တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

0
692

ခိုင်လုံမဲနှင့် ပယ်မဲ

ရွေးကောက်ပွဲမှာ မိမိပေးလိုက်တဲ့ မဲပြားတွေဟာ အလဟဿဖြစ်သွားမယ်ဆိုရင် မဲပေးရကျိုးလည်း နပ်တော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ်အနိုင်ရစေလိုတဲ့ ကိုယ်စားလှယ်အတွက်လည်း နစ်နာမှုဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့မဲပြားဟာ ခိုင်လုံမဲဖြစ်ဖို့ အရေးကြီးပါတယ်။ မဲရလဒ်တွေ ရေတွက်ရာမှာ မိမိရဲ့မဲပြားလေး ပါဝင်သွားစေဖို့၊ အပယ်မခံရဖို့ ဒီအချက်တွေကို ကြိုပြီးသိထားဖို့ လိုပါမယ်။


ခိုင်လုံမဲ

အရင်ဆုံးတော့ မိမိကို ထုတ်ပေးလိုက်တဲ့ ဆန္ဒမဲလက်မှတ်ကို သေချာစစ်ဆေးကြည့်ဖို့ လိုပါမယ်။ စုတ်ပြဲနေတာ၊ စွန်းထင်းနေတာမျိုးတွေ ပါနေရင် ပြန်လဲခိုင်းရပါမယ်။ ပြီးတော့ အောက်ခြေနားမှာ မဲရုံးမှူးရဲ့ လက်မှတ်လည်း ပါရပါမယ်။ မပါရင် လဲခိုင်းရပါမယ်။ ပြီးတော့ တစ်စုံတစ်ရာ အမှတ်အသားလုပ်ထားတာ ရှိနေလား၊ အဲဒါဆိုရင်လည်း ပြန်လဲခိုင်းရပါမယ်။ အဲဒါမှသာ ခိုင်လုံမဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ မိမိမဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ဘေးမှာ တံဆိပ်တုံးတစ်ချက် ထုလိုက်ရုံပဲ လိုပါတယ်။ ဆန္ဒမဲလက်မှတ်မှာ ကိုယ်စားလှယ်လောင်းနာမည်တွေနဲ့ အမှတ်တံဆိပ်တွေကို အစဉ်လိုက် ရိုက်နှိပ်ထားပါလိမ့်မယ်။ အဲဒီမှာ ကိုယ်စားလှယ်တစ်ယောက်ချင်းစီအတွက် သူ့နာမည်ရယ်၊ သူ့ရဲ့အမှတ်တံဆိပ်ရယ်၊ ပြီးတော့ တံဆိပ်တုံး ထုရမယ့်နေရာရယ်ဆိုပြီး လေးထောင့်ကွက် သုံးကွက် ပါရှိပါမယ်။ အဲဒီအကွက်သုံး ကွက်အနက် နောက်ဆုံးကအကွက်မှာ တံဆိပ်တုံးကို ထုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် လုံလောက်ပါပြီ။ တံဆိပ်တုံးကို ပြောင်းပြန်ဖြစ်စေ၊ အတည့်ဖြစ်စေ၊ စောင်းရက်ဖြစ်စေ၊ ဘေးတိုက်ဖြစ်စေ ထုနိုင်ပါတယ်။

တံဆိပ်တုံးထုတဲ့အခါမှာ လက်မငြိမ်လို့ မိမိထုလိုက်တဲ့ အကွက်ကနေ ချော်ထွက်ပြီး ဘောင်ပေါ်ကို ကျသွားတယ်ဆိုပါတော့။ ဒါဆိုရင်လည်း ခိုင်လုံမဲအဖြစ် အကျုံးဝင်နေပါသေးတယ်။ တစ်ခုသတိပြုဖို့က တံဆိပ်တုံးမှာ အကွက်ကိုးကွက်ပါရှိပါတယ်။ အဲဒီ အကွက် ကိုးကွက်မှာ အနည်းဆုံး ငါးကွက်ကတော့ မိမိမဲပေးလိုတဲ့သူပေါ်မှာ ကျရောက်နေရပါလိမ့်မယ်။ မဟုတ်ရင်တော့ တခြားသူကို မဲပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

နောက်ပြီးတော့ တံဆိပ်တုံးကို ကိုယ်စားလှယ်လောင်းရဲ့နာမည်ပေါ်မှာလည်း ထုလို့ရပါတယ်။ ဒါမှမဟုတ် သူ့ရဲ့အမှတ်တံဆိပ်အပေါ်မှာလည်း ထုလို့ရပါတယ်။ အဲဒါဆိုရင်လည်း ခိုင်လုံမဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီမှာ သူနဲ့ သက်ဆိုင်တဲ့ အကွက်သုံးကွက် ပါရှိပါတယ်။ အဲဒီသုံးကွက်မှာ ကြိုက်တဲ့အကွက်ကို တံဆိပ်တုံးထုနိုင်သလို သုံးကွက်စလုံးကိုလည်း ထုနိုင်ပါတယ်။ တစ်ကွက်ထဲမှာလည်း တံဆိပ်တုံးသုံးခါ ထုနိုင်ပါတယ်။ သေချာတာက ဘယ်သူ့ကို ဆန္ဒပြုထားတယ် ဆိုတာကို ပေါ်လွင်ထင်ရှားနေဖို့ပဲ လိုပါတယ်။ ပြီးတော့ တစ်ယောက်ထဲကိုပဲ ဆန္ဒပြုတာမျိုး ဖြစ်ရပါမယ်။

မိမိမဲဆန္ဒနယ်မှာ ဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်း ခြောက်ဦး ရှိတယ်ဆိုပါစို့။ အဲဒီထဲက တစ်ဦးကိုပဲ ရွေးချယ်ဆန္ဒပြုရမှာဖြစ်ပါတယ်။


ပယ်မဲ

မဲရုံမှူးလက်မှတ်မပါတာ၊ စုတ်ပဲနေတာ၊ အစွန်း အထင်းတွေပါနေတာ၊ တစ်စုံတစ်ရာ အမှတ်အသားလုပ် ထားတာတွေရှိနေရင် ပယ်မဲဖြစ်သွားပါမယ်။ ဒါကြောင့် မို့ မဲမပေးခင်မှာ အဲဒါတွေကို အရင်ဆုံး စစ်ဆေးကြည့်ရ ပါမယ်။

ပြီးတော့ ဘယ်သူ့ကို မဲပေးထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရှိမနေရင်လည်း ပယ်မဲဖြစ်ပါတယ်။ ဘယ်သူ့ကို မဲပေးထားတယ်ဆိုတာကို ဆုံးဖြစ်ရခက်စေ တယ်ဆိုတာက ကိုယ်စားလှယ်လောင်း တစ်ဦးထက် ပိုပြီး တံဆိပ်တုံးထုထားတာမျိုးပါပဲ။ နောက်ပြီး ဘယ်သူ့ ကိုမှ ရွေးချယ်ထားခြင်း မရှိတာလည်း ပယ်မဲပါပဲ။ ကိုယ်စားလှယ်လောင်းတစ်ဦးစီမှာ သူနဲ့သက်ဆိုင်တဲ့ လေးထောက်ကွက် သုံးကွက် ရှိပါတယ်။ အဲဒီအကွက်တွေရဲ့ အပြင်ဘက်ကို တံဆိပ်တုံးထုထားရင်လည်း ပယ်မဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ထို့အတွက် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အထွေထွေသိမှတ်ဖွယ်ရာတို့ကို တင်ဆက်သွားပါမည်။