ့များကို ပြုလုပ်နေကြသည်မှာ တနင်္သာရီဒေသတွင် ယနေ့တိုင် တွေ့ရှိနေရသေးသည်။ တနင်္သာရီဒေသိယစကားဖြင့် ချည်ချည်ခြင်းကို “ချယ်မန်း ခယ်ပေးဟ္ရယ်”လို့ ပြောပါသည်။

ထိုထဲမှာမှ တနင်္သာရီဒေသအတွင်း အလှူများ ပြုလုပ်ချိန်တိုင်းတွင် ထူးခြားစွာ တွေ့ရတတ်သည့် တစ်မူထူးခြား တနင်္သာရီဒေသ တနင်္သာရီလူမျိုး ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော”တနင်္သာရီရိုးရာ နဝဒတ်(န၀တတ်)အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့”ကို ဖော်ပြပေးပါမည်။

ထိုသို့ပြုလုပ်ခြင်းဓလေ့သည် တနင်္သာရီလူမျိုးမင်းဆက် လက်ထက်မှသည် တနင်္သာရီအဘိုးအဘွား အစဉ်အဆက် ကျင့်သုံး ထိန်းသိမ်းလာသော ဓလေ့အစီအရင်လည်းဖြစ်သည်။

ခေတ်အခြေအနေအပြောင်းအလဲများအရ- ရှေးအစဉ်အဆက် ထိန်းသိမ်းလာသော ထိုတနင်္သာရီရိုးရာဓလေ့ အလှူပြု အစီအရင်လေးကို ပြုလုပ်သည့် ရည်ရွယ်ချက်၊ ဆင်းသက်လာမှုကိုလည်း မသိရှိကြသူက များများလာသည်။

ဒေသအတွင်း တချို့သော အလှူကောင်းမှုပွဲများ၊ ပရိတ်နာပွဲများတွင်ပင် ထိုဓလေ့အစီအရင်ကို ထည့်သွင်းရန် မေ့လျော့လာကြသည်ကို တွေ့ရသဖြင့် စာရေးသူ အလွန်စိတ်မကောင်းဖြစ်မိသည်။

ရိုးရာဓလေ့ကို တန်ဖိုးထားမှုမှာ အားလျော့လာပါက ထိုအစီအရင်လေးလည်း လုံးဝ ပျောက်ပျက်သွားမှာကို စာရေးသူ စိုးရိမ်မိပါသည်။ ထို့ကြောင့် မိမိတို့ တနင်္သာရီဒေသ ရှေးခေတ်တနင်္သာရီရိုးရာဓလေ့ အစီအရင်၊ အခင်းအကျင်း၊ ရည်ရွယ်ချက်များကို သိရှိ တန်ဖိုးထား ထိန်းသိမ်းနိုင်ကြဖို့ရာ စာရေးသူ လေ့လာမှတ်သားထာခဲ့သမျှကို ဤဆောင်းပါးဖြင့် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါသည်။

“တနင်္သာရီရိုးရာ နတ်လမ်းပြ န၀ဒတ်အိုင် အစီအရင် နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့”သည် တနင်္သာရီယဉ်ကျေးမှုသမိုင်းအငွေ့အသက်များနှင့်အတူ ဆက်စပ်ဖြစ်တည်ခဲ့သော တနင်္သာရီရှေးဟောင်းသမိုင်းဝင် နဂါးကပ်‌တောင် (နဝထပ်)စေတီတော်၊ နဝထပ်အိုင်၊ တနင်္သာရီစူဠာမုနိဘုရားကို ပူဇော်သည့် ဓလေ့ ဖြစ်သည်ဟု တနင်္သာရီမှ လူကြီးသူမများ ပြောပြခဲ့သည်ကို မှတ်သားရပါသည်။ ထို့အပြင် ထေရဂါထာပါဠိတော်ကျမ်းလာ သုမနထေရဂါထာနှင့် ဓမ္မပဒ၊ ၂၅-ဘိက္ခုဝဂ်၊ ၁၂-သုမနသာမဏေဝတ္ထုတွင် ဂေါတမမြတ်စွာဘုရားရှင်လက်ထက် (၇)နှစ်အရွယ် သုမနသာမဏေ ရဟန္တာက ပဇယ်ဆရာဖြစ်သူ အရှင်နုရုဒ္ဓါ ကျန်းမာရေးအတွက် အနောတတ္တရေအိုင်မှ ရေစင်တော်ခပ်ယူရာ ထိုအိုင်တွင် ရှိသော ပန္ဒကနဂါးမင်းနှင့် တန်ခိုးပြိုင် စစ်ခင်းကြ၍ သုမနသာမဏေ ရဟန္တာက အနိုင်ရ၍ ရေစင်တော်ကို ခပ်ယူနိုင်ခဲ့သည်။

ထိုသို့ တန်ခိုးပြိုင် စစ်ခင်းရာ သုမနသာမဏေ၏ တိုင်တည်မှုကို ကြားသိ၍ လောကပါလ နတ်မင်း၊ သိကြားမင်း၊ သုယာမနတ်၊ သန္တုဿိတနတ်၊ နိမ္မာနရတိနတ်၊ ပရနိမ္မိတ၀သဝသတ္တီနတ်၊ဗြဟ္မာအပေါင်းနှင့် နတ်ကောင်းနတ်မြတ်များက အနောတတ္တရေအိုင်သို့ လာရောက်စည်းရုံးလျက် သာမဏေကို လာရောက်ရှိခိုး ကောင်းချီးဩဘာပေး ပူဇော်ကြသည်။

ဗုဒ္ဓကျမ်းဂန်လာ သုမနသာမဏေ၏ အောင်မြင်မှု၊ နတ်လမ်းပြမှုကို အကြောင်းပြု၍ ရှေးအစဉ်အဆက် တနင်္သာရီလူမျိုးများက အလှူပြုရာတွင် သေထား ဝန်းရံခြင်းစေခြင်းသဘောနှင့် အလှူကို အနှောင့်အယှက်ကင်းစွာ ပြုလုပ်နိုင်ရန် အင်အားယူ အရံအကာထားခြင်း သဘောဆောင်သော ထိုဓလေ့ကို တနင်္သာရီရိုးရာ နတ်လမ်းပြ နဝထပ်အိုင် (သို့မဟုတ်) န၀တတ်အိုင်- န၀ဒတ်အိုင်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။

တနည်းအားဖြင့်-အလှူပြုချိန် အနှောင့်အယှက်ကင်းစေရန်နှင့် နတ်ကောင်းနတ်မြတ်များမှ ဝန်းရံ ကူညီပေးနိုင်ရန်လည်း ရည်ရွယ်သည်ဟု သိရသည်။

“န၀ဒတ်(နဝတတ်)အိုင်” စကားလုံးကို လေ့လာကြည့်လျှင် ပါဠိစကားလုံး “အနောတတ္တအိုင်”ကို ကိုယ်စားပြုသည်ဟု သိရသည်။ “အနောတတ္တရေအိုင်”မှာ ဘုရားရှင်နှင့်တကွ ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာများ ရေတော်သန့်စင်သောအခါ အညောင်းအညာပြေတော်မူခြင်း၊ အနာရောဂါကင်းရှင်းခြင်း ဖြစ်စေသည်ဟု ဖွင့်ဆိုသည်။

အရှေ့တိုင်းပညာရှုထောင့် လေ့လာချက်အရ- ပါဠိစကားလုံး “အနောတတ္တ”မှ လာပြီး သက္ကတ စကားလုံးမှာ- “အန၀တပ္တ”ဟု ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓာန်တွင် ဖွင့်ဆိုသည်ဟု သိရသည်။ ထို “အန၀တပ္တ” (သက္ကတဝေါဟာရ)မှ ဘာသာဗေဒသဘောဖြင့် “အာဒိလောပ” နည်းအရ ပုဒ်အတွင်းအစ သရ “အ”ကို ချေ၍ ” န၀တပ္တ” ရလာသည်။ ထိုမှ “တ္တရလောပ” နည်းအရ ပုဒ်အတွင်းအဆုံး အက္ခရာ”တ”ကို ချေလိုက်သောအခါ ” န၀တတ်”ကို ရလာသည်ဟု ဆိုထားသည်။ တနင်္သာရီမြို့နယ်တွင်မူ “န၀တတ်အိုင်”- “န၀ဒတ်အိုင်”- “န၀ထပ်အိုင်”ဟူ၍သာ ရှေးရိုးအစဉ်အတိုင်း ခေါ်ဝေါ်လျက်ရှိပေသေးသည်။

တချို့ကလည်း န၀ဒတ်(နဝတတ်)ကို “န၀ရတ်အိုင်”ဟူ၍လည်း ခေါ်ကြသည်။ “န၀ရတ်အိုင်” ဟုခေါ်ဝေါ်ခြင်းထက် တနင်္သာရီမြို့နယ်အတွင်း ယနေ့အထိ ခေါ်ဝေါ်သော န၀ထပ်- န၀တတ်-န၀ဒတ်က အနောတတ္တရေအိုင် ပါဠိမှ ဆင်းသက်လာမှုနှင့် ပိုပြီး နီးစပ်မှုရှိပါသည်။

ထို့အပြင် တနင်္သာရီယဉ်ကျေးမှု သမိုင်းဖြစ်စဉ်များနှင့် မြေပြင်တည်နေရာ ချိတ်ဆက်မှု အနေအထားမှာလည်း မှန်ကန်မှုရှိသည်။ ထို့ကြောင့် တနင်္သာရီယဉ်ကျေးမှုနှင့် စပ်လျဉ်းတည်ရှိသောကြောင့်လည်း “န၀ထပ်- န၀တတ်-န၀ဒတ်အိုင်” ဟု ခေါ်ဆိုခြင်းက ပိုပြီး သင့်လျော်ပေသည်။

ထပ်ဆင့် ရှေးခေတ် မြန်မာကဗျာများ စပ်ထုံးတွင် လေ့လာကြည့်လျှင်လည်း အနောတတ္တရေအိုင်ကို ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင်- ” ဂန္ဓမာနှင့် ကေလာ သဘ၊ စိတြဟု၊ သုဒဿန၊ ကာဠ တောင်မြတ်၊ န၀တတ်ကို၊ ရံပတ်ငါးပါး” ဟု ဖွဲ့ဆိုထားသည်။

“နဝတတ်”နှင့် ပတ်သက်သော စကားလုံးကို မယ်ခွေရေးသားသော-

“သာမျိုးမှာ စေ့စုံ

မဟာ နဝတတ်၊အိုင်မင်းမြတ်မှာ

ငါးရပ်ကြာပေါင်း၊ကြိုင်နံ့လှောင်းသည်

ရေကြောင်းကြုံလို့.

မွှေးထုံမှ သိင်္ဂါ

ငှက်ရာဇာ ည၊ရွှေဘွဲ့ရ တို့

မြသရဖူ၊ဗောင်းဝန်းလူ နှင့်

ဥရှုတိုင်ညီ

သစ်နန်းရိပ် မှီပါလို့

ပန်းသီတံ ရှာသည်

အခါတော် ရွှေဆင်လှူတဲ့

မီးပူဇော်ပွဲ” ဟူသော အဲချင်းကဗျာလေးတွင်လည်း တွေ့ရသည်။

ထိုကဗျာထဲက ကဲ့သို့ပင် တနင်္သာရီဒေသ တနင်္သာရီလူမျိုးဘုရင်များ ထီးနန်းစိုက်မြို့တည်ရာ အနီး တနင်္သာရီမြစ်ဆုံတွင် နဂါးကပ်တောင် “နဝထပ်ရေအိုင်”ဆိုသော နေရာလေးရှိနေသည်။

ထိုအိုင်အထက် တောင်ပေါ်တွင် တနင်္သာရီလူမျိုးမင်းဆက် ပဉ္စမမြောက် မဟာဝင်မင်းဆက်ဖြစ်သော ဗြံစက္ကပိတ်ရာဇာမင်း (သက္ကရာဇ် ၅၁၅ခုနှစ်မှာ) တည်ထားကိုးကွယ်သော နဝထပ်ဘုရားစေတီရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တစ်ခုတည်းသော တနင်္သာရီလူမျိုးတို့၏ ရှေးခေတ် ဂဝံကျောက်ဆစ် တည်ဆောက်မှု အနုလက်ရာ အခိုင်အမာကို လှစ်ဟဖော်ပြနေသည့် တနင်္သာရီယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်းဖြစ်သည်။ ကိုးဆင့် ကိုးထပ် တည်ဆောက်ထားသည့်အတွက်လည်း “နဝထပ်”ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ထိုန၀ထပ်စေတီရှိရာ နဂါးကပ်တောင်၏ အောက်ခြေတွင် အလွန်နက်ရှိုင်းသော “န၀ထပ်အိုင်”ရှိသည်။ ထိုကဗျာထဲက မဟာ နဝတတ်အိုင် ကဲ့သို့ပင် တနင်္သာရီ “နဝထပ်အိုင်” ရှိရာ ဝန်းကျင်သည် ပတ်ပတ်လည် တောင်တန်းများ ပတ်ခြံရံလျက် အလွန်ပင်သာယာလှသော နေရာပင်ဖြစ်သည်။

ထို့အပြင်-

“ဧဇာအေ့… နောင်‌‌‌ဝေး …. န၀ထပ်ဘုရားသည်.. ရေအောက်ပြည်… တနင်္သာရီမုနိ… တုမရှိကို… နင်းသိရ်တိုင်းသား… ဆွေတော်များက… ပြန်လည် ပင့်ဆောင်… အဓိဌာန်ရအောင်… ဧဟေ့နောင်…”

“အို တနင်္သာရီ မုနိ… အတုမရှိပါဗျ..”

“အို အခွက် တစ်ထောင်ကျော်.. ရွှေစင်တော်ဗျ…..” ဟူ၍ မှတ်တမ်းပြု သီဆိုကြသော တနင်္သာရီရိုးရာ ရှေးခေတ်ဧဇာအရ- ထိုနဝထပ်အိုင် အထက်ဘက် နဂါးကပ်တောင်ပေါ်တွင် န၀ထပ်စေတီတည်ဆောက်မှုနှင့်အတူ ၀တ်ကျောင်းတစ်ဆောင်ပြု၍ ရှေးအခါက “တနင်္သာရီ မဟာမုနိ” (တနင်္သာရီ စူဠာမုနိ) ရုပ်ပွားတော်တစ်ဆူကို ရွှေစင်သွန်းလုပ် ပူဇော်ထားရှိသည်ဟု သိရသည်။

တနင်္သာရီ မဟာမုနိသွန်းလုပ်စဉ်က ရေ၀တီမိကျောင်း နက္ခတ်ယှဉ်ခြင်း၊ နဂါးနှင့်ဆက်စပ်ခြင်းတို့ကြောင့် မဟာမုနိဘုရားသည် ကုန်းတော်ပေါ်မှာထက် ရေအောက် နဂါးပြည်တွင်သာ စံမြန်းရန်ရှိသည်ဟု ပညာရှိပုဏ္ဏားတော်များက နိမိတ်ဖတ်သော်လည်း ဗြံစက္ကပိတ်မင်းကြီးမှာ ကျေးဇူးရှင် မိတ်ဆွေ နဂါးမင်းကြီးနှင့် အပေါင်းအဖော် အဆွေတော် အမျိုးတော်များအတွက် သဒ္ဓါမပျက်ဘဲ သွန်းလုပ်ပူဇော်ခဲ့သည်။

တနင်္သာရီမှတ်တမ်းများအရ-

တနင်္သာရီ မဟာမုနိသည် ၅၁၅ခုနှစ် ဗံစက္ကပိတ်မင်းလက်ထက်ကတည်းပင် သွန်းလုပ်လှူဒါန်းခဲ့သည်ဟု သိရှိနိုင်ပြီး သက္ကရာဇ် (၈၉၃) တနင်္သာရီဘုရင် မြစိုးစံနှင့် မိဖုရားနှင်းနွယ်ဒေ၀ီလက်ထက်တွင် ယိုးဒယားတို့ တနင်္သာရီပြည်ကို ကျူးကျော်စစ်ထိုးသဖြင့် စစ်ရေးအခြေအနေမလှသောကြောင့် တနင်္သာရီ စူဠာမုနိကို တောင်တော်ပေါ်မှ ဖောင်တော်သို့ ချ၍ ယိုးဒယားတို့ လက်ထဲ မပါရလေအောင် ဆောင်ရွက်စဉ် ယိုးဒယား စစ်တံခွန် နီးကပ်လာသဖြင့် မင်းမိဖုရားနှင့် မင်းညီမင်းသားများမှာ ဖောင်တော်ပေါ် ကန်တော့ပန်းဆင်ရ၏။

ထို့နောက် မှူးတော်မတ်တော်များက န၀ထပ်ရေအိုင် ၀ဲလယ်သို့ ဖောင်တော်ထွက်ကာ ဆီမီးပန်းနံ့သာတို့ဖြင့် ပူဇော်ပြီး ဖောင်ကြိုးဖြတ်၍ တနင်္သာရီမြစ်ရေအောက် နဝထပ်အိုင်တွင် ကိန်းဝပ်စံပယ်ထားရှိခဲ့ကြောင်း သိရသည်။

နောက်ထပ်မှတ်တမ်းတစ်ခုဖြစ်သော တနင်္သာရီမြိတ်ရာဇဝင်တော်ကြီး ပဌမအတွဲ-ထဲမှ စာမျက်နှာ ၄၆-၄၇တွင်

“ ဗြဿဒိရာဇာ မင်းသားသည်။ ဘခမည်းတော် နောင်တော် အရိုက်အရာကို ရသဖြင့်၊ ထီးနန်းစိုးစံ၍ တစ်နှစ်ရှိလျှင်၊ သက္ကရာဇ်-၇၁၀နှစ်ရှိသောအခါ၊ ယခု နဝထပ်ခေါ် နဂါးကပ်တောင်တွင် ကြေးနှစ်လေး၊ ရွှေတလေးကို ရောစပ်ပြီး ၊ ကိုးတောင်နှစ်မိုက် သုံးသစ်၊ ဉာဏ်တော်ရှိသည့် မြတ်စွာဘုရားရုပ်ပွားတော်ကို သွန်းလုပ်၍၊ ဝတ်ကျောင်းနှင့်တကွ တည်ထားကိုးကွယ်တော်မူလေသည်။ ထိုဘုရားဝတ်ကျောင်း အနောက်က စေတီတော်တဆူတည်ထား၏။”“

၁၁၈၆ ခုနှစ်၊(အေဒီ ၁၈၂၄) မြိတ်မြို့သို့ အင်္ဂလိပ်အစိုးရမင်းများ ဝင်ရောက်လာသည့်နှစ်၊ အလိုအလျောက် ပလ္လင်ထက်မှ ရေထဲသို့ ကြွဆင်း တော်မူသည်”ဟု ဖော်ပြထားသည်။

“သက္ကရာဇ် ၁၂၅၇တွင် ဘုန်းကြီး “ရှာပြား” သည် တနင်္သာရီဘုရား၀တ်ထဲက ကျောက်ဆင်းတု တစ်ဆူ(ဉာဏ်တော် တစ်တောင်ခန့်)ကို ကြိမ်ကြိုးနှင့် ခိုင်ခိုင်ချည်ပြီး နဂါးကပ်တောင်ခြေရင်း န၀ထပ်ရေအိုင်ထဲသို့ချကာ အစီအမံပြု ဘုရားပင့်ခဲ့ကြသည်ဟုဆို၏။

ချည်ထားသော ကြိမ်ကြိုးသည် မပြေဘဲ ကွင်းလျှော၍ ကျောက်ဆင်းတုမှာ နဝထပ်အိုင် ရေအောက်တွင် ကျန်ရစ်လေသည်၊၊ ပထမတစ်ဆူ ပင့်၍ မရသဖြင့် နောက်ထပ်တစ်ဆူကို အထက်ပါအတိုင်း ချည်၍ အစီအမံပြု ပင့်ဆောင်စေတော်မူရာ ထိုနည်းတူ ကွင်းလျှော ကျွတ်ကျန်ခဲ့၍ လက်လျော့လိုက်ရသည်ဟု မှတ်တမ်းပြုထားသည်၊၊

မည်သို့ပင်ဆိုစေကာမူ ယနေ့တိုင် နဂါးကပ်တောင်အရှေ့ဖက် တနင်္သာရီမြစ်ရေအောက် န၀ထပ်အိုင်တွင် ကိန်းဝပ် စံပယ် သီတင်းသုံးနေတော်မူသော ဆင်းတုတော်ကြီးကိုမူ ဆယ်ယူနိုင်ခြင်း မရှိသေးပေ..။”

သို့သော်လည်း နှစ်စဉ် သီတင်းကျွတ်လပြည့် ဆွမ်းတော်ကြီးတင်ပွဲ၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်နေ့ တနင်္သာရီရိုးရာ နဂါးလှေတော် ရေခင်းသဘင်ပွဲများကို ထိုနဂါးကပ်တောင် နဝထပ်စေတီတော်နှင့်အတူ နဝထပ်အိုင် ရေအောက်ရှိ “တနင်္သာရီစူဠာမုနိဘုရား”ကို ရည်မှန်းပူဇော် ပွဲတော်ခင်းလျက်ရှိနေသည်မှာ အစဉ်အလာမပျက်ပင်ဖြစ်သည်။

ထိုရေအိုင်ဝန်းကျင်တွင် လှေကြီးလှေငယ်များဖြင့် သွားရောက်၍ ဘုရားရှင်အား ရည်မှန်းပူဇော်လျက် နို့သပိတ်ဆွမ်းမျှောခြင်း၊ ဆွမ်းတော်ဗန်းများ မျှောခြင်းကို ပြုလုပ်ခဲ့ကြသည်။

နှစ်စဉ် တန်ဆောင်းမုန်းလပြည့်နေ့တွင်လည်း တနင်္သာရီမြစ်ဆုံနှင့် တနင်္သာရီနန်းမြို့တွင် တော်၀င်နဂါးလှေတော်ရေခင်းသဘင်ပွဲနှင့် ဧဇာခေါ်ပွဲကို ခမ်းနားစွာကျင်းပပြီး ညဖက်တွင် နဂါးမင်းကြီးနှင့် အဆွေတော်ရှစ်သောင်း အမျိုးတော်အပေါင်းကို ရည်စူးလျက် နဝထပ်အိုင်ရေအောက်တွင် စံတော်မူသော ဘုရားရှင်အား ဆီမီးပူဇော်ကာ မီးကြာခွက်များ ဆင်ယင်ပြီး နဂါးကပ်ဆီမီးမျှောပွဲကိုလည်း ကျင်းပကြသည်။

မျှောချလိုက်သော ဆီမီးခွက်နှင့်အတူ “မကောင်းသော ဘေးဒဏ်၊ မကောင်းသော ကံများ မျှောပါပျောက်ကွယ်စေပြီး ကောင်းသော အရာမှန်သမျှတို့ ဖြစ်တည်လာမည်”ကို ယုံကြည် ဆုတောင်းကြရင်း ရေမြေသေဌ်နင်း တနင်္သာရီပြည့်ရှင်မင်းများ၊ နဂါးမင်းကြီးနှင့် အဆွေတော်များအား ပြုသမျှ ကုသလကို အမျှဝေကြသည်မှာ ယနေ့အထိတိုင် တနင်္သာရီမြစ်ဆုံ နဝထပ် တနင်္သာရီရိုးရာမီးပူဇော်ပွဲ(သို့မဟုတ်) နဂါးကပ်မီးမျှောဓလေ့အသွင် ဖြစ်တည်လာခဲ့သည်။

ထိုန၀ထပ်အိုင်ရှိ တနင်္သာရီစူဠာမုနိဘုရားရှင်ကို ရည်မှန်း ပူဇော်ခြင်းကို အကြောင်းပြု၍ တနင်္သာရီလူမျိုးမင်းဆက်မှသည် တနင်္သာရီလူမျိုးအဘိုးအဘွား အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းပြုလုပ်လာသော တနင်္သာရီရိုးရာ နတ်လမ်းပြ န၀ဒတ်အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်း ဓလေ့သည် ယနေ့အထိတိုင် တနင်္သာရီဒေသ ဘာသာရေးအခမ်းအနားများတွင် မပါမဖြစ် မရှိမဖြစ် တနင်္သာရီလူမျိုး ရိုးရာ အလှူဒါနပြု သင်္ကေတ၊ တနင်္သာရီလူမျိုး တို့၏ သဒ္ဓါတရားကို လှစ်ဟနေသော ရိုးရာဓလေ့ ပြယုဂ်ပင်ဖြစ်သည်။

န၀ဒတ်အိုင်အစီအရင် ပြုလုပ်ရာတွင် မောင်းထောင်ချိုင့် (ဒေသအခေါ်-ရေထို) (သို့မဟုတ်) ငွေဖလားတစ်ခွက်၊ တြိဂံကွက်ဖော် ဝါးထောင့်စွန်းတစ်ခု၊ သံဃာပူဇနိယနှင့် ဓမ္မပူဇာ တရားပွဲတစ်ပွဲ၊ ငှက်ပျောရွက်ကြာကလပ် နတ်ဒကာပွဲ၊ အပ်ချည်လုံး၊ သဲဗန်း၊ ကျောက်ခဲဗန်း၊ ဆန်တစ်ခွက်၊ ပန်းဆောင်း ပန်းညွန့်တစ်အိုး၊ တရော်ကင်မွန်းနှင့် ပရိတ်ရေမန်းအတွက် ရေချမ်းအိုး(သို့မဟုတ်) အခုခေတ်သုံး ရေသန့်ဗူး စသည်တို့လိုအပ်သည်။ ရှေးဦးစွာ မောင်းထောင်ချိုင့် (ဒေသအခေါ်-ရေထို) (သို့မဟုတ်) ငွေဖလားတစ်ခွက် ထဲတွင် ရေ (သို့မဟုတ်) အမွှေးနံသာရေ (သို့မဟုတ်) တရော်ကင်မွန်းကို ထည့်ရသည်။ ရတနာမြတ်သုံးပါး ဦးထိပ်ထားကာ ဝါးခြမ်းပြားဖြင့် ပြုလုပ်ထားသော တြိဂံကွက်ဖော် ဝါးထောင့်စွန်းကို ဖလားပေါ်သို့ ဂွင်ကျတင်ရသည်။

တြိဂံကွက်၏အပေါ်ဆုံး ထောင့်စွန်းက စ၍ ပရိတ်ချည်ကြိုးကို စချည်ကာ လက်ယာရစ်အတိုင်း ၃ပတ်/၅ပတ်/ ၇ပတ်/ ၉ပတ် စသဖြင့် မိမိနှစ်သက်ရာ အတိုင်း ပတ်ချည်ရ၏။ ခုနစ်ရက်နေ့နံအလိုက် ပန်းဆောင်း (ပန်းညွန့်) ပန်းအိုး၊ သံဃာပူဇနိယနှင့် ဓမ္မပူဇာ တရားပွဲတစ်ပွဲ ထားရသည်။ ငှက်ပျောရွက်ကြာကလပ်ပြုလုပ်ကာ ထမင်းဖြူ၊ မုန့်ဆီကြော်နှင့် ငှက်ပျောသီးတစ်လုံးကို ထည့်၍ ဖယောင်းတိုင်ဖြူ ထွန်းညှိစိုက်ထူကာ နတ်ဒကာပွဲ (နတ်ပူဇော်ပွဲ)ကို ထားရ၏။

ပရိတ် ပဌာန်း ကမ္မဝါစာ ရွတ်ဆိုမည်ဆိုပါက ထိုန၀ဒတ်အိုင်အစီအရင် ချည်ပတ် အဝိုင်းအတွင်း အပ်ချည်လုံး၊ သဲဗန်း၊ ကျောက်ခဲဗန်းများ၊ ဆန်ခွက်၊ ရေဗူး၊ ရေချမ်းအိုးများကို ထားရှိရသည်။

သံဃာတော်များကြွလာသည့်အချိန်တွင် တြိဂံကွက်ဖော် ဝါးထောင့်စွန်း(၃)ခုပေါ်တွင် ဖယောင်းတိုင် ၃ချောင်းစိုက် မီးထွန်းညှိပူဇော်ပြီး န၀ဒတ်အိုင်မှ အစပြု၍ ခင်းကျင်း စီရင်ထားသည့် အခင်းအကျင်းပစ္စည်းဖွယ်ရာများအားလုံးကို လက်ယာရစ်အတိုင်း ချည်ကြိုးဖြင့် ဝိုင်းပတ်၍ ထိုချည်ကြိုးအစကို သံဃာတော်လက်ထဲသို့ အပ်နှင်းဆက်ကပ်ရသည်။ သံဃာတော်များမှ နတ်ပင့်၊ မေတ္တာပို့၊ ပရိတ် (သို့မဟုတ်) ပဌာန်းရွတ်၊ အမျှဝေ၊ နတ်ပို့၍ အလှူပြီးမြောက်အချိန်တွင် ထို အပ်ချည်များကို အန္တရာယ်ကင်းရန် ရည်ရွယ်၍ အိမ်အဝင်အဝတွင် ချည်ဖွဲ့ထားခြင်း၊ ကျန်းမာစေရန်နှင့် စုန်းကဝေ ဆိုးမိစ္ဆာရန်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ လက်တွင် ချည်ခြင်း၊ အန္တရာယ် အညံ့ဆိုးများ ကင်းပရန်အတွက် သဲမန်း၊ ကျောက်ခဲ၊ ဆန်နှင့် ပဌာန်းရေမန်း များကို အိမ်ခြံဝင်း ပတ်ပတ်လည် တလျှောက် ပက်ကြဲခြင်းနှင့် သဲ၊ ကျောက်ခဲထုပ်များကို အိမ်အဝတွင် ချိတ်ဆွဲခြင်းတို့ကိုပြုလုပ်ကြသည်။

တချို့သော အိမ်သစ်တက်သော အချိန်၊ မင်္ဂလာယူသော အလှူများတွင် တွေ့ရသော ရိုးရာ နဝဒတ်အိုင်ဖွဲ့ မောင်းထောင်ချိုင့် (ဒေသအခေါ်-ရေထို) (သို့မဟုတ်) ငွေဖလားထဲသို့ ငွေအကြွေစေ့ထည့်ကြသည်၊၊ တြိဂံကွက်ဖော် ဝါးခြမ်းကြားတွင်လည်း ပိုက်ဆံ ညှပ်ခြင်း အမှုကို ပြုကြသည်။ ပိုက်ဆံများကို ထည့်ရခြင်းမှာ ပရိတ်ရွတ် ပဌာန်း သိဒ္ဓိတင် ဆပွားစေလိုသော ရည်ရွယ်ချက်ပင်ဖြစ်သည်။

ပရိတ်ရွတ် သိဒ္ဓိတင်ထားသော ထိုငွေအကြွေ၊ ပိုက်ဆံကို “ကံပွင့် လာဘ်ပွင့် အဆောင်”အဖြစ် ဆောင်ထားခြင်းဖြစ်သလို တချို့ကလည်း အိမ်နံရံနှင့် ဘုရားအဆောင်များတွင် ထား၍ အန္တရာယ်ကင်းခြင်း၊ ဆိုးမိစ္ဆာမကပ်ခြင်း၊ ကပ်ဘေးမှ ဖယ်ရှားရှောင်သွေခြင်း၊ ကျန်းမာပြီး စီးပွား လာဘ်လာဘ ဆပွားများခြင်း၊ စီးပွားတက်ခြင်း အဓိပ္ပာယ်ကို ယုံကြည်သော အယူအဆရှိသည်။

အိမ်သစ်တက် အခမ်းအနားများတွင် ထိုငွေကြေးကို အိမ်အဝင် လှေကားထစ် တလျှောက် ရွှေမိုးငွေမိုး အသွင် ကြဲခြင်း၊ အိမ်အထက် နံရံတွင် အဆောင်အဖြစ်ထားခြင်း၊ ပိုက်ဆံအိတ်၊ ဈေးရောင်း ပိုက်ဆံပုံးထဲ အမှတ်အသားပြု ထည့်ထားခြင်းတို့ကိုပါ ယနေ့အထိ တနင်္သာရီ၊ မြိတ်၊ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်းတလျှောက် ရိုးရာချစ်သော တနင်္သာရီသွေးရင်း ဆွေမျိုးများမှာ ထိုဓလေ့ကို တန်ဖိုးထားလျက် ဆောင်ရွက်နေကြဆဲပင်ဖြစ်သည်။

ရှေးရိုးအစဉ်အလာမူအတိုင်း ထိန်းသိမ်းစောင့်ရှောက်ကြသော တနင်္သာရီမြို့နယ်တခွင်တွင်မူ ထိုဓလေ့ကို-

၁။မင်္ဂလာယူသော မင်္ဂလာဆွမ်းကပ်အခမ်းအနား၊

၂။ အိမ်သစ်တက် မင်္ဂလာ အခမ်းအနား၊

၃။ အန္တရာယ်ကင်း ပရိတ်ရွတ် အခမ်းအနား၊

၄။ သဒ္ဓါဆွမ်းအလှူ၊ ရှင်ပြုအလှူမင်္ဂလာ အခမ်းအနား၊

၅။ နှစ်သစ်ကူး ပရိတ်ရွတ် ကမ္မဝါစာဖတ်သော အခမ်းအနား စသည်တို့မှာသာ အစီအရင် ထားရှိကြသည်။

ရက်လည် လလည် တမလွန်သူကို ပင့်ဖိတ်နေရာပေးရသည့် ရည်စူးအလှူမျိုး၊ အသုဘအခမ်းအနားမျိုးတွင် ထိုအစီအရင်ဓလေ့ကို မထားရှိ၊ အသုံးမပြုရပေ။ အဘယ့်ကြောင့်ဆိုသော် အလှူလုပ်ရန် ပင့်ဖိတ်ထားသော နေရာကို နတ်မြတ်နတ်ကောင်းတွေ ရောက်ရှိလာလျှင် ရည်စူးသူက တမလွန်ဘုံအဆင့်နိမ့်သော ဘဝ ရောက်နေခဲ့လျှင် အနီးကပ်လာရောက် သာဓုခေါ်ဖို့ရာ အခက်အခဲရှိနိုင်သောကြောင့် တနင်္သာရီရှေးရိုးရာအစဉ်အလာအရ ထိုနတ်လမ်းပြ နဝဒတ်အိုင် ဓလေ့အစီအရင်ကို ရည်စူးအလှူတွေမှာ အသုံးမပြုကြခြင်းဖြစ်သည်။

ထို့ကြောင့် တနင်္သာရီဒေသတွင် အလှူပြုသည့်အခါတိုင်း မပါမဖြစ်သော ရှေးခေတ်တနင်္သာရီလူမျိုးရိုးရာ န၀ဒတ်အိုင် ဓလေ့သည် တနင်္သာရီယဉ်ကျေးမှုသမိုင်းနှင့် များစွာ ချိတ်ဆက်မှုရှိပြီး ခင်းကျင်း ပြုလုပ်သော ပစ္စည်း တစ်ခုချင်း တစ်ဆင့်ချင်းဆီမှာ ရည်ရွယ်ချက် အဓိပ္ပာယ်အပြည့်အဝရှိသည်။

တနင်္သာရီယဉ်ကျေးမှုသမိုင်းနှင့် ဘာသာတရား ဆက်နွယ်ဖြစ်တည်လာသည့် တနင်္သာရီရိုးရာ နဝဒတ်အိုင် ထားရှိခြင်း ဓလေ့လေးကို ဆက်လက် ထိန်းသိမ်းကြရပေမည်။

မြန်မာနိုင်ငံတွင် တခြားမည်သည့်လူမျိုး၊ မည်သည့်နေရာတွင်မျှ မတွေ့ရဘဲ တနင်္သာရီဒေသတွင်သာ တွေ့ရသော တစ်မူထူးခြား ထိုရိုးရာဓလေ့ အစီအရင်မှတဆင့် တနင်္သာရီယဉ်ကျေးမှုသမိုင်းကို လေ့လာသိရှိနိုင်သလို တနင်္သာရီလူမျိုးတို့၏ ရိုးရာ မေတ္တာဘွဲ့ ချည်ချည်ခြင်းဓလေ့များ၊ ဘာသာတရား ကိုင်းရှိုင်းမှုများ၊ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရိုးရာဓလေ့ ချစ်မြတ်နိုးစိတ်များကို ထပ်ဆင့် ထောက်လှမ်းသည်နိုင်ပေသည်။

ဗုဒ္ဓဘာသာ အလှူဒါန အခမ်းအနားများတိုင်းတွင် ယနေ့အထိ စီရင်ပြုလုပ်နေကြသော ထိုရိုးရာဓလေ့သည် တနင်္သာရီ၊မြိတ်‌၊ပုလော၊ပလ၊ပလောက်၊ကျွန်းစု၊ဘုတ်ပြင်း၊ကော့သောင်းတွင်သာ တွေ့ရသည်မို့ အထူးပင် တန်ဖိုးထား ဂုဏ်ယူစရာ ပင်ဖြစ်သည်။

ဗုဒ္ဓကျမ်းဂန်တော်နှင့် ကိုက်ညီပြီး တနင်္သာရီယဉ်ကျေးမှုသမိုင်းနှင့် ဆက်စပ်ဖြစ်တည်လျက် တစ်မူထူးခြား အလှူပြယုဂ်လေးဖြစ်သည်မို့ ဘယ်အနေအထား၊ ဘယ်ခေတ်ရောက်ရောက် စာရေးသူတို့ချစ်သော တနင်္သာရီဒေသ တနင်္သာရီလူမျိုးကိုယ်ပိုင်ဟန်၊တနင်္သာရီရိုးရာယဉ်ကျေးမှုများနှင့် တစ်မူထူးခြား “တနင်္သာရီလူမျိုး ရိုးရာ နတ်လမ်းပြ နဝဒတ်(နဝထပ်)အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့”လေးကို ဆက်လက်တည်ရှိနေအောင် လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတော့သည်။

ရွှမ်းသိင်္ဃ(တနင်္သာရီ)