၀န်ကြီးချုပ်ဟောင်း ဦးမြတ်ကိုနှင့် တွေ့ဆုံခြင်း

0
701

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ်ဦးခင်ဇော် နုတ်ထွက်သွားပြီးနောက်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLDပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မိုးမိုးသူနှင့် ယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။

၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မည်သည့်အကြောင်းအရင်းကြောင့် ပြန်လည်အရွေးခံခဲ့သည်၊ ရွေးကောက်ပွဲတွင် မည်သည်တို့ကို မျှော်လင့်ထားသည်၊ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များအပေါ်တွင် မည်သို့ ရှုမြင်သည် စသည်တို့နှင့်ပတ်သက်၍ တနင်္သာရီအပတ်စဉ်က မေးမြန်းထားသည်။

တနင်္သာရီအပတ်စဉ်- လက်ရှိရွေးကောက်ပွဲ ကို အန်ကယ့်အနေနဲ့ တိုင်းဒေသကြီးအမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ပြိုင်ဖြစ်တာလဲ ဆိုတာကို အရင်ဆုံး ရှင်းပြပေးပါခင်ဗျား။

ဦးမြတ်ကို- အဓိကကတော့ ရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းအရင်းက ကိုယ့်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပိုမိုပြီးတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်လေးကို ဝင်ရောက်ပြီးတော့ ကူညီလုပ်ကိုင်ဆောင်ရွက်ချင်လို့ပါ။

တနင်္သာရီအပတ်စဉ်- ရွေးကောက်ပွဲမှာ ဘယ်လိုမျှော်လင့်ထားလဲပေါ့ခင်ဗျား။

ဦးမြတ်ကို- ရွေးကောက်ပွဲကတော့ အဓိကကတော့ ဘယ်နေရာဖြစ်ဖြစ်ပေါ့လေ။ ရွေးကောက်ပွဲမှာ အနိုင်ရလို့ရှိရင်တော့ တိုင်းဒေသကြီးအတွက် တစ်နေရာကနေပြီးတော့၊ တစ်ထောင့်တစ်နေရာက နေပြီးတော့ အထောက်အကူပြုပြီးတော့ ဒီတိုင်းဒေသကြီးအတွက် လိုအပ်တာတွေ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ အဓိကပါပဲ။

တနင်္သာရီအပတ်စဉ်- ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင်မယ်လို့ရော မျှော်မှန်းထားရှိလား။

ဦးမြတ်ကို- အဲဒါကတော့ ပြောလို့မရဘူးလေ။ အဓိကကတော့ ပထမအဆင့်ပေါ့လေ။ နိုင်အောင်အရင် ကြိုးစားရမှာပေါ့။ ပြီးတော့မှ ကျန်တဲ့အပိုင်းကတော့ သူ့ဟာသူစီမံခန့်ခွဲကြမှာပါ။

တနင်္သာရီအပတ်စဉ်- လက်ရှိမှာဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကျတော့ ပါတီကိုကြည့်ပြီး မဲပေးမယ်ပေါ့နော်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်က လူကို ကြည့်ပြီး မဲပေးမယ်ဆိုပြီး ပြောဆိုနေကြတာရှိတာ ပေါ့ခင်ဗျား။ အဲလိုမျိုး ရွေးချယ်မှု ပြောင်းလဲလာမယ့် အနေအထားအပေါ်မှာရော ဘယ်လိုမှတ်ချက် ပေးချင်လဲခင်ဗျား။

ဦးမြတ်ကို- လူတွေကလည်း အဓိကကတော့ အနီးကပ် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှုအတွက်ကို လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့လူကို အဓိကထားပြီး ရွေးချယ်ချင်တဲ့အပေါ် မူတည်ပြီးတော့ အဲဒီစကားတွေက ဖြစ်လာတာပါပဲ။

တနင်္သာရီအပတ်စဉ်- အန်ကယ်အနေနဲ့ အဓိကဝင်ပြိုင်မယ့်နေရာမှာ NLDပါတီဘက်က ဆိုရင် ဒေါ်မိုးမိုးသူပေါ့ခင်ဗျား။ ဆိုတော့ အဲလိုမျိုး ယှဉ်ပြိုင်ရမယ့်အပေါ်မှာ ဘယ်လိုယုံကြည်ထားလဲပေါ့။ နောက်တစ်ချက်က ဒေါ်မိုးမိုးသူနဲ့ပတ်သက် ပြီး ဘယ်လိုလေ့လာထားတာမျိုးရှိလဲပေါ့ခင်ဗျား။

ဦးမြတ်ကို- ပါတီရဲ့ကိုယ်စားလှယ်ရွေးတဲ့ အခါကျလို့ရှိရင်တော့ ကိုယ့်ပါတီအတွက်ကို ဘယ်လိုလုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ လူတွေကိုတော့ ပါတီကနေရွေးပြီးတော့ တာဝန်ပေးပြီးရွေးကြတာပေါ့။ အဲဒီတော့ ပါတီကတော့ အများကြီးရွေးကြမှာ ပေါ့လေ။ NLDပါတီအနေနဲ့ ဝင်ရောက်ရွေးမယ့် လူကလည်း ပါတီကနေ ယုံကြည်စိတ်ချလို့ တာဝန်ပေးထားတဲ့လူပဲ။ အဲတော့ ကျွန်တော်တို့ အနေနဲ့ကတော့ ပြိုင်ဘက်ကောင်းတစ်ယောက်လို သဘောထားပြီးတော့ မျှမျှတတ မှန်မှန်ကန်ကန်နဲ့ အဲလိုပဲ လုပ်သွားမှာပါ။

တနင်္သာရီအပတ်စဉ်- နောက်တစ်ပိုင်းကျတော့ လက်ရှိအစိုးရလက်ထက် လေးနှစ်ကျော်ကာလအတွင်းမှာပေါ့နော် ခြုံငုံပြီးတော့ သုံးသပ်မယ်ဆိုရင် ဘယ်လိုမျိုး သုံးသပ်လဲပေါ့ခင်ဗျား။

ဦးမြတ်ကို- သူကတော့ ဘယ်အစိုးရမဆိုပေါ့လေ ကိုယ်တာဝန်ယူတဲ့ကာလမှာကတော့ ကိုယ်ယူတဲ့နေရာဒေသကြီးကိုတော့ ဖွံ့ဖြိုးတိုးတက်စေချင်တာကတော့ အစိုးရတိုင်းရဲ့ရည်မှန်းချက်ပေါ့။ အဲဒီအတိုင်းပဲ သူတို့လည်း လုပ်နိုင် ကိုင်နိုင်သရွေ့ကတော့ ကြိုးစားလုပ်ကိုင်ဆောင် ရွက်သွားကြတာပေါ့လေ။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကတော့ လုပ်တဲ့အပေါ်မှာမူတည်ပြီး ဖြစ်လာတာ ဖြစ်တဲ့အတွက် ဒါကတော့ အထူးအထွေတော့ ကျွန်တော့်အနေနဲ့ပြောစရာမရှိပါဘူး။ သူကြိုးစားတဲ့အပေါ်မှာ မူတည်ပြီးတော့ အောင်မြင်ကြမှာပေါ့။

တနင်္သာရီအပတ်စဉ်- အချို့ကတော့ ပြောနေ ကြတာရှိတာပေါ့။ လက်ရှိအစိုးရရဲ့ လေးနှစ်ကျော် ကာလအတွင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး အရွေ့မရှိသလောက်ဖြစ်နေတယ်ဆိုပြီး ပြောဆိုနေကြတာလည်း ရှိတာပေါ့ခင်ဗျား။ ဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။ နောက်တစ်ချက်က အန်ကယ်အနေနဲ့ ဒီအချိန်မှာ ဒီနေရာမှာ တာဝန်ယူနေတယ်ဆိုရင် ဘယ်လိုကိုင်တွယ်မလဲပေါ့။

ဦးမြတ်ကို- အဓိကကတော့ ဒေသအတွက် စီးပွားရေးအရွေ့ဆိုတာက လူတိုင်း လူတိုင်းပေါ့လေ။ အခြေခံလူတန်းစားတွေ နေထိုင်စားသောက်လို့ရအောင် အဆင်ပြေအောင်တော့၊ အဓိကက အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရေးကိစ္စပေါ့။ အဓိက အရေးကြီးပါတယ်။ အလုပ်အကိုင် မရှိလို့ရှိရင်တော့ သူလည်း စားဖို့သောက်ဖို့ကတော့ တော်တော်ခက်ခဲမှာပေါ့လေ။ အဲတော့ အဓိကကတော့ လူတိုင်းလူတိုင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့အတွက်ကတော့ ဒါကြိုးစားလုပ်ရမှာ ပေါ့။

တနင်္သာရီအပတ်စဉ်- လက်ရှိအစိုးရလက်ထက်မှာ ကျွန်းကိစ္စအပါအဝင်ပေါ့နော်။ အချို့ကိစ္စ တွေဆိုရင် ပြည်သူတွေသိသင့်တဲ့ အချက်အလက်တွေကို သိခွင့်မပေးဘဲနဲ့ ပွင့်လင်းမြင်သာမှုအားနည်း တယ်ဆိုပြီးတော့ ပြောဆိုနေမှုအချို့ ရှိတာပေါ့ခင်ဗျား။ ဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဦးမြတ်ကို- ကျွန်တော့်အနေနဲ့တော့ သိပ်တော့ အထူးအထွေတော့ မှတ်ချက်ပေးစရာမရှိပါဘူး။ ဒီဟာက လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ကြရတယ်ဆိုတော့ သူတို့တိုင်ပင်ပြီးတော့ အစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ လုပ်တာဆိုတော့ ကျွန်တော့်အနေနဲ့ ကတော့ ပြောစရာမရှိပါဘူး။

တနင်္သာရီအပတ်စဉ်- အန်ကယ်အနေနဲ့ ဝန်ကြီးဘဝကနေပြီးတော့ အနားယူပြီးနောက်ပိုင်း ပေါ့နော် ပြည်သူကြားမှာ ပျောက်သွားတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုအချို့ရှိတာပေါ့ခင်ဗျား။ ဒီအပေါ် မှာကျတော့ရော ဘယ်လိုမျိုး တုံ့ပြန်ချင်လဲခင်ဗျား။

ဦးမြတ်ကို- ကျွန်တော်က ပျောက်တယ် ဆိုတာကတော့ ဒီမှာတာဝန်ပြီးသွားတဲ့အချိန်မှာ ဒီမှာကလုပ်ဖို့ကိုင်ဖို့လည်း သိပ်ပြီးတော့ ဝင်လုပ်ဖို့ကတော့ အနေအထားကမရှိဘူး။ ကျွန်တော့်အနေနဲ့ လောလောဆယ်ဆိုရင် ရန်ကုန်မှာ ထားဝယ် အသင်းရှိတယ်လေ။ ထားဝယ်သူ ထားဝယ်သားတွေအတွက်ကို ရန်ကုန်မှာရှိတဲ့ ထားဝယ်အသင်းမှာ နာယက တာဝန်ထမ်းဆောင်ပြီးတော့ အခုလုပ် နေပါတယ်။ နောက်ပြီးတော့ ထားဝယ်ကနေရှိတဲ့ အားကစားအသင်းပေါ့။ Golf (ဂေါ့ဖ်)အားကစား အသင်းတို့ ဘာတို့မှာလည်း နာယကအနေနဲ့ တာဝန်ထမ်းဆောင်ပြီးတော့ ထားဝယ်ဒေသရဲ့ ကိစ္စတွေပေါ့။ ဒါကျွန်တော်ဆောင်ရွက်ပေးနေပါတယ်။

အဲဒီအပြင် တစ်ဦးချင်းပေါ့ဗျာ၊ အခက်အခဲ၊ ကျန်းမာရေးကိစ္စတွေ ဘာတွေလိုအပ်လို့ရှိရင်လည်း လိုအပ်တာတွေမှာ ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။

တနင်္သာရီအပတ်စဉ်- နောက်ဆုံးမေးခွန်းအနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ဘာများဖြည့်စွက် ပြောချင်တာမျိုးရှိပါသလဲဆိုတာကို မေးချင်ပါတယ်။

ဦးမြတ်ကို- ကျွန်တော်ကတော့ ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေအတွက်ကို၊ ဖွံ့ဖြိုးတိုးတက် အောင်အတွက်ကို၊ အဲဒါတွေအတွက်ကို အားထုတ် ကြိုးစားနိုင်သလောက်ပေါ့လေ။ ကျွန်တော်လုပ် နိုင်တဲ့အချိန်ထိပေါ့။ ကျွန်တော့်အသက်အရွယ်တွေလည်း ရလာပြီးဆိုတော့ လုပ်နိုင်တဲ့အချိန်အတွင်းမှာတော့ အကောင်းဆုံးကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်ဆိုတာလေးပဲ ပြောချင်ပါတယ်။