သွေးလွန်တုပ်ကွေးနှိမ်နှင်းရေး ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေး ပူးပေါင်း

0
281

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ခြင်းအတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း ပိုးလောက်လန်း စစ်ဆေးရှိရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ အကူအညီကိုလည်းရယူလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကျန်းမာရေးဝန်ထမ်းများအနေနှင့် ရပ်ကွက်များအတွင်း စစ်ဆေးရာတွင် ပိုးလောက်လန်းတွေ့ရှိရသည့် နေအိမ်များကို စာရင်းမှတ်ယူကာ အုပ်ချုပ်ရေးမှူးထံ ပေးပို့ကာ လိုအပ်သလို ညွှန်ကြားစေခြင်း ဖြစ်သည်။

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး

ကျန်းမာရေးဝန်ထမ်းမှ ခြင်နှင့် ပိုးလောက်လန်းနှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယခင် တစ်ပတ်တွင် လိုက်လံစစ်ဆေးခဲ့သော်လည်း နောက်အပတ်သွားရောက်စစ် ဆေးချိန်တွင် ပိုးလောက်လန်းများ ပြန်လည် တွေ့ရှိရသည်ဟု အထက်ပါဌာန၊ ပိုးမွှားများမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရ.ပ.က.န) ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ပြောသည်။

ယင်းကြောင့် ပိုးလောက်လန်းတွေ့ သည့် အိမ်များကို ကြီးကြပ်နိုင်ရန်အတွက် ပိုးလောက်လန်းတွေ့သည့် အိမ်စာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးခိုင်းထားသည်ဟု ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

ယင်းအပြင် ပတ်ဝန်းကျင်ရှိအိမ်များကိုလည်း အဆိုပါအိမ်တွင် ပိုးလောက် လန်းတွေ့ရှိထားသဖြင့် သတိထားပြီးနေထိုင်ရန် ပြောဆိုခဲ့သည်ဟု ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

“ဘာလို့ဆိုတော့ ဒီတစ်ယောက်တည်းရဲ့အိမ်မှာ ဖြစ်သလိုနေခြင်းက ကျန်တဲ့ပတ်ဝန်းကျင်က အိမ်တွေ ထိခိုက်ပါစေတယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ် ဆိုတာကို သိရအောင်လည်း ပြောခဲ့တယ်”ဟု ၎င်းက ဆိုသည်။

“ရန်တိုက်ပေးတာတော့ မဟုတ်ဘူးပေါ့။ ဒီအခြေအနေက ဒီလိုပဲဝိုင်း ထိန်းရမယ်”

ပိုးလောက်လန်းတွေ့ရှိသည့် အိမ်များကို စာရင်းကောက်ယူကာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ လစဉ်မှတ်တမ်းပေးပို့ခြင်းကိုမူ ယခင်ကတည်းက လုပ်ဆောင်နေသော်လည်း အုပ်ချုပ်ရေးမှူးများကို ပေးထားရန် ညွှန်ကြားထားခြင်းမရှိကြောင်း သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာမှ ကျန်းမာရေးဝန်ထမ်း(၂) ဒေါ်မီဇင်ဖြိုးက ပြောသည်။

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်လအတွင်း နှစ်ဆနီးပါးတိုး

ကျေးရွာတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရာတွင် အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် သွားရောက်ခေါ်ဆိုသော်လည်း စိတ်ပါဝင်စားမှုမရှိသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်သည့် အိမ်များရှိပါက ကုလသမဂ္ဂအဖွဲ့ အစည်း (UNICEF)နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)များကလည်း ခြင်ဆေးဖျန်းခြင်း၊ ဆေးခတ်ခြင်းနှင့် ပိုးလောက်လန်းနှိမ်နှင်းခြင်းစသည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို လုပ်ဆောင် ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၊ စော်ဖျား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရီကမူ ပိုးလောက်လန်းတွေ့သည့် အိမ်များ၏ စာရင်းကို ပေးလာခြင်းမရှိသော်လည်း ခြင်နှင့် ပိုးလောက်လန်းနှိမ်နှင်းရေးလုပ် ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်သူရွာသားများ ပူးပေါင်းပါဝင်ကြသည်ဟု ဆိုသည်။

မိုးမြင့်