မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်(TDCC)ကို တနင်္လာနေ့တိုင်းပိတ်မည်

0
1115

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ (TDCC) ရုံးကို အပတ်စဉ်ရုံးပိတ်ရက်အဖြစ် တနင်္ဂနွေနေ့အစား တနင်္လာနေ့သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြေညာထားသည်။

လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့တွင် TDCC ရုံးကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ တနင်္လာနေ့တွင် ရုံးပိတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်ရုံအလုပ်သမားအများစု အဆင်ပြေစေနိုင်ရန်အတွက် အပတ်စဉ် တနင်္လာနေ့ကို ရုံးပိတ်ရက်အဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း TDCC တာဝန်ခံတစ်ဦးက ဖြေကြားသည်။

“တနင်္ဂနွေနေ့က အလုပ်သမားတွေ ပိတ်ရက်ကို ဒီမှာလာပြီး လုပ်လို့ အဆင်ပြေအောင် ဖြစ်မယ်ဗျ။ အများစု လုံငန် (စက်ရုံ) တို့ ဘာတို့ကျတော့ တနင်္ဂနွေပဲ့ ပိတ်တာလေ။ သူတို့ပိတ်ရက်ကို လာလုပ်လို့ ရတာပေါ့” ဟု ၎င်းကဆိုသည်။

TDCC ရုံးသည် ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများကို နိုင်ငံကူးလက်မှတ် PJ စာအုပ်ပြောင်းပေးခြင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးနေခြင်းများ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ဘန်ကောက်မြို့ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် (PJ) သက်တမ်းတိုးဆောင်ရွက်ထားသော မြန်မာအလုပ်သမားများ OWIC ကတ်အတွက် ငွေပေးသွင်းပြီး မထုတ်ယူရသေးပါက မဟာချိုင်မြို့ရှိ TDCC ရုံးတွင် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။