ဘာသာစကားများ၏ အနာဂတ်

0
609

The Voice Myanmar သီချင်းဆို ပြိုင်ပွဲကို YouTube ကတစ်ဆင့် ကြည့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုလုပ်နေကြတဲ့ သီချင်းဆိုပြိုင်ပွဲတွေက တစ်ခုပါ။ တခြားပြိုင်ပွဲတွေနဲ့မတူဘဲ သူ့စတိုင်နဲ့ သူအဆင့်တန်းတစ်ခုတော့ ရှိနေတာ တွေ့ရတယ်။ အဲဒီပြိုင်ပွဲဝင်တွေထဲက ကလေးမလေးတစ်ယောက်က ဗမာစကား သိပ်မပြောတတ်လို့ အင်္ဂလိပ်သီချင်းနဲ့ ပြိုင်တာပါလို့ ဆိုလာပါတယ်။ နောက်ပိုင်း သူ့အင်တာဗျူးတွေမှာ ကြည့်ရသလောက်တော့ ဗမာစကားကို ကောင်းကောင်းမွန်မွန်ပြောနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့သော နက်နဲတဲ့ စကားလုံးတွေကို နားမလည်ဟန်ရှိ ပါတယ်။ အဲဒီအခက်အခဲကတော့ ခေတ်လူငယ်တော်တော်များများမှာ ရှိနေနိုင်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဗမာစကား မပြောတတ်တာ၊ မြန်မာစာ မရေးတတ်တာ၊ မဖတ်တတ်တာဟာ ဂုဏ်ယူစရာ ဖက်ရှင်တစ်ခုဖြစ်နေပြီလား စိုးရိမ်မိပါတယ်။ မြို့ပြမှာ နေထိုင်ကြတဲ့ လူကုံထံ ကြေးရတတ်အသိုင်းအဝိုင်းတွေက သူတို့ရဲ့သားသမီးတွေကို နိုင်ငံတကာကျောင်းတွေမှာ ထားကြပါတယ်။ မြန်မာနိုင်ငံမှာ လာဖွင့်ထားကြတဲ့ International Schools တွေမှာပါ။ တချို့က မူကြိုအဆင့် ကတည်းက စပြီးတော့ ထားကြပါတယ်။ မိဘအများစုကလည်း သူတို့ကလေးတွေ နဲ့ အင်္ဂလိပ်လိုပဲ ပြောကြတာများပါတယ်။ ဆိုတော့ အဲဒီကလေးတွေဟာ ဗမာစာ၊ ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားခြင်းငှာ မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒီတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ နောက်နှစ်ပေါင်းရာချီကြာပြီးတဲ့ နောက်မှာ ဗမာစကားပြောဆိုမှု ပျောက်သွားနိုင်မလား စိုးရိမ်နေမိပါတယ်။

ဘာသာစကားနဲ့ပတ်သက်လာရင် ကျွန်တော့်ကိုစိုးရိမ်မိစေတဲ့အကြောင်း အခြင်းရာတွေလည်း ရှိပါတယ်။ ဘာသာစကား ပျောက်ကွယ်ခြင်းပါ။ ပြောဆို သုံးစွဲမယ့်သူ မရှိတော့ဘဲ ပျောက်ကွယ်သွားရတဲ့ အခြေအနေပါ။

ယနေ့ကမ္ဘာပေါ်မှာ ပြောဆိုနေကြတဲ့ ဘာသာစကားပေါင်း ခန့်မှန်းခြေ ၇၀ဝ၀ လောက်ရှိတယ်လို့ ဘာသာဗေဒ ပညာရှင်တွေက ဆိုပါတယ်။ အဲဒီထဲကမှ တစ်ဝက်လောက်ဟာ တိမ်ကောပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ကြုံနေရပါတယ်။ အခု ၂၁ ရာစု အကုန်မှာ အဲဒီတစ်ဝက်လောက်သော ဘာသာစကားတွေဟာ ပျောက်ကွယ်သွားနိုင်ခြေ ရှိနေပါတယ်။

ရက်သတ္တပတ် နှစ်ပတ်(၁၄ရက်)မှာ ဘာသာစကားတစ်ခုလောက် တိမ်ကောပျောက်ကွယ်နေပါတယ်။ ဘာသာစကားတွေဟာ အပင်မျိုးစိတ်တွေ၊ တိရစ္ဆာန်မျိုးစိတ်တွေလိုပဲ ပျက်သုဉ်း ပျောက်ကွယ်နေကြပါတယ်။ ကမ္ဘာတစ် ဝန်းလုံးမှာ ဘာသာစကားတွေဟာ ပျောက် ကွယ်နေတာပါ။ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၀ခုနှစ်ထိ အတွင်းမှာ ဘာသာ စကားပေါင်း ၂၃၀ လောက် ပျောက်ကွယ်သွားခဲ့ပြီလို့ ယူနက်စ်ကို(UNESCO)အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ပြောဆိုသုံးစွဲနေကြတဲ့ ဘာသာစကားအားလုံးရဲ့ သုံးပုံတစ်ပုံ နီးပါး(၂၃၇၀ ဝန်းကျင်)ဟာ ပျောက်ကွယ်သွားတော့မယ့် အန္တရာယ်ရှိနေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်းလောက်ဟာ ဘာသာစကား ၈၅ ခုလောက်ကိုသာ အဓိကအသုံးပြုပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြပါတယ်။ ကိုယ်ပိုင် ဘာသာစကား၊ ရိုးရာဝတ်စုံ၊ ဓလေ့ထုံး တမ်းစဉ်လာနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာ နိုင်ငံအတွင်းနေထိုင်ကြတဲ့ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းလောက်သောသူတွေဟာ ဗမာလူမျိုးစုတွေဖြစ်ပါတယ်။ ကျန်တဲ့ ၃၂ ရာခိုင်နှုန်းလောက်က တခြားတိုင်းရင်းသားမျိုးနွယ်စုတွေပါ။ အခုချိန်မှာ တော့ တိုင်းရင်းသားဘာသာစကားတွေထဲက အများစုဟာ ပြောဆိုသုံးစွဲမယ့်သူ မရှိတော့ဘဲနဲ့ ပျောက်ကွယ်သွားရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ယူနက်စ်ကို(UNESCO)အဖွဲ့ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဘာသာ စကားလေးမျိုးလောက် ပျောက်ကွယ်သွား ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ အထင်ရှားဆုံးကတော့ ပျူ(Pyu)ဘာသာ စကားပါ။ နောက်ထပ် သုံးမျိုးကတော့ တမန်း(Taman)၊ ဖွန်း(Hpun)နဲ့ မယ်လင်း (Malin) တို့ပဲ ဖြစ်ပါတယ်။ တမန်း (Taman) ဘာသာစကားကိုတော့ သက် (Sak)ဘာသာစကားလို့လည်းခေါ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ မှာ ပြောဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် အနောက်မြောက်ဘက်မှာနေထိုင်ကြတဲ့ သက်လူမျိုးစုဝင်တွေ ပြောဆိုသုံးစွဲခဲ့တာပါ။ ဖွန်း(Hpun) ဘာသာစကားကို ပြော ဆိုသူတွေဟာ ၂၀ဝ၇ အထိ ၁၅၀ဝ ဦး လောက် ရှိသေးတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ရဲ့မြောက်ဘက် ဧရာဝတီမြစ် အထက်ဘက်ပိုင်း မတ်စောက်တဲ့လျှို မြောင်တွေကြားထဲမှာ နေထိုင်ကြတဲ့သူ တွေ၊ အထူးသဖြင့် အသက်ကြီးပိုင်းတွေ ပြောဆိုကြတဲ့ ဘာသာစကားဖြစ်ပါတယ်။ အဲဒီထဲက တချို့က ၂၀ဝ၈ ခုနှစ် လောက်ကမှ ပျက်သုဉ်းပျောက်ကွယ်သွား ခဲ့ကြတာပါ။

အဲဒီလိုမျိုး ပျက်သုဉ်းပျောက်ကွယ် သွားတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ဘာသာစကားတစ်ခု ကျွန်တော်တို့တိုင်း တွင်းမှာရှိပါတယ်။ မော်ကင်း(သြုနည)လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ဆလုံ ဘာသာစကားပါ။ ၂၀ဝ၇ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းအရ ဆလုံ ဘာသာစကားပြောဆိုသူ ၆၀ဝ၀ ဦး လောက် ရှိတယ်လို့ ဆိုပါတယ်။ ခရီးသွား လုပ်ငန်းအတွက် သူတို့ရဲ့မြေနေရာတွေ ကို ကျူးကျော်အသုံးပြုလာခြင်း၊ သူတို့ ကျက်စားရာ ရေပိုင်နက်အတွင်း စီးပွားရေး လုပ်ငန်းများ လာရောက်ကျူးကျော်လုပ် ကိုင်ကြခြင်း စတဲ့အကြောင်းရင်းပေါင်း များစွာက သူတို့ကို တခြားရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့သွားစေနိုင်ပါတယ်။ နောက်ပြီးတော့ သူတို့ပြောဆိုသုံး စွဲနေတဲ့ ဘာသာစကားကိုလည်း ထိခိုက်စေလာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားခွင့်ကို နှစ်ပေါင်းများစွာမရရှိခဲ့ခြင်းက ဘာသာစကားတွေ ပျောက်ကွယ်သွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတစ်ခု ဖြစ်နေနိုင်ပါတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို အဓိကထားပြီး သင်ကြားခဲ့ကြရခြင်းက မိခင်တိုင်းရင်းသားစာပေနဲ့ ဘာသာ စကားတွေအပေါ် ရိုက်ခတ်မှု ရှိနေနိုင်ပါတယ်။ အခုတော့ တိုင်းရင်းသားဘာသာ စကားနဲ့ သင်ကြားခွင့်ကို စတင်အကောင် အထည်ဖော်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အားကောင်းမောင်းသန်တော့ မဟုတ်လောက်သေးပါဘူး။

ခေတ်မီတိုးတက်လာတာနဲ့အမျှ အောင်မြင်တိုးတက်လာကြတဲ့မျိုးဆက်သစ်တွေဟာ ဘာသာစကားကို အနည်းဆုံး နှစ်မျိုးလောက် ပြောဆိုတတ်ကြပါတယ်။ အဲဒီအနေထားမှာ မိခင်ဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်မှုအပိုင်းမှာ အားနည်းလာကြပါတယ်။ ဒါက အစဉ်အလာတစ်ခုလို ဖြစ်လာနေ ပါတယ်။ တချို့က ဘာသာစကားကို နှစ်မျိုးထက်မက တတ်မြောက်အောင် ကြိုးစားသင်ယူကြပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက်၊ လူမှုရေး၊ စီးပွားရေးမှာ အကျိုးရှိရှိအသုံးချနိုင်မယ့် ဘာသာစကားတွေကို ရွေးချယ်ပြီး သင်ယူ ကြပါတယ်။ တချို့ကတော့ ခွဲခြားဆက်ဆံ ခံရခြင်းကနေပြီး ရှောင်ရှားနိုင်ဖို့အတွက် တစ်ခြားဘာသာစကားတွေကို သင်ယူကြပါတယ်။ ဒီလိုနည်းနဲ့ပဲ မိခင်ဘာသာ စကားကို ပြောဆိုသုံးစွဲမှုနည်းလာရာက နောက်ဆုံးပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။

တချို့ ဘာသာစကားတွေကတော့ ပြောဆိုသုံးစွဲမှုမရှိသည့်တိုင် စာပေကျန် နေနိုင်ပါသေးတယ်။ စာပေမရှိတဲ့ ဘာသာ စကားတွေကတော့ ပြောဆိုသုံးစွဲတဲ့သူ မရှိတော့ရင် လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။

ဆိုတော့ အင်္ဂလိပ်လိုပြောမှ လူရာဝင်ခေတ်မီတယ်လို့ စိတ်အထင်ရောက်နေတဲ့ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာ တိုင်းရင်းသားဘာသာစကားကိုအသာထား၊ လူအများစု ၆၈ ရာခိုင်နှုန်းလောက် ပြောဆိုနေကြတဲ့ ဗမာစကားတောင်မှ တစ်ချိန်ချိန်မှာ ပျောက်ကွယ်သွားမလား အစိုးရိမ်လွန်နေမိပါတယ်။

ကိုးကား- https://www.google.com/search¿client=firefox-b-d&q=the+rate+of+dead+language

https://prospectburma.org/news/preserving-indigenous-languages/

သန်းဇော်ဦး (ရလိုင်)