အိမ်ရှေ့ပြင်ရပ်ကွက် လော့ဒေါင်းချမည်

0
1514

ထားဝယ်၊ အောက်တိုဘာ ၁၄/ Dawei Watch

ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလာသည့်အတွက် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အား အသွားအာလာပိတ်ဆို့မှု Lockdown(လော့ဒေါင်း) ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

အိမ်ရှေ့ပြင်ရပ်ကွက်တွင် အောက်တိုဘာလ ၁၃ ရက်ညက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ခဲ့သည်။

အဆိုပါနှစ်ဦးမှတစ်ဆင့် ထိတွေ့ဆက်စပ်သူများကို ဓာတ်ခွဲစစ်ဆေးရာတွင် ၁၅ ဦးဝန်းကျင်တွင် ပိုးတွေ့ရှိရပြီး ထပ်မံတွေ့ရှိရန်အခြေအနေလည်း ရှိနေသောကြောင့် ယင်းကဲ့သို့ လော့ဒေါင်းချရန် စီစဉ်ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးနှင့် ထိတွေ့ဆက်စပ်သူသည် လေးဆယ်ဦးဝန်းကျင်ရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဆက်စပ်သူများကို ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ပြီး ထက်ဝက်ခန့်သာ စစ်ဆေးပြီးချိန်တွင် ၁၅ ဦးကျော်မှာ ပိုးရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါရပ်ကွက်အား လော့ဒေါင်းချရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး အမြန်ဆုံးလုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြောသည်။

အိမ်ရှေ့ပြင်ရပ်ကွက်သည် ထားဝယ်မြို့အဝင်ဝတွင် တည်ရှိပြီး အဝေးပြေးကားဝင်းလည်း ရှိသည်။

အဝေးပြေးလမ်းနှင့် အဝေးပြေးကားဝင်းရှိသည့် ရပ်ကွက်ဖြစ်သည့်အတွက် လော့ဒေါင်းချမည့် နယ်နိမိတ်ကို ဆွေးနွေးပြီးမှ သတ်မှတ်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“လူတွေကတော့ နည်းနည်းလေး စိတ်ကျဉ်းကျပ်လာမှာပေါ့ဗျာ။ ဒါပေမဲ့ ကျန်းမာရေးအတွက်ကတော့ ဒီလောက်တော့ သည်းခံပေးရမှာပေါ့” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာဦးရေ တစ်ရာကျော်လာပြီဖြစ်သည်။