တစ်ပတ်အတွင်း ရော်ဘာဈေး ရုတ်တရက်ပြန်ကျ၊ မြန်မာနှင့် အမေရိကန် ရွေးကောက်ပွဲဂယက်ကြောင့်ဟုဆို

0
312
Dawei Watch, Dawei News, Dawei News Media

ကမ္ဘာ့ဈေးကွက်အတွင်း အတက်အကျ ကြမ်းခြင်းကြောင့် မြန်မာဈေး ကွက်တွင်လည်း ရော်ဘာဈေးနှုန်းမှာ တစ်ပတ်အတွင်း ကျပ်နှစ်ရာခန့် ရုတ်တရက် ပြန်ကျလာကြောင်း ထားဝယ် မြို့သစ်(၄)လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင် ကိုအောင်သန့်က ပြောသည်။

စက်တင်ဘာလ ၂၀ ရက် ရော်ဘာ အသစ်စလှီးချိန်တွင် နေလှန်းပြားတစ် ပေါင်လျှင် ၇၂၀ ကျပ်ဝန်းကျင်ခန့်ရှိရာမှ အောက်တိုဘာလကုန်ပိုင်းတွင် ၉၅၀ ကျပ်ခန့်အထိ ဈေးမြင့်တက်သွားခဲ့သော်လည်း နိုဝင်ဘာလဆန်းပိုင်းတွင်မူ ကျပ် ၇၅၀ ဝန်းကျင်သို့ ပြန်လည်ထိုးကျခဲ့သည်။ နိုဝင်ဘာလ ၂ ရက်နေ့ တစ်ရက်တည်းတွင်ပင် ကျပ် ၁၅၀ ခန့် ကျဆင်းခဲ့ကြောင်း ကိုအောင်သန့်က ဆိုသည်။

“ကိုဗစ်သက်ဆိုင်လားဆိုတော့ ကိုဗစ်ကာလမှာလည်း အဲလောက်ထိ မသက်ဆိုင်ဘူး။ ရော်ဘာက ဝယ်လို အားများများကြီး တကယ်တမ်းက။ အခုက အမေရိကန်ရွေးကောက်ပွဲ၊ မြန်မာ့ရွေးကောက်ပွဲတွေနဲ့ ဆိုင်တယ် မှတ်တယ်။ တော်တော်များများကတော့၊ အမေရိကန်ရွေးကောက်ပွဲက ရော်ဘာဈေးကွက် ကမ္ဘာ့ဈေးကွက်ကို ရိုက်ခတ် တယ်သူက။ အခုဆို ဈေးကွက်ဖြုတ်ချ ပစ်လိုက်ပြီ” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာ ၄ ရက်တွင် ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာဈေးကို ကြည့်၍ မရတော့ဘဲ မော်လမြိုင်ဒိုင်ကြီးများကလည်း အဝယ်ရပ်လိုက်သဖြင့် နယ်ဘက် ဈေးကွက်တွင် အခက်အခဲများ ကြုံရသည်ဟု ၎င်းက ပြောသည်။

ထိုင်းဘက်သို့ ခိုးလမ်းမှ ဝင်သည့် ရော်ဘာများကြောင့် ဈေးရုတ်တရက် တက်သွားပြီး ယခုအခါ ယင်းလမ်းကြောင်းကို ထိုင်းဘက်က ပြန်ပိတ်လိုက်သဖြင့် ဈေးချက်ချင်းပြန်ကျသွားခြင်း ဖြစ်နိုင်ကြောင်း ဆုဇော်ဝါ ရော်ဘာပွဲရုံပိုင်ရှင် ဒေါ်နန်းသန္တာဝင်းက ပြောသည်။

“အခုအခြေအနေက မဲရွေးပွဲပေါ် မှာ မူတည်တယ်။ ထိုင်းလမ်းတွေပေါက် သွားရင်တော့ တော်တော်ကောင်းလာမှာပေါ့” ၎င်းက ဆိုသည်။

နိုဝင်ဘာ ၆ ရက်နေ့မေးမြန်းချက်အရ ရော်ဘာဈေးမှာ ၇၅၀ ကျပ်ရှိသည် ဟု သိရသည်။