မူးယစ်ဆေးသံသယဖြင့် မှားယွင်းရှာဖွေခံရမှု အရှက်ရဟု မိသားစုများပြော

0
1190
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ် ကြက်ယက်တွင်း ကျေးရွာမှ နေအိမ်သုံးဆောင်အား မူးယစ် ဆေးသံသယဖြင့် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် တစ်ပြိုင်တည်းဝင် ရောက်ရှာဖွေခဲ့ကြသည်။

ယင်းသို့ရှာဖွေခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပေ။ ထိုကြောင့် ယင်းကိစ္စအား မှားယွင်းဝင်ရောက်ရှာဖွေမှု(သို့) မှားယွင်းစွာတိုင်တန်းမှုအဖြစ် ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့ရသည်။

အဆိုပါနေအိမ်များမှာ အသက်ရွယ် ကြီးရင့်သူနှင့် အမျိုးသမီးများနေထိုင် သည့် နေအိမ်များဖြစ်သည်။ အသက် ၈၀ ကျော်အဘိုးတစ်ဦး၊ အသက် ၅၀ နှင့် ၃၉ နှစ်အရွယ် အမျိုးသမီးနှစ်ဦး နေထိုင်သည့် အိမ်တစ်အိမ်၊ အသက် ၆၀ ကျော် အဖွားတစ်ဦး၊ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး နေထိုင်သည့် အိမ်တစ်အိမ်နှင့် အသက် ၄၀ မှ ၈၀ ကျော် အရွယ်အတွင်းရှိ အမျိုးသမီးလေးဦး နေထိုင်သည့် အိမ်တစ်အိမ်တို့ ဖြစ်သည်။

ထားဝယ်ခရိုင် မှုခင်းနှိမ်နှင်းရေးဌာနမှ ရဲအုပ်အောင်သူဦးဆောင်သော အဖွဲ့မှ ဒေသခံ အသိသက်သေတို့နှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုမိသားစုဝင်များပြောကြားချက်နှင့် အဆိုပါကျေးရွာသို့ ကွင်းဆင်းစုံစမ်းချက်အရ လယ်လုပ်ငန်း၊ မုန့်ခြောက်လုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်း စသည့် သမာအာဇီဝကျသည့် လုပ်ငန်းများကိုသာ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရသည်။

ဝင်ရောက်ရှာဖွေခံရသည့် မိသားစုဝင်တို့က မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက် ပြီး လုံးဝပတ်သက်မှုမရှိကြောင်းပြောဆိုသည်။ ယခုကဲ့သို့ ဝင်ရောက်ရှာဖွေခံရခြင်းသည် ၎င်းတို့အား မလိုမုန်းထားသူ တစ်ဦးဦးက လုပ်ကြံလီဆယ် တိုင်တန်းချက်ဖြင့် ဝင်ရောက်ရှာဖွေခြင်းဖြစ်မည်ဟု ရှာဖွေခံရသူတို့က ယူဆနေကြသည်။

“ကျွန်မနှလုံးရပ်မတန့်ကို ခံစားရပါတယ်ရှင် ကျွန်မကြောက်လို့” ဟု ရဲ တပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ်က ခံစားချက်ကို ဒေါ်တင်ယုက ပြန်ပြောင်းပြောပြသည်။

ရဲတပ်ဖွဲ့က တာဝန်အရလာရောက် ရှာဖွေခြင်းကို မည်သို့မျှ စောဒကမတက်ခဲ့ဘဲ ကြည်ဖြူစွာလည်းရှာဖွေခွင့် ပေးခဲ့ကြောင်း ရှာဖွေခံရသည့် မိသားစုဝင်များ က ပြောသည်။

သို့သော် မည်သူမှန်းမသိသူ တစ်ဦးဦး က မဟုတ်မမှန်စွပ်စွဲတိုင်ကြားချက် နောက်ဆက်တွဲအနေဖြင့် မိသားစုဂုဏ်သိက္ခာ ကျဆင်းရသည့်အပြင် နောက်တစ်ကြိမ် ထပ်မံလုပ်ကြံတိုင်ကြားခံရ မည်ကိုလည်း စိုးရိမ်စရာရှိကြောင်း ၎င်းတို့ မိသားက ပြောသည်။

ယခုတစ်ကြိမ်လုပ်ကြံမှု မအောင်မြင်ပါက နောက်တစ်ကြိမ်တွင် မူးယစ်ဆေးဝါးကို ခြံအတွင်းပစ်ထားခဲ့ပြီး တိုင်ကြားခံရမည်ကို တွေးကြောက်နေကြောင်း ၎င်းတို့က ပြောဆိုကြသည်။

“ကျွန်မတို့အိမ်မှာ ယောကျာ်း သားလည်းမရှိဘူးဆိုတော့ ကိုယ်အိမ်ပေါ် နေတုန်း အောက်မှာ တစ်ခုခုပဲ လာပစ်ခဲ့ မှာလားလို့ ကြောက်နေရတယ်။ ရှက်လည်းရှက်တယ်” ဟု ဝင်ရောက်ရှာဖွေ ခံရမှုတွင် ပါဝင်ခဲ့သည့် နောက်ထပ်နေအိမ်မှ ဒေါ်ဌေးယူက ပြောသည်။

ယင်းအတွက်ကြောင့် ၎င်းတို့အား တိုင်ကြားသူကို သိလိုနေကြသည်။ ယင်းသို့ မဟုတ်မမှန်တိုင်ကြားခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင် ခြင်းဖြစ်သောကြောင့် လိုအပ်ပါက ဥပဒေနှင့်အညီဆောင်ရွက်လိုသဖြင့် တိုင်ကြားသူကို သိလိုခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့်မူ မူးယစ်ဆေးဝါး နှင့်ပတ်သက်ပြီး တိုင်ကြားသူကို ထုတ်ဖော်ပြောဆိုလေ့မရှိပေ။

တိုင်ကြားသူ၏ အသက်လုံခြုံရေး၊ နောက်ဆက်တွဲ မှုခင်းလုံခြုံရေးတို့ ဖြစ် လာမည်စိုးသဖြင့် ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးတိုင်ကြားမှု လေးပုံတစ်ပုံဝန်းကျင်သည် မှားယွင်းတိုင်ကြားမှုမျိုးဖြစ်ကြောင်း ၎င်းရဲအရာရှိ က ပြောသည်။ မှားယွင်းတိုင်ကြားမှုဖြစ် စဉ်များသည် လူပုဂ္ဂိုလ်အချင်းချင်း မလို မုန်းထားစိတ်၊ မကျေနပ်ချက်ကို အခြေခံပြီး တိုင်ကြားခြင်းဖြစ်ကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

ရဲတပ်ဖွဲ့သည် တိုင်ကြားမှုရှိလာပါ ယင်းတိုင်ကြားမှုသည် ခိုင်မာမှုရှိမရှိ လျှိုဝှက်စုံစမ်းပြီးမှ ဝင်ရောက်ရှာဖွေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ဒီလိုဝင်ရောက်ရှာဖွေလို့ ရှာခံရတဲ့ သူတွေမှာ ဂုဏ်သိက္ခာကျဆင်းတယ်ဆို တာကိုလက်ခံပါတယ်။ ဒါကြောင့်လည်း ဝင်ရှာတဲ့ရဲအရာရှိက သေသေချာချာ နား လည်အောင်ရှင်းပြတတ်ဖို့လိုတယ်။ နောက်ဆိုရင် ဒီလိုတွေလျော့နည်းသွားအောင် ကြပ်မတ်သွားဖို့ကိုလည်း အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အထေက်ဖော်ပြပါ ဖြစ်စဉ်သည် မူယစ်ဆေးဝါးကိစ္စ မှားယွင်းသတင်း ပေးတိုင်ကြားချက်နှင့် တိုင်ကြားသူကို လျှို့ဝှက်ပေးရသည့် နောက်ဆက်တွဲ ပြဿနာဟုကောက်ချက်ချနိုင်သည်။ ယင်းကဲ့သို့သော တိုင်ကြားချက်ကြောင့် အတိုင်ခံရသူများတွင် နစ်နာသလို ရဲ တပ်ဖွဲ့သည်လည်း ဘေးကျပ်နံကျပ်ဖြစ် စေသည့် အခြေအနေဖြစ်သည်။

မူးယစ်ဆေးဝါးကိစ္စဝင်ရောက်အရာ ဖွေခံခဲ့ရသည့် ဒေါ်ဌေးယူကမူ “ကျွန်မတို့ကတော့ အမှန်တရားကိုပဲလိုတယ်။ ကျွန်မတို့ကို ဘယ်သူတိုင်တယ်ဆိုတာ သိချင်တယ်” ဟု ဆိုသည်။

ကျော်သူစိုး