ကိုဗစ်ကြောင့် ရပ်နားထားသည် ယာဉ်မောင်းလိုင်စင်အသစ်ပြုလုပ်မှု ပြန်လည်ခွင့်ပြု

0
316

ကိုဗစ်ကပ်ဘေးကြောင့် ယာယီရပ် နားထားသည့် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းကို ပြန်လည်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန) ထံမှ သိရသည်။

ယာဉ်မောင်းလိုင်စင်အသစ်လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

ကိုဗစ်ကပ်ဘေးကြောင့် ကညနရုံး လုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ထားခဲ့သည်။ ယင်းနောက် ဇွန်လ ၈ ရက်နေ့မှစပြီး ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကိုသာ ဆောင်ရွက်ခွင့်ပေးခဲ့သည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

လက်ရှိတွင် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းကိုပါ ခွင့်ပြုတော့မည် ဖြစ်သည်။

ကညနရုံးတွင် တနင်္လာနေ့၌ ဆိုင်ကယ်မောင်း (က) လိုင်စင်နှင့် အင်္ဂါနေ့ တွင် ကားမောင်း (ခ၊ ဂ၊ ဃ၊ င) လိုင်စင် လုပ်ပေးနေကြောင်း ဦးထင်ပေါ်က ဆိုသည်။

“ကျန်းမာရေးညွှန်ကြားချက်နဲ့ အညီဆောင်ရွက်ပေးသွားမယ်။ အဖျားတိုင်းတာတို့ လက်ဆေးတာတို့၊ Mask တပ်တာတို့ အကုန်ပါမယ်” ၎င်းက ပြောသည်။

ယာဉ်မောင်းလိုင်စင်အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း သင်တန်းပို့ချရာတွင် တစ်သုတ်လျှင် ၅၀ ဦးခန့်သာ လက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းကညနဌာန၏ စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး ယာဉ်အစီးရေ စုစုပေါင်း နှစ်သိန်း ခွဲခန့်ရှိသည်။

ကိုဇော်