အသည်းမခွဲပါနဲ့ “မဲ”သမားများ

0
1123
အသည်းမခွဲပါနဲ့ “မဲ”သမားများ

“မဲ” သမားတွေ ကျွန်တော်တို့ကို အသည်းမခွဲစေလိုပါ။ ရွေးကောက်ပွဲမှာ ပြည်သူ့မဲနဲ့ စင်ပေါ်တက်လာတဲ့ “မဲ” သမားတွေ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသည်းကို ငါးနှစ်တာ မခွဲကြပါနဲ့။

စာရှုသူ ဒီစာကို ဖတ်နေချိန်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ရလာဒ်တွေကို သိရှိပြီးဖြစ်ပါလိမ့်မယ်။ အများခန့် မှန်းခဲ့ကြတဲ့အတိုင်း ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ လက်ရှိအာဏာရ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမတ်လောင်းတွေပဲ အားလုံးနီးပါး အနိုင်ရတယ်ဆိုတာကိုလည်း သိရှိပြီးဖြစ်ပေလိမ့်မယ်။

နောက်ထပ် ငါးနှစ် ကျွန်တော်တို့ တိုင်းရဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စအဝ၀ကို လူထုကိုယ်စား ပြည်တောင်စုနဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ အဆိုပြုမယ့်အမတ်တွေနဲ့ တိုင်းအစိုးရအဖွဲ့ထဲမှာ ပါဝင်လာပြီး တိုင်းရဲ့အမိအဖအစိုးရ ဖြစ်လာကြမယ့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ကျွန်တော်တို့ ရရှိကြပါတော့မယ်။

လွန်ခဲ့တဲ့ ငါးနှစ်က တိုင်းသူတိုင်းသားတွေရဲ့ အရေးကို ဆောင်ရွက်မဟဲ့ဆို တဲ့ အာဏာရပါတီရဲ့ ဝန်ကြီးချုပ်ကတော့ ကျွန်တော်တို့ကို အသည်းခွဲခဲ့လို့ ထောင်နန်းစံခဲ့ရပြီ။ လက်ရှိ အစိုးရအဖွဲ့ နဲ့ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်တွေ၊ တိုင်းလွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကတော့ မေးခွန်းထုတ်စရာ တစ်ပုံတစ် ပင်နဲ့ပဲ ငါးနှစ်တာ သက်တမ်းကို ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဆက်လက် ကျော်ဖြတ်နေဆဲပါ။

တိုင်းအတွင်း ဒေါင်ဒေါင်မြည်နိုင်ငံ ရေးသမားရှားပါးလှတဲ့ အာဏာရပါတီရဲ့ လက်ရှိ လူဟောင်း အတော်များများကိုပဲ နောက်ထပ် ငါးနှစ်အတွက် ကျွန်တော်တို့ ဆက်လက်ရွေးချယ်လိုက် ကြရပြန်ပါပြီ။

စစ်တမ်းတွေအရ ဒီလူတွေထဲကနေ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ် တော်ကိုသွားတဲ့ အများစုဟာ ပြည်သူတွေအတွက် လောက်လောက်လားလား ဘာမှဆောင်ရွက်ခဲ့တာမတွေ့မိ။ သူတို့ထက် လစာနည်းပြီးအလုပ်ပိုများတယ်လို့ ယူဆရတဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အချို့ရဲ့ စွမ်းဆောင်ရည်ကတော့ မှတ်ကျောက်တင်သင့်လှပါတယ်။

နိုင်ငံရေးအရ ရွေးချယ်စရာ နည်းပါးလှသေးတဲ့ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ နောက် ငါးနှစ်အတွက် ကျွန်တော်တို့ လောလောလတ်လတ်ကမှ ရွေးချယ်လိုက်တဲ့ နိုင်ငံရေးသမားတွေကို အလုပ်ကောင်းကောင်းခိုင်းနိုင်ဖို့ ပြင်ဆင်ကြရပါမယ်။
ရွေးကောက်ခံအမတ်တွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဆိုတာ အထူးတလည် ကျေးဇူးတင်နေရမယ့် သူတွေမဟုတ်ပါ။ လမ်းဖောက်၊ တံတားဆောက် ကိစ္စတွေ အတွက်လောက်နဲ့ အစိုးရကို ထူးပြီး ကျေးဇူးတင်နေရသေးရင် ကျွန်တော်တို့ဟာ အာဏာရှင်လက်အောက်နဲ့ဘာမှ မခြားသေးဘူးဆိုတာ သတိချပ်ကြရပါမယ်။

စစ်အာဏာရှင်နဲ့ တစ်ပါတီအာဏာ ရှင်စနစ်ဆိုးတွေရဲ့ ဒုက္ခတွေက ကင်းလွတ်စေရေး လူထုလူတန်းစားပေါင်းစုံ အသက်တွေ၊ ဘဝတွေပေး တိုက်လာကြပြီး လူထုဆန္ဒနဲ့ အစိုးရကို ရွေးချယ်ခွင့်ရတဲ့ ခေတ်ရောက်မှ အရာရာကို မပြောရဲ၊ မဆိုရဲ၊ မဝေဖန်ရဲ ဖြစ်ပြီး အစိုးရလုပ်သမျှ လက်ခုပ်တီးနေမှ၊ ထောက်ခံနေမှ၊ ငါ့ဘက်ပါမှ ဆိုရင်တော့ ဒီမိုကရေစီ တိုက်ပွဲမှာ သေပွဲဝင်ခဲ့သူတွေ အသည်းကွဲ ကြပါလိမ့်မယ်။ ကျိန်စာတိုက်ကြပါ လိမ့်မယ်။
လူထုဟာ ခေတ်လိုအပ်ချက်အရ ကိုယ့်ဒေသက အမတ်တွေ မလုပ်တတ် မကိုင်တတ်မှန်း၊ တချို့မှာ အကျင့်ဆိုးတွေ ရှိနေမှန်းသိလျက်နဲ့ အနိုင်ရပါတီရဲ့ခေါင်းဆောင်မျက်နှာကို ကြည့်ပြီး ရွေးချယ်ခဲ့ကြပြီးပါပြီ။ လူထုအသည်းကို မခွဲဖို့ကတော့ အာဏာရလာသူတွေရဲ့ မဟာတာဝန်ပဲဖြစ်ပါတော့တယ်။

စစ်တပ်နဲ့ ရင်ကြားစေ့ရေးမူကို ဆုပ်ကိုင်ထားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ၂၁ ပင်လုံနဲ့ လမ်းပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ အာဏာရပါတီရဲ့ ကြိုးပမ်းဆောင် ရွက်ချက်တွေဟာ အရာမထင်ဘူးဆိုတာ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်တွေ၊ မီဒီယာဖော်ပြချက်တွေနဲ့ သဘောထား ကြေညာချက်တွေကို ကြည့်ရင်သိသာလှပါတယ်။ အာဏာရပါတီခေါင်းဆောင်ကိုယ်တိုင်ကလည်း ဒေါသသင့်ရကြောင်းနဲ့ မင်းလောက် ကတော့ငါ ပါးပါသေးတယ်ဆိုတဲ့ စကားမျိုးတွေအထိ အများပြည်သူရှေ့မှာ ထုတ် ပြောလာတာတွေကို ထောင့်ချင့်ခြင်းအားဖြင့် အာဏာရပါတီနဲ့ စစ်တပ်အကြား ၂၀၂၀ အလွန် ဆက်ဆံရေးက ကောင်းလာဖို့ သိပ်မျှော်လင့်စရာလည်း ရှိမနေပြန်ပါဘူး။ ဒါပေမဲ့ အာဏာရှင်တွေဆီက ဒီမိုကရေစီကို လက်ဖြန့်တောင်းနေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်တာ လူတိုင်း သိပြီးသားပါပဲ။

တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့အာဏာရပါတီအကြား နိုင်ငံရေးအရ စည်းနှောင်မှု လျှော့လာခြင်းကလည်း ပြည်သူတွေ အသည်းကွဲရဖို့ နောက်တစ်ကြောင်းဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေ ဘာမှ မလုပ်နိုင်ဘူးဆိုတဲ့ ပြောဆိုချက်တွေဟာ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ အဖြေရှာနိုင်ရေး ပိုမိုအလှမ်း ဝေးစေသလိုဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ငါးနှစ်သက်တမ်းမှာလည်း ပါတီကြီးတွေအနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေ အခြေခံသိရမယ့် အချက်အလက်တွေကို ညွှန်ကြား ပြသပေးနိုင်ခဲ့တာမျိုးကိုလည်း မတွေ့ရပါဘူး။

အဆိုးဆုံးကတော့ “အသည်းကြား က မဲတစ်ပြား” လို့ နားသွင်းခံခဲ့ကြရလို့ မဲ ပေးမယ့်သူတွေဟာ အနည်းဆုံး မဲသုံးပြား ပေးရမယ် ဆိုတဲ့ အခြေခံအကျ ဆုံး အချက်ကိုတောင်မှ နားမလည်ကြ တာပါပဲ။ ဒီ့ထက် ပိုအကျည်းတန်တာကတော့ မဲ သုံးပြားစလုံး တစ်ပါတီတည်းကိုသာ ထည့်ရမယ်၊ မဟုတ်ရင် ပယ်မဲဖြစ် မယ်၊ အာဏာရှင်လက်အောက် ပြန်ရောက်မယ်ဆိုတဲ့ ပါတီဝန်းရံသူတွေရဲ့ ပြောဆိုမှုတွေပါပဲ။
ပြည်ထောင်စုမှာ အစိုးရဖွဲ့ဖို့လိုတဲ့ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်နေရာ တွေအတွက်က တစ်မဲစီ၊ တိုင်းဒေသကြီး လွှတ်တော်ဖွဲ့ဖို့အတွက်က တစ်မဲက သပ်သပ် ဆိုတာမျိုးကို မဲဆန္ဒရှင် ပြည်သူတွေ မသိကြတာလည်း များပါတယ်။

ဒါတွေဟာ တိုင်းအစိုးရ/လွှတ်တော် ထဲ တစ်ပါတီတည်း ကြီးစိုးနေတဲ့ အခြေအနေကနေ ပါတီစုံ ဖြစ်လာပြီး ဒီမိုကရေစီပိုမိုအခြေခိုင်မာလာဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေကို ဖယ်ပစ် သလို ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေး လိုက်တယ်ဆိုတာဟာ ငါးနှစ်တာ ဒီမို ကရေစီခရီးရဲ့ အဆုံးသတ် မဟုတ်ပါဘူး။ အစနေ့ ပဲရှိသေးဆိုတာကို သတိ ချပ်ကြရပါမယ်။ ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ အနေနဲ့ ဆက်လက်တည်ရှိနေပြီး လူထုလို အပ်ချက်နဲ့ လူထုအကျိုးစီးပွားဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေမှာ အာဏာရအစိုးရကို အစဉ်တစိုက်ထောက်ပြ ဝေဖန်နေဖို့လိုအပ်လှပါတယ်။

အရေးအကြီးဆုံးကတော့ ပြည်သူ လူထုပါပဲ။ မိမိထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရဟာ ပြည်သူအားလုံးကို ကိုယ်စားပြုတာဖြစ်တာကြောင့် မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုအပ်ပါမယ်။ လိုအပ်ရင် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်သလို ဝေဖန်စရာရှိကလည်း ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရဲရဲ ဝေဖန်ကြဖို့လိုပါမယ်။

လက်ရှိအာဏာရပါတီကတော့ ပါတီအပေါ်သစ္စာခံတဲ့ အမတ်လောင်းတွေကိုသာ ရွေးချယ်ထားတယ် လို့ဆို ပါတယ်။ ဘယ်လိုပဲရွေးရွေး ရွေးကောက် ခံဖြစ်သွားပြီဆိုရင်တော့ လူထုအပေါ် သစ္စာခံဖို့လိုပါမယ်။ လူထုဆန္ဒကို မျက်ကွယ်မပြုဖို့လိုအပ်ပါမယ်။ လူထုကို အသည်းမခွဲဖို့ လိုအပ်ပါမယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပါတီပဲ ဖြစ်ဖြစ် ၊ အရွေးမခံရတဲ့ ပါတီပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ လူထုအကျိုးကို ယခုလက်ရှိလူတွေထက် ပိုမိုစွမ်းဆောင် ပေးနိုင်မယ့် နိုင်ငံရေးမျိုးဆက်တွေ ချန်ထားရစ်ဖို့ ဖြစ်ပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်းကို အားကိုးနေရတဲ့ သူရဲကောင်းဝါဒဆန်တဲ့ နိုင်ငံရေးမျိုးကို ကျွန်တော်တို့တစ်ခန်းရပ်ပစ်ရပါမယ်။ ၂၀၂၅၊ ၂၀၃၀ ရွေးကောက်ပွဲတွေအတွက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးအခင်း အကျင်း၊ လက်ရှိ ၂၀ဝ၈ အခြေခံဥပဒေကို ချန်ထားရစ်ခဲ့ပြီး တကယ့်ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်မယ့် နိုင်ငံရေးမျိုး ဆက်တွေ၊ တနင်္သာရီတိုင်းသူတိုင်းသားတွေရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ပေးနိုင်မယ့် နိုင်ငံရေး မျိုးဆက်တွေကို ချန်ထားရစ်ဖို့လိုပါမယ်။ အဲဒီအတွက် ယနေ့ပဲ အချိန်မဆိုင်းပဲ ပြင်ဆင်ကြရပါမယ်။

ရွေးကောက်ခံအမတ်မင်းအပေါင်းတို့ခင်ဗျား၊ ကျွန်တော်တို့ အသည်းမကွဲ ချင်ပါဘူး။ တနင်္သာရီတိုင်းက မဲသမားတွေ ကျွန်တော်တို့ တိုင်းသူတိုင်းသားတွေကို အသည်းမခွဲစေလိုပါ။ တော်တည့်မှန်ကန်တဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေနဲ့အတူ ရှေ့လျှောက် တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို အဖတ်ဆယ်ပေးနိုင်မယ့် နိုင်ငံရေးမျိုးဆက်တွေ ချန်ထားရစ်ခဲ့ကြပါလေ။