လိပ်ပြာ ထိန်းပါ

0
2433

ငယ်စဉ်ကလေးဘဝတွင် လူကြီးများထံက ကြားရသော တစ်ဆင့်စကားများ ကြောင့် လိပ်ပြာများကို ကလေးအချို့ မဖမ်းရဲကြပေ။ အကြောင်းမှာ လိပ်ပြာသည် လူ၏ အသက်ဝိညာဉ်ကို ကိုယ်စားပြုသည့်၊ သက်ရှိအဖြစ် ကလေးများက ထင်မှတ်မိခြင်းကြောင့်ပင်ဖြစ်သည်။ လိပ်ပြာလှသည်၊ လိပ်ပြာနုတ်သည်၊ လိပ်ပြာသန့်သည်ဟူသော စကားမျိုးကို ကြားဖူးကြမည်ဖြစ်ပါသည်။ ယခု ဆွေးနွေးမည့် လိပ်ပြာအကြောင်းမှာ သဘာဝ သက်ရှိလောကနှင့် လူသားများကို တစ်နည်း တစ်ဖုံအကျိုးပြုနေသော သက်ရှိသတ္တဝါ လိပ်ပြာများအကြောင်းဖြစ်ပါသည်။

လိပ်ပြာများနှင့်ဖလံများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့် မကကပင် ကမ္ဘာပေါ်တွင် ရှိနေခဲ့သော သက်ရှိများပင်ဖြစ်သည်။ အမျိုးအစား ကွဲပြားစုံလင်လှကာ မျိုးစိတ်ပေါင်း ၂၅၀ဝ၀ဝ (နှစ်သိန်းခွဲ) ကျော် ရှိပါသည်။ ထိုသက်ရှိကလေးများမှာ သစ်သီးဝလံများ ကောက်ပဲသီးနှံများ ဖြစ်ထွန်းရန်အတွက် အရေးပါသော ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ဆောင်ရွက်ပေးသူများဖြစ်ကြ ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ကောက်ပဲသီးနှံ သစ်သီးဝလံများ၏ ၇၅ ရာခိုင်နှုန်း နီးနီးမှာ ဝတ်မှုန်ကူးပေးသော သက်ရှိများကို အားထားနေရပါသည်။ တစ်နည်းအားဖြင့် လူတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် အရေးပါသော အစားအစာရရှိရေးကို အကျိုးပြုနေသော လိပ်ပြာမျိုး နွယ်များဖြစ်သည်ဟုလည်းမှတ်ယူနိုင်ပါသည်။ ထို့ကြောင့် လိပ်ပြာများကို လူ၏အသက်ဝိညာဉ်နှင့် ခိုင်းနှိုင်းထင်မှတ်နေသည်မှာ မမှားလှဟုဆိုနိုင်ပါသည်။ လိပ်ပြာများ၏ အဖိုးတန်လှပုံကို ဖော်ပြ သွားမည်ဖြစ်ပါသည်။

ပင်ကိုတန်ဖိုး
လိပ်ပြာများနှင့် ဖလံများတွင် သဘာဝ သက်ရှိများအဖြစ် မွေးရာပါ ပင်ကိုတန်ဖိုးရှိကာ မျိုးဆက်များဆက် လက်ရှင်သန်တည်ရှိရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခံရန် အခွင့်အရေးရှိ သည်ဟုယူဆကြပါသည်။ ယင်းတို့သည် ကမ္ဘာမြေကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကာ မျိုးစိတ်များစွာ ကြွယ်ဝခြင်းကပင် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝခြင်းအတွက် အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အချို့သောမျိုးစိတ်များဆိုလျှင် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀ ခန့်ကပင် စတင်ဖြစ်တည်လာခဲ့ သည်ဟုဆိုပါသည်။

အလှရသတန်ဖိုး
လိပ်ပြာများမှာ သဘာဝတရား၏ အမွေအနှစ်ပင်ဖြစ်ကာ လွန်ခဲ့သော နှစ် ၃၀ဝ ကျော်မှပင် လေ့လာမှုများပြုခဲ့ခြင်းကို ခံခဲ့ရသော သက်ရှိများပင်ဖြစ်ပါသည်။ လိပ်ပြာများနှင့် ဖလံများမှာ အများအားဖြင့် လှပကြပါသည်။ အချို့မှာ အလှအပရေးရာတွင်တင်စားခံရကာ ရေပန်းစားပါ၏။ လူအများစုသည် လိပ်ပြာများကို နှစ်သက်တတ်ကြသည်။ စာပေများထဲတွင် လိပ်ပြာကို ညွှန်းဆိုသော စာများစွာရှိနေတတ်သည်။ ရှိတ်စပီးယား၏ ဂန္ထဝင်ရှေးစာပေများမှသည် ယနေ့ခေတ်စာပေများ၊ ကဗျာနှင့် ဂီတ အရေးအဖွဲ့များထဲအထိ လိပ်ပြာကို အလှတရားနှင့် နွယ်ကာ ရေးဖွဲ့ထားသည်များ များစွာပင်ရှိနေသည်။ ကြော်ငြာများနှင့် ရုပ်ပြပုံ ပန်းချီများတွင်လည်း လိပ်ပြာပုံများကို သဘာဝနှင့် သဟဇာတဖြစ်ကြောင်းကို ဖော်ပြရန် သုံးတတ်သည်။ သာယာလှပ ငြိမ်းချမ်းသော ရှုမျှော်ခင်း အဖြစ်ဖန်တီးရာတွင်လည်း လွတ်လပ်မှု၊ အလှတရားနှင့် ငြိမ်းအေးခြင်း၏ အမှတ်သင်္ကေတအဖြစ် လိပ်ပြာများပါဝင်သည့် ပုံများကို ရေးခြယ်ဖန်တီးထားတတ်သည်။

ပညာရေးတန်ဖိုး
လိပ်ပြာများနှင့် ပိုးဖလံများ၏ ဘဝဖြစ်စဉ် (ဥ မှ အကောင်ပေါက်ပုံ လိပ်ပြာဖြစ်သည်အထိ အဆင့်ဆင့်) သည်လည်း အံ့သြဖွယ်ရာပင်ဖြစ်သည်။ နိုင်ငံများစွာတွင် လိပ်ပြာများ ဘဝဖြစ်စဉ်ကို သဘာဝလောက အကြောင်းသိကောင်း စရာအဖြစ် ကျောင်းများတွင် ကလေးများအား သင်ကြားစေပါသည်။ ဥမှသည် ပိုးတုံးလုံးဘဝ ထိုမှသည် ပိုးရုပ်ဖုံး၊ လိပ်ပြာ အဆင့်ဆင့်ဖြစ်လာပုံမှာ အံ့ဖွယ်ကောင်း သော သဘာဝတရားများဖြစ်ပါသည်။ လိပ်ပြာများ၏ အတောင်ပံရှိ အနုစိတ် ရှုပ်ထွေးပွေလီလှသော အကွက်အဆင် အရောင်အသွေးများကိုလည်း ပညာရပ် အဖြစ်လေ့လာကြပါသည်။

သိပ္ပံတန်ဖိုး
လိပ်ပြာများနှင့် ပိုးဖလံအချို့မှာ ဇီဝမျိုးကွဲများစုံလင်မှုကို ထိန်းသိမ်းရေး လေ့လာမှုများ၊ အဖျက်ပိုးမွှားများကို ထိန်းချုပ်ရေး သုတေသနပြုခြင်းများ၊ မျိုးရိုး ဗီဇဆင့်ကဲ ပြောင်းလဲလာမှုများ၊ လိပ်ပြာများ၏ ဘဝဖြစ်စဉ်ပြောင်းလဲပုံ၊ ပတ်ဝန်းကျင်၏ အပင်အရောင်အသွေးအလိုက် အရောင်ပြောင်းခြင်းများနှင့် လိပ်ပြာအကောင်ရေပြောင်းလဲများကို လေ့လာသုတေသနပြုရာတွင် အင်မတန် ပင် အရေးပါသော စံနမူနာ သက်ရှိများ အဖြစ် တန်ဖိုးထားသတ်မှတ် ခံထားရ ပါသည်။ ကာလရှည်ကြာတည်ရှိလာသော မျိုးဆက်များ သက်တမ်းနှင့် လူသိများ ခြင်းတို့ကြောင့် လိပ်ပြာများသည် လေ့လာမှုများစွာပြုလုပ်ခံရကာ နေရာဒေသအလိုက်၊ ကာလအလိုက် ကမ္ဘာအနှံ့ ပြောင်းရွှေ့နေကြသော သက်ရှိ အင်းဆက်များနှင့်ပတ်သက်သော များစွာသော အဖိုးတန် အချက်အလက်များစွာလည်း လိပ်ပြာများထံကရရှိခဲ့ပါသည်။ ဤသည်ကပင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သော သိပ္ပံနည်းကျ သုတေသန များပြုလုပ်ရာတွင် အင်မတန်အရေးပါ ကြောင်း ပြလျက်ရှိပါသည်။

ဂေဟစနစ်တန်ဖိုး
လိပ်ပြာများနှင့် ပိုးဖလံများရှိနေခြင်းသည်ပင် အနီးအနားပတ်ဝန်းကျင်သည် ဘေးကင်းကာ ကောင်းစွာလည် ပတ်နေသော ဂေဟစနစ်ရှိနေ အလုပ်လုပ်နေကြောင်းပြခြင်းပင်ဖြစ်သည်။ လိပ်ပြာနှင့် ဖလံတို့မှာ အစာကွင်းဆက်တွင် အရေးပါသော အစိတ်အပိုင်း တစ်ခုလည်းဖြစ်ကာ ငှက်၊ လင်းနို့နှင့် အခြားသော အင်းဆက်စား သတ္တဝါများအတွက် အစာလည်းဖြစ်သည်။ လိပ်ပြာများရှိခြင်းမှာ မျိုးစိတ်များအားလုံး၏သုံးပုံ နှစ်ပုံခန့်ရှိသော အခြားသော ကျောရိုးမဲ့သတ္တဝါ အမျိုးအစားများစွာရှိ နေကြောင်းကိုလည်းပြသည်။ နေရာဒေသတစ်ခုတွင် လိပ်ပြာများနှင့် ဖလံများ ရှိနေခြင်းက ယင်းနေရာတွင် အခြားသော ကျောရိုးမဲ့ သက်ရှိများစွာရှိကြောင်း ပြောနေခြင်းပင်။ ထို့ကြောင့် ကျွမ်းကျင်သူများက လိပ်ပြာများနှင့် ဖလံများကိုကြည့်ကာ အင်းဆက်များပြောင်းရွှေ့သွားလာခြင်းကို စနစ်တကျ နိမိတ်ဖတ်နိုင်သည်။ ဂေဟဗေဒပညာရှင်များသည် လိပ်ပြာနှင့် ဖလံများကို စံနမူနာ သက်ရှိများအဖြစ် သုံးကာ လေ့လာမှုများပြုလုပ်၍ စားကျက်မြေများ ပျောက်ဆုံးခြင်း၊ အစိတ် စိတ်အခွဲခံလိုက်ရခြင်းကြောင့်ဖြစ်သော သက်ရှိများအပေါ် ရေရှည်အကျိုးသက် ရောက်မှုများနှင့် ရာသီဥတုပြောင်းလဲမှုများကိုလည်းလေ့လာလျက်ရှိပါသည်။

ကျန်းမာရေးတန်ဖိုး
လူအများစုမှာ ယင်းတို့၏ အိမ်ပတ်ဝန်းကျင်နှင့် ကျေးလက် တောအုပ်များအတွင်း လိပ်ပြာများကို တွေ့မြင်ရ ခြင်းကို နှစ်သက်ကြလေ့ရှိပါသည်။ ဗြိတိန် တစ်နိုင်ငံတည်းတွင်ပင် လူပေါင်းတစ် သောင်းလောက်မှာ လိပ်ပြာများ ပိုးဖလံ များကို မှတ်တမ်းပြုလျက်ရှိပါသည်။ ထိုသို့ပြုလုပ်ရန် လိပ်ပြာရှိရာအရပ်သို့ ခြေလျင်လျှောက်ခရီးမျိုးသည်လည်း ရေပန်းစားပါသည်။ ဗြိတိန်တွင်ပင် ဝါသနာအလျောက် အပတ်စဉ် လိပ်ပြာကြည့် လမ်းလျှောက်ကြကာ လိပ်ပြာ ကြည့်သည့် နေရာပေါင်း ၈၅၀ ရှိသည် ဟုဆိုပါသည်။ ဗြိတိန်ရှိသဘာဝထိန်းသိမ်းရေးတောအုပ်များတွင် ထောင် ပေါင်းများစွာသော ပြည်သူတို့ လိပ်ပြာ သီးသန့်ကြည့်နိုင်ရန် နေရာများစွာလည်း သတ်မှတ်ထားရှိ ပေးထားလေ၏။ ဆိုရလျှင် လိပ်ပြာများကို အကြောင်းပြုကာ အများပြည်သူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက် အထောက်အကူပြု အစီအစဉ်များ ရှိနေပါပေသည်။

စီးပွားရေး တန်ဖိုး
ထောင်ပေါင်းများစွာသော လူတို့ သည် နှစ်စဉ်လိပ်ပြာကြည့်ခရီးထွက် လေ့ရှိပါသည်။ ဤသို့ သဘာဝကို အခြေပြုခရီးထွက်ခြင်းသည် နိုင်ငံများ စွာအဖို့ ဝင်ငွေရလမ်းလည်းဖြစ်ပါသည်။ လိပ်ပြာတိုင်းတွင် အန္တရာယ်ကိုကာကွယ်ရန်၊ ယင်းတို့နားခိုမည့် အပင်ရှိ ဓာတု ဆေးဝါးများ၏ အန္တရာယ်နှင့် ကြင်ဖော်ရှာရန် သဘာဝဓာတ်တစ်မျိုးကို ထုတ်ပါသည်။ ထိုသို့ ယင်းတို့ ထုတ်လုပ်သော ဓာတ်သည်ပင် စီးပွားရေးအရ အသုံးချကာအဖိုးတန်သော အရာဖြစ်လာနိုင်ချေ ရှိသည်ဟု ဆိုပါသည်။

အထက်ဖော်ပြပါ တန်ဖိုးများကို ထောက်ရှုသော် လိပ်ပြာနှင့် ဖလံများမှာ နည်းအမျိုးမျိုးဖြင့် မိမိတို့လူသားများအတွက် အင်မတန်မှပင် အကျိုးပြုလျက် ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် လိပ်ပြာများနှင့် ပိုးဖလံများ ပျက်စီးစေနိုင်သော ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးခြင်းမျိုးနှင့် သစ် ပင်ပန်းမာလ်များပြုန်းတီးစေခြင်းမျိုးကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါကြောင်း မေတ္တာဖြင့် တိုက်တွန်းလိုပါ၏။

ကိုးကားhttps://butterfly-conservation.org/butterflies/why-butterflies-matter

https://www.techtimes.com/articles/143486/20160324/monarch-butterflies-may-be-doomed-what-happens-if-they-go-extinct.htm