ကိုဗစ်ကြောင့် ပြန်ပေါ်လွင်လာသည့် ခေါသရပ်ပွဲ၏ အနှစ်သာရ

0
452
Dawei Watch, Dawei News, Dawei News Media

လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးဂယက်ကြောင့် တနင်္သာရီမြို့ ခေါသရပ်ပွဲ၏ အနှစ်သာရမှာ ပြန်လည်ပေါ်လွင် လာခဲ့ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်များက ပြုလုပ်ခဲ့သည့် ခေါသရပ်ပွဲများမှာ တေးဂီတဖျော်ဖြေပွဲများ၊ ဘောလုံးပြိုင်ပွဲများ စသည့် ပျော်ပွဲရွှင်ပွဲတို့နှင့် တစ်ရွာနှင့် တစ်ရွာ လည်ပတ်သွားလာခြင်းတို့ဖြင့် စည်ကားလေ့ရှိကြကြောင်း တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနေသူအချို့ထံမှ သိရသည်။

သို့သော် ယခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် အထက်ပါ ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခြင်း မရှိတော့ပေ။

မကျွတ်မလွတ်သူများအား အစာကျွေးခြင်းဖြစ်သည့် ခေါသရပ်၏ ရိုးရာ အနှစ်သာရမှာ လည်ပတ်ခြင်းနှင့် ပျော်ပွဲတို့ထက် နေအိမ်တို့တွင် ခေါသရပ်မုန့်ပြု လုပ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ခေါစာကျွေးခြင်း၊ အာရုံဆွမ်း(မုန့်)များ လောင်းလှူ ခြင်းနှင့် ဥပုသ်စောင့်ခြင်းတို့ ပြုလုပ်ခြင်းဖြစ်ကြောင်း စာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

“ခေါသရပ်ကိုက ပွဲလမ်းသဘင် မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် နှစ်စဉ်တော်သလင်းလပြည့်ကျော် ၄ ရက်နေ့တိုင်း ခေါသရပ်ပွဲ ပြုလုပ်လေ့ရှိကြသည်။

မြင့်မိုရ်(မြိတ်)