ဗဟိုနှင့် ဒေသန္တရ အစိုးရအကြား သဟဇာတနှင့် ထားဝယ်လျှပ်စစ်ဈေးနှုန်း

0
944
editorial

စက်တင်ဘာလအတွက် လျှပ်စစ်မီတာခများကို လျှော့ချကောက်ခံသွားမည်ဟု သိရသည်။ တစ်ယူနစ်လျှင် ၁၉ ကျပ် လျှော့ချပေးသည်မှာ မများပြားသည့် ပမာဏဖြစ်သော်လည်း လူထုအား တစ်စုံတစ်ရာ ဝန်ပြေစေပါလိမ့်မည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်ကို လုပ်ပိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီအနေနှင့် အစိုးရထံမှ ဓာတ်ငွေ့ကို ဒေါ်လာနှုန်းထားဖြင့် ဝယ်သုံး နေရသည်။ ယင်းသို့ ဝယ်ယူရာတွင် ဒေါ်လာဈေးနှုန်းကို ခြောက်လစာ တစ်ခါတည်း သတ်မှတ်လိုက်သည်။ ပြီးခဲ့သည့်လများအတွင်း ဒေါ်လာဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းနေခဲ့သော်လည်း ယင်းလောင်စာဈေးနှုန်းမှာ မူလသတ် မှတ်ထားသည့်အတိုင်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒေါ်လာဈေး ကျဆင်းနေသော်လည်း ယင်းအတွက် သုံးစွဲသူ လူထုက မခံစားရပေ။

ပြဿနာမှာ ယင်းဒေါ်လာဈေးနှုန်းကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ခြင်းဖြစ်ပြီး ဒေသခံလူထုနှင့် အနီးကပ်ရှိနေရသည့် တိုင်းအစိုးရက ဆုံးဖြတ်ပေးနိုင်ခွင့် မရှိပေ။ အခြားတစ်ဖက်တွင်မူ ဒေသတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ကိစ္စရပ်ကိုမှာ တိုင်းအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေပြန်သည်။ ဥပမာအားဖြင့် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ဒေါ်လာဈေးအတက်အကျအပေါ် မူတည်ကာ သုံးလတစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်သည်ဟူ၍ တိုင်းအစိုးရနှင့် ကုမ္ပဏီအကြားမှာ သဘောတူညီထားခဲ့သည်။ သို့သော် ယင်းသဘောတူညီချက်မှာ ပြည်ထောင်စု၏ ဒေါ်လာဈေးနှုန်းသတ်မှတ်ချက်မူဝါဒအောက်တွင် မလှုပ်သာ မလွန့်သာဖြစ်နေခဲ့ရသည်။

ထိုသို့ ဒေသန္တာအစိုးရ သတ်မှတ်ထားသည်များက တစ်မျိုး၊ ဗဟိုအစိုးရက လုပ်ဆောင်နေသည်က တစ်ဖုံ ဖြစ်နေမှုသည် ယခု လျှပ်စစ်ကိစ္စတွင် ပေါ်လွင်နေသည်ကို တွေ့ရသည်။

အကယ်၍သာ ဝန်ကြီးဌာနအချင်းချင်း သို့မဟုတ် အစိုးရ အဖွဲ့အစည်းများအတွင်း အချင်းချင်း ချိတ်ဆက် ညှိနှိုင်းလုပ်ဆောင်မည်ဆိုပါက လျှပ်စစ်မီတာခများမှာ ယခုထက် ပို၍ သက်သာဖွယ်ရှိနေသည်ကို တွေ့ရပါသည်။

ပြည်ထောင်စု အစိုးရက လုပ်ပိုင်ခွင့်သာ ရယူထားသော်လည်း တကယ့် တာဝန်ခံရသည့် ဓားစာခံမှာ တိုင်းဒေသကြီး အစိုးရက ဖြစ်သည်ကို ထင်ရှားစွာ မြင်နိုင်သည်။

အယ်ဒီတာ (အောက်တိုဘာ ၁၆၊ ၂၀၂၀)