မီးလေဝသ အခြေအနေ

185
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူသားတွေက ဘယ်ခေတ်ပဲ ဖြစ်ဖြစ် ရှေ့ကို ကြိုခန့်မှန်းပြီး သိလိုကြတယ်။ ဘာလို့လဲဆိုတော့ ရှင်းပါတယ်။ ကျွန်တော် တို့မှာ အနာဂတ်ဆိုတာ ရှိလို့ပါပဲ။

အလွယ်ပြောရရင် မိုးလင်းလက်ဖက်ရည်ဆိုင် ဘယ်အချိန်ပိတ်မလဲ သိချင်ကြ တယ်။ လိုင်းကားတွေ ဘယ်အချိန်ထွက်မလဲ ကြိုသိဖို့လိုတယ်။ တီဗီ အစီအစဉ် တွေမှာလည်း အဲဒီလိုပဲ ဘယ်အချိန်မှာ ဘာအစီအစဉ် လာမှာလဲ၊ ဘယ်လောက် အချိန်ကြာမှာလဲ၊ မြို့ပေါ်မှာဆိုရင်လည်း အမှိုက်ကား ဘယ်အချိန်လာမှာလဲ၊ အဲလိုမျိုး ကြိုသိဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ လူတိုင်းမှာ ပိုင်ဆိုင်တာက တစ်ရက်မှာ ၂၄ နာရီပဲ ရှိတာကိုး။ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ ဘယ်သွားမယ် စသည်ဖြင့် အစစ အရာရာ ကြိုပြင်ရတာကိုး။

ဒါက နိစ္စဓူဝ အခြေအနေမှာပါ။

ဒီထက်ပိုတစ်ဆင့်တက်ရင် ဥပမာ စည်ပင်လိုင်စင်လုပ်ရင် ဘယ်လောက်ကြာမှာလဲ၊ ထောက်ခံစာ ဘယ်နှခု ယူရမှာလဲ။ အဲဒီလိုမျိုး အစိုးရ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြိုပြီး တိတိကျကျ သိလိုကြတယ်။ အဲဒါမှလည်း ကိုယ်က တစ်ခုခုလုပ်မယ်ဆို ကြိုပြင်ရ၊ ချိန်ရမှာကိုး။

လူတွေရဲ့ ဘဝမှာ တစ်ခုခုကို ကြိုသိဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက အသက်ဆက်ရှင်နေဦးမယ်လို့ တွက်ထားကြတယ်၊ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာတော့ နားမယ်၊ စားမယ်၊ သွားလာမယ် စသည်ဖြင့် ချိန်ထားပြု ထားကြတာကိုး။

အပေါ်မှာ ပြောခဲ့တဲ့ လိုင်းကား၊ တီဗီအစီအစဉ်၊ အမှိုက်ကား၊ စည်ပင် အဲဒါတွေဟာ လူတွေ စီမံထားတဲ့ အရာတွေ ဖြစ်လို့ ကြိုပြီး အစီအစဉ်ချထားလို့ရတယ်။

ဘယ်အချိန် ကားထွက်မယ်၊ ကားစီးချိန်ဘယ်လောက်ကြာမယ်၊ အမှိုက်ကား ဘယ်တော့ လာမယ်ဆိုတာ မျိုးတွေပေါ့။ ဆိုတော့ အဲဒီ လုပ်ငန်းတွေနဲ့ ဆိုင်တဲ့သူတွေကလည်း တွက်ရလွယ်တယ်။

ဒါပေမဲ့ လူဆိုတာမျိုးက နှယ်နှယ် ရရမှ မဟုတ်တာ။ လူလုပ် အစီအစဉ်တွေ မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်နေတာကိုတောင် ဖြစ်နိုင်သမျှ ကြိုတင်ခန့်မှန်းလို့ရအောင်၊ ကြိုတွက်လို့ရအောင် ကြံဆတော့တာပဲ။

အဲဒီမှာ အထင်ရှားဆုံးကတော့ မိုးလေဝသ အခြေအနေပါ။ အဲဒီလို ခန့်မှန်းတွက်ချက်ပြီးတော့ ထင်ရှားအောင် ရာသီတွေတောင် ခွဲလိုက်သေးတယ်။ မိုးရာသီ၊ နွေရာသီ၊ ဆောင်းရာသီ စသည်ဖြင့်ပေါ့လေ။

မိုးရာသီမှာတောင် မိုးဦး မိုးကောင်း မှာလား၊ တစ်မိုးလုံးကော မိုးအခြေအနေ က ဘယ်လိုလဲ။ မိုးနည်းမှာလား၊ မိုးများမှာလားဆိုပြီး ကြိုတောင် ခန့်မှန်းလိုက်သေးတယ်။ အဲဒါကို ကြည့်ပြီး လယ်သမားတွေက ဒီနှစ်တော့ သက်နုစပါး စိုက်သင့်လား၊ သက်ရင့်စပါး စိုက်သင့်လား တွက်ကြတယ်။ ဒါမှ ပိုပြီးတွက်ချေကိုက်၊ အလုပ်ပိုတွင်တာကိုး။

အပူချိန်ကိုလည်း အဲဒီလိုပဲ ခန့်မှန်းကြတယ်။ မြန်မာနိုင်ငံလို သမမျှတတဲ့ အပူချိန်ရှိတဲ့ နေရာမှာဆိုရင်တော့ အပူချိန်က နေ့စဉ် ကြည့်နေရတာမျိုး ရှိချင်မှ ရှိမှာပါ။ ဥရောပနိုင်ငံတွေလိုမျိုး အေးတဲ့ နိုင်ငံတွေမှာဆိုရင် အပူချိန်က နေတိုင်းအတွက် အရေးပါပါတယ်။

ဘာလို့လဲဆိုတော့ အနည်းဆုံးတော့ အပြင်ထွက်ရင် ဘာအဝတ်အစားတွေ ဝတ်မယ်ဆိုတာ အပြင် အပူချိန် ကြည့်မှ သိတာကိုး။ အိမ်ထဲ၊ အခန်းထဲနေရင် အပူပေးစက်ဖွင့်ထားတော့ မသိသာဘူး။ အပြင်ရောက်မှ အပြင်အပူချိန် သိတော့ အပြင်အပူချိန်သိအောင်ဆိုရင် မိုးလေဝသက တွက်ထားတဲ့ အပူချိန်ကိုပဲ ကြည့်ရတာ။ ဘာလို့လဲဆိုတော့ ဥရောပမှာ အပူချိန်အပြောင်းအလဲက တစ်နေ့နဲ့တစ်နေ့ သိပ်မတူဘူး။ အပြောင်းအလဲ သိပ်မြန်တယ်။

အခန်းထဲက အပြင်ကို ကြည့်လိုက်လို့ နေပူနေတယ်ဆိုပြီး သိပ်မအေးဘူးတော့ မထင်နဲ့။ သုည ဒီဂရီ ရှိနေရင် ရှိနေတတ်တာ။ ဒါကြောင့် ဥရောပလိုမျိုး အေးတဲ့ နေရာမှာဆိုရင် မိုးလေဝသ အခြေအနေက အချိန်နဲ့အမျှ အရေးကြီးတယ်။ ခဏခဏ ကြည့်နေရတယ်။

ပြောချင်တာက လူတွေက အစောပိုင်းက ပြောသလိုမျိုး လူလုပ်ကိစ္စတွေမှာတင် ခန့်မှန်းရလွယ်အောင်၊ တွက်လို့ရအောင် စီမံထားတာ မဟုတ်ဘဲ မိုးလေဝသလိုမျိုး သဘာဝ ရေးရာတွေမှာတောင် တွက်ရလွယ်အောင် ကြံဆထားတာ ဆိုတာပါ။

အဲ . . . တနင်္သာရီတိုင်းမှာတော့ ခပ်ဆန်းဆန်းရယ်။

မနက်ဖြန်မှာ မိုးရွာမယ်၊ နေပူမယ်တော့ အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်။ ဘယ်တော့ လျှပ်စစ်မီးပျက်မယ်၊ ဘယ်အချိန်မှာတော့ လျှပ်စစ်မီး ပြန်လာမယ် ဆိုတာ ခန့်မှန်းမရဘူးရယ်။ အရင်ကတော့ မီးတွေ ဘာတွေဖြတ်ရင် ကြိုပြီးကြေညာတာတွေ ရှိတယ်။ အခုတော့ လာချင်တဲ့ အချိန်လာ၊ ပျက်ချင်တဲ့ အချိန်ပျက်ပဲ။

အိမ်ရှင်မ/ထီး တစ်ယောက်ယောက်က ထမင်းပေါင်းအိုးချက်ထားရင်း တန်းလန်းလည်း မီးပျက်ရင် ပျက်သွားတာ။ ပြီးတော့ ဘယ်တော့ ပြန်လာမယ် ဆိုမသိ။ ထမင်းပေါင်းအိုးထဲက ထမင်းကိုချ၊ မီးသွေးမီးမွှေး၊ ထမင်းအိုးကို မီးသွေးမီးဖိုပေါ် ပြန်တင်ရင်း မီးပြန်လာချင်လည်း လာတာ။

ဖြစ်နေရပုံ။ ဒီတစ်ပတ်ထုတ် တနင်္သာရီဂျာနယ်မှာလည်း ဖတ်လိုက်ရတယ်။ ဘိတ် (မြိတ်) မှာ မီးလာချင်သလို လာ၊ ပြတ်ချင်သလို ပြတ်ဖြစ်နေလို့ သည်းမခံနိုင်တော့ဘူးတဲ့။

လျှပ်စစ်မီးဆိုတာ မီးပေးတဲ့ ကုမ္ပဏီဘက်က ခလုတ်တစ်ချက်နှိပ်ရုံပဲ ဖြစ်ပေမဲ့ လူသိန်းချီရဲ့ အစီအမံတွေကို ဖရိုဖရဲ ဖြစ်သွားစေနိုင်တယ်။ အဲဒါကို ပြတ်ချင်သလို ပြတ်နေလို့ရနေတယ်။ လူသိန်းချီရဲ့ နေ့စဉ် အစီအမံတွေကို ကုမ္ပဏီ စက်ခန်းထဲက ခလုတ်တစ်ခုတည်းနဲ့ ကစားလို့ ရနေတယ်။

အဲဒါကိုလည်း ကိုယ်ရွှေ တနင်္သာရီအစိုးရက ဒီအတိုင်းကြည့်နေတယ်။ ဘုရားသာ တကြပေတော့။

အစိုးရရဲ့ နေ့တဓူဝ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဘယ်လောက်ထိ ခန့်မှန်း တွက်ချက်ဖို့လွယ်လဲ (Predictability) ဆိုတဲ့ စံနှုန်းဟာ အစိုးရ တစ်ရပ်ရဲ့ စီမံခန့်ခွဲမှု ဘယ်လောက် ကောင်းမွန်လဲဆိုတာ တိုင်းတဲ့ အရမ်းကို အရေးကြီးတဲ့ ပေတံ တစ်ခုပဲ။

အဲဒါနဲ့ပဲ လူတွေ၊ စီးပွားရေး လုပ်ငန်းတွေက ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်လောက် ရင်းမယ်ဆိုပြီး တွက်ချက် လုပ်ကိုင်ကြရတာ။

အခုတော့ တနင်္သာရီတိုင်းမှာ မိုးလေဝသကိုသာ မှန်းဖို့လွယ်မယ်။ ဘယ်အချိန်မီးလာမယ်၊ မီးပျက်မယ်ဆိုတဲ့ မီးလေဝသကိုတော့ မှန်းလို့ မလွယ်၊ ဘာမှ ကြိုမသိရဘူးတဲ့။

ကဲ . . . ဒါဆိုရင်တော့ စောင့်ကြည့်ရတော့မယ် မီးလေဝသ ခန့်မှန်းစက်ထွင်တဲ့ လူလွန်မသား ဘယ်သူများ ဖြစ်မလဲဆိုတာ။

ဗမောင်း