ကမ်းနီးငါးဖမ်းလှေ သတ်မှတ်ချက်ပြင်ဆင်ပေးရန် တောင်းဆိုထားမှု အကြောင်းမထူးသေးဟုဆို

0
598

လက်ရှိသတ်မှတ်ထားသည့် ကမ်းနီးငါးဖမ်းလှေ အရွယ်အစား၊ စက်အင်ဂျင်အား စသည်တို့နှင့်ပတ်သက်သည့် သတ်မှတ်ချက်များကို ပြင်ဆင်ပေးရန် တောင်းဆိုထားခြင်းမှာ အကြောင်းမထူးသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက ပြောကြားသည်။

ငါးလုပ်ငန်းဦးစီးဌာနက ကမ်းနီးလှေကို လှေအလျားပေ ၄၀ အောက်၊ လှေစက်အင်ဂျင်ကို မြင်းကောင်ရေ ၅၀ အားအောက် သတ်မှတ်ထားချက်ကို တိုးမြှင့်ပြင်ဆင်ပေးရန် ငါးလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ကို ခေါ်ယူဆွေးနွေးပြီး တောင်းဆိုထားကြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ပင်လယ်အတွင်း ငါးသယံဇာတ ရှားပါးမှုနှင့် သဘာဝဘေးများကြောင့် ငါးလုပ်ငန်းဦးစီးဌာန၏ ကမ်းနီးလှေ စံသတ်မှတ်ချက်မှာ ဒေသရှိ မြေပြင်အနေအထားနှင့် မကိုက်ညီတော့ကြောင်း ဝန်ကြီးက ဆိုသည်။

ကမ်းနီးလှေ စံသတ်မှတ်ချက်များကို ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥပဒေအရ ပြောင်းလဲသတ်မှတ် နိုင်သည်။

စံသတ်မှတ်ချက်များကို တိုးမြှင့်ပြင်ဆင်ပေးရန် ဇူလိုင်လ ၁၇ ရက်နေ့ ကတည်းက ဆွေးနွေးတောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းမထူးသေးကြောင်း ဦးမြင့်စန်းက ဇူလိုင် လ ၂၉ ရက်နေ့တွင် ပြောသည်။

“ကမ်းကနေထွက်သွားရင် ပင်လယ်ချည်းပဲဖြစ်တော့ သယံဇာတရှားပါးမှုတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ကျွန်တော်တို့ ဒေသတွေမှာ လှေ၊ စက် အင်အားကြီးတဲ့ဟာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စံသတ်မှတ်ချက်ကို ပြောင်းလဲပေးနိုင်ရေးကိစ္စမှာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြဆွေးနွေးပြီးမှ အဖြေသိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိမြေပြင်တွင် ကမ်းနီးလှေစံ သတ်မှတ်ချက်ထက် အရွယ်လွန်နေသည့် ငါးဖမ်းလှေများက လိုင်စင်လုပ်ခွင့် မရကြသည့်အတွက် အကြောက်တရားဖြင့် လုပ်ကိုင်စားသောက်နေရကြောင်း သဘော့ဆိပ်ကျေးရွာမှ ကမ်းနီးလှေပိုင်ရှင်တစ်ဦးက ဆိုသည်။

မြေပြင်တွင်ရှိနေသည့် ကမ်းနီးလှေ များ၏ အရွယ်အစားများအရ အလျားပေ ၅၀ နှင့် မြင်းကောင်ရေ ၁၅၀ အထိ ခွင့်ပြုပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“အထိတ်တလန့်နဲ့ လုပ်စားနေရတာက အဆင်မပြေဘူး” ဟု အထက်ပါ ကမ်းနီးလှေပိုင်ရှင်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းနီးငါးဖမ်းလှေအစီးရေ ၆၅၀ဝ ကျော်ရှိကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရသည်။